သင့်အရေပြားပေါ်မှာလည်း ခေတ်ပြိုင်အာရုံ ကိုက်စားမှု
စာရွက်စာတမ်းတွေမရှိရင် လူတစ်ယောက်ဟာ အလေအလွင့် စာလုံးပျက်တွေပဲ
ကြိုးတမ်းပေါ်မှာ တက္ကနိ မပါ ဘာမပါနဲ့ လေဟာနယ်ကြီး
ရှုခင်းကိုမြေကြီးမှာ စို့ သပ်ထားရတယ်
ဒီနေ့ နေ့ လယ်ခင်းလေး လှပသာယာနေတာ ECF စက္ကူကြောင့်ပဲ ဖြစ်ပါတယ်ရှင်
အပြာရောင်အစက်အပြောက်လေးတွေနဲ့  အဖြူစွတ်စွတ်လိပ်ပြာလေး
အိမ်ရှေ့ ခန်းမှာ လာသေနေတယ်
ပဲ့ပဲ့ကျလာတဲ့ သံလမ်းတွေဟာ ရထားကို ကျောမပိုးနိုင်တော့ဘူး
မော့ကြည့်လိုက်စမ်း လဝန်းကြီးက အိပ်စ်ပါယာဒိတ်နဲ့ သာနေတယ်
မင်းရဲ့ တင်ပါးဆုံရိုးလေးဟာလည်း ကွန်တမ်ပိုရာရီ ကဗျာတစ်ပုဒ်ပဲ
လည်ချောင်းထဲ ကန့် လန့် ဖြတ် နင်နေတဲ့ ငါးရိုး
ငါးအဖြစ် သမုဒ္ဒရာဝမ်းထဲ ပြန်ခုန်ဆင်းသွားနိုင်တယ်
ရေတွေ ဒလဟောစီးဝင်လာတဲ့ ဒီပရက်ရှင်ချိုင့်ဝှမ်းက ရေအောက်ကျောက်ဆောင်တွေ
မိုးလေဝသဟာ နှလုံးနံရံထဲ စိမ့်ဝင်လာတယ်
စားသားဟောင်းမှ ပြန်လည်ပြုလုပ် စားသားနဲ့ ကမ္ဘာကြီး
မိုးပေါ်က ကျလာတဲ့ အမဟာ အမ ပီသတဲ့ အမပဲ
“အဲဒီ အိမ်ကလေးလှတယ်” ဆိုတဲ့ဝါကျဟာ အပြာရောင်နုနုလေး
ငန်းဖြူ ဘယ်နှသိန်းပဲ မြင်မြင် ငန်းနက်တစ်ကောင် ပေါ်လာမှာပဲ
အပြင်မှာလည်း မုန်တိုင်းဟာ မျက်နှာသေနဲ့ 
မစားတဲ့ ငါးဟာ ရေထဲငုပ်သွားတယ်
ဒါနဲ့ ခင်ဗျားဟာ သက်သတ်လွတ်သမားဆို
ဟုတ်ကဲ့ ကျွန်တော် ဆီဦးထောပတ်ပဲ စားပါတယ်
ကမ္ဘာပေါ်မှာ လူတွေဟာ ခွေးတစ်ကောင် ကိုယ်ပေါ်က မွှားတွေလိုပဲ
ရွေးစရာ အခြား မလိုတော့တဲ့ စိတ်ခင်းပေါ်မှာ သိန္န္ဋ္ဋ္ဋဋာန်ကို တင်းလိုက်တယ်
အဲဒီ သားသတ်ရုံဟာ ဂျပန်ခေတ်တုံးကတော့ ဆေးရုံပေါ့
အမေရိကန်နဲ့ အပေါင်းအပါတို့ ရဲ့ ရေနံကရေစီစစ်ပွဲနှင့် ဒီမိုယဉ်ကျေးမှု
အားပြိုင်ပွဲမှာ ဓါးစားခံ မေတ္တာရှင် ဆဒ္ဒမ်
အကြမ်းတွေမြို့တက်ပြီး ချောကုန်ပြီတဲ့ စားပွဲထိုးလေး စကားလုပ်
မြင်ယောင်မိသေး သူကလေးဟာ ခရုခွံ နှစ်ခြမ်းလို ကြည်နူးလို့ 
နှုတ်ခမ်းသားဟာ ပန်းသီးရည် စီးလို့ 
တဒုန်းဒုန်း မြည်နေတဲ့စက်ထဲ ငါတို့ ဖက်ပြီး ခုန်ချခဲ့သလား
ထမင်းစားပွဲမှာ ရဲရဲတောက် မိန့် ခွန်းနဲ့ အာလူးတွေ ကျက်သွားတယ်
“လယ်စောင့်တဲ့” ကဗျာအကြောင်း ပြောရင်း ဘာသာစကားကို ပါးပိတ်ရိုက်ပစ်လိုက်တယ်
ဆစ္စီးဖတ်စ် လောက်တော့ ကျွန်တော်တို့ လည်း ပျော်တတ်ပါတယ် ကမြူးရယ် (ဟားဟား)
နားကပ်ကြီးကြီး ပန်ချင်ပြီး နားပေါက်ကျယ် တွဲကျမှာ စိုးရိမ်ပြန်သည်
ကျွန်တော့်နာမည် “ငါဗ”၊ အဖ ဦး“ဟို”၊ အမိ ဒေါ်“ပြု”
သွေးကြောနံရံမှာ ကပ်နေတဲ့ ဂျိုး
လူတဲ့ ဆိုက္ကားပေါ်မှာ လပေါ်မှာ လည်မြိုမှာ
ငါ့အမှာ အမိန့် မရှိ ပေးအပ်တာဝန် မရှိပေမယ့် သမိုင်းတာဝန် ရှိတယ်
UN တံဆိပ် တာလပတ်တွေ မှောင်ခိုဈေးမှာ ကြိုက်သလောက်
အေးစက်စက်ပြောင်းရဲ့ သဒ္ဒါကို ငါမသိမသာ အရသာပွတ် နေတယ်
နုနယ်တဲ့ ကဗျာသမားတွေဟာ တုပ ရေးတယ်
ရင့်ကျက်တဲ့ ကဗျာသမားတွေက ခိုးချတယ်
တောင်းဆိုးပလုံးဆိုးပေမယ့် လူဆန်း ကိုလည်း မပစ်ရက်ဘူး
ကင်းကောင်ကို သတ်လိုက်တာ တိုက်လေယာဉ်တွေ မဟုတ်ဘူး သူ့ နှလုံးသား
သဇင်/ ကိုယ့်ဘဝကို တူတစ်စုံနဲ့ လဲလိုက်ပါပြီ ပုံ/ သံချောင်း
မြို့သစ်သားအချင်းချင်းပဲ သားကြီးရာ
အသွားအပြန် ကားခလေးသာရှိရင် မြို့ကြီးကို အချိန်ပိုင်း တက်သိမ်းလို့ ရတယ်
ယဉ်ကျေးမှုကို ဘိန်းလို သုံးစွဲတယ် ကဗျာကို ဘိန်းလို သုံးစွဲတယ်
ငါ့ကို ကားစင်တင်ကြ ငါ့ကို ကားပေါ်တင်ကြ ငါ့ကို ကားခပေးကြ
ဝိုင်းစုလေးဟာ ရုပ်ဖျက်ပြီး ကလပ်ထဲက ထွက်လာပေမယ့်
သူ့ ညာဘက်ဒူးက အမာရွတ်လေးကို ကွက်ကွက်ကွင်းကွင်း မြင်လိုက်တယ်
မုန်တိုင်းဆေးကြော သန့် စင်ပြီး အသစ်စက်စက် သစ်စိမ်းတစ်ပင်လို
အရေပြားတွေထဲကနေ အကိုင်းအခက်တွေ တဆတ်ဆတ် ထွက်လာနေတယ်
ငါ့ကို ဘယ်မှာစိုက်မှာလဲ
ကဗျာဆရာရဲ့ ကိုယ်ခန္စာထဲမှာ ငှက်သေတစ်ကောင် တေးသီနေတယ်
အနုပညာဆိုတာ တရားဝင် လက်ထပ် ထိမ်းမြားယူရတာ မဟုတ်
အဓမ္မ သိမ်းပိုက်ယူရတာ ဖြစ်တယ် အဂ္ဂါဒေဂါးစ် (၁၈၃၄-၁၉၁၇)
ကမ္ဘာကြီးဟာ ပြားသွားပြီး ငါတို့ မှာသာ ချိန်ကိုက်ပြီးသား အလုံးတွေ
ခေတ်ကို ဘိန်းလို သုံးစွဲတယ် ( သူ့ နာမည် “ခေတ်ကိုဘိန်း” )
စီးပွားရေးမပါတဲ့ အနမ်းနဲ့ ငါ့နှုတ်ခမ်းကို ကိုက်လှည့်ပါ
စီးပွားရေးမပါတဲ့ ဆက်စပ်ဝန်းကျင်ထဲမှာ ငါ့ကို ဖတ်ကြည့်ပါ
ဂြိုဟ်တုကနေ ငါတို့ ကို သရိုးသရီ ကြည့်နေမလား
ခေါင်းလောင်းသံ ပဲ့ပဲ့ ကို အနံ့ ဆိုးကြီးတစ်ခုလို ကြားကြားနေတယ်
အလေအလွင့် မြက်ခြောက်နဲ့  အဆိပ်အတောက် ရေတွင်းပဲ
မှတ်မိလား ရုပ်မြင်သံကြားစက်ကို မဖြစ်နိုင်ဘူးလို့ အော်ခဲ့ တဲ့ ၁၉၃၀
ဘဲကင် မဖြစ်ခင်တော့ ဂတ်ဂတ်ဂတ်ဂတ် သွားပြီး ဘပ်လတ်ဘပ်လတ် ပြောနေတာ့တာပေါ့
မိမိကိုယ်မိမိ တစ်နေ့ ကို တစ်နာရီ ဖတ်ပါ
သို့ မဟုတ် မိမိကိုယ်မိမိ သုံးပိုင်းပိုင်းပြီး တစ်ပိုင်းကို မိနစ် နှစ်ဆယ်စီဖတ်ပါ
အချက်အလက်တွေဟာ ကောင်းကင်မှာ မျောပြီး
စာသားနောက်မှာ တဖြည်းဖြည်း နီမှောင်လာတယ်
အတ္တဘော်ဒီ ပြန်ထုဖို့ လိုနေတဲ့ အတ္တ ဘောပိန်ချိုင့်ကြီး
သူခိုးလက်ထဲက ငါ့နေ့ အချို့ ကို ဈေးကြီးကြီးနဲ့ ပြန်ရတယ်
တိန့် ရှောင်ဖိန်းရဲ့ //စကားပဲ//တရုတ်စကားပဲ//ကြွက်ခုတ်ရမယ့်//အချိန်မှာ//
အဖြူလား//အမည်း//လား//မေး//မနေ//နဲ့ //ဘိုသိန်းရဲ့//ကြွက်ခုတ်ဖို့ //ပဲ//ပေါ့
အဲဒီကောင်းကင်ကြီး လွတ် မသွားအောင် ကြိုးတစ်ချောင်းနဲ့ ဒီအပင်မှာ ချည်ထားတယ်
ဗျည်းနဲ့ သရ တွဲတတ်ရုံလောက်နဲ့ ဘာသာစကားထဲ မရောက်သေးဘူး
တောင်ထိပ်မှာ ရေနံ့ ရလို့  ကြာကိုပါ စိတ်ကူးပစ်လိုက်တယ်
ဘယ်သူမဆိုရဲ့ အရေးအသားဟာ စာသားတစ်ခု မဟုတ် တစ်ခုရဲ့
အပိုင်းအစ တစ်ခု မဟုတ် တစ်ခုနဲ့  သွားသွားငြိနေပါတယ်
လူအုပ်ထဲ အတင်းမောင်းဝင်လာတဲ့  ဘက်စ်ကားနဲ့ 
ဘက်စ်ကားထဲ အတင်းမောင်းဝင်သွားတဲ့ လူအုပ်
ကြွေရုပ်ကလေးရေ၊ အချစ်ရေ၊ ဘုရားရေ၊ ဓါတ်ကြီးလေးပါးရေ
သူတို့ ရဲ့ အစိမ်းတွေဟာ နေရောင်ခြည်အပြင် ငါ့ကိုပါ ဖိုတိုဆင်သီးစစ် ပြုကြတယ်
ဥရောပဟာ အမေရိကန်ကို အကြွေးတင်သလို
သူ့ လောဘဟာ သေအထိ ကံကို အကြွေးတင်တယ်
ဆာရာယေဗို ရဲ့ သေတွင်းတွေနဲ့ လင်းနေတဲ့ ခင်ဗျားရဲ့ စာအုပ်ဆိုင်လေး
ကျွန်တော် လာလည်ချင်လိုက်တာ “ဂိုရန်” ရာ
ဤအရပ်သည် ပင်မရေစီးခေတ်ပေါ်ကဗျာ ကင်းစင်နယ်မြေ ဖြစ်ပါသည်
လိုင်းစိမ်းတစ်လိုင်းဟာ ကဗျာမှာ စီရင်ထားတဲ့ အဖွဲ့ မှာ လာတိုးကြည့်တယ်
အရေးအသားရဲ့ အစွန်းဖျားမှာ အသံမဲ့ အက္ခာရာဝက်လို
အရိုးအသားရှာမတွေ့ ဘူးလို့ လည်း အရပ်က သဲ့သဲ့ထွက်တယ်လား
ဘာသာစကား ထပ်ဖန်တလဲလဲ မက်နေတဲ့ အိပ်မက်ထဲမှာ
ငါဟာ ထက်ဖန်တလဲလဲ ကြွက်ပဲ ဖြစ်နေတယ်
ကဗျာလေးနည်းနည်းပါမှ ဗိုက်ဆာတာ ပိုမလှဘူးလား ကိုချောရေ
ကမ္ဘာကြီးဟာ ပန်းသီးကို တစ်ခြမ်းကိုက်ပြီး တစ်ခြမ်းကို စိုက်နေတယ် တဲ့
လူချောလူလှ ငါဟာ လူငယ်လူရွယ် ကမ္ဘာကြီးကို သိမ်းပိုက်မယ်
ဤအရပ်သည် အရပ်တို့ ၏ သဘောသဘာဝအရ ရပ်နေမည် မဟုတ်ပါ
ရာဇဝင်ရဲ့ အရိုးပေါ်မှာ အသားတွေ တက်လာတယ်
ပစ္စုပ္စန်ကို ပြန်မထုတ်လုပ်တဲ့ အနာဂတ်ဆီသို့  ပေါင်းသင်တတ်ပြီလား
ဘယ်ဟာ အနုပညာပန်းသီးနဲ့ ပိုတူသလဲ
သွက်သွက်ခါ ဗင်ဂိုးပန်းချီကားထဲက လယ်သမားစီး ဘွတ်ဖိနပ်နွမ်း တစ်ရံနဲ့ 
ချာဂျင်ပြည့် အင်ဒီဝါးဟိုး ရဲ့ “စိန်မှုန့် စီဖိနပ်”
ဘာသာစကားရဲ့ ဆူးချွန်တွေပေါ် ငါ ပြုတ်ကျပြီ
အသွေးအသားထဲက အရေးအသားတွေ စီးထွက်ကုန်ကြပြီ
ဤကဗျာတွင် LP လုံးဝ (လုံးဝ) မပါရှိပါ
( ဆရာဇေယျာလင်း ရဲ့ “ ကဗျာဆိုတာ ပြုလုပ်ခြင်း ” ကဗျာစာအုပ်မှ
အာရုံကျရာ ကဗျာစာသား အချို့ ကို ကုလားဖန် ထိုးထားခြင်း ဖြစ်ပါတယ်)
လင်းလက်တာရာ
5,11,2012
· ဖြစ်စဉ်တစ်ခုမှာ အဆုံးသတ်ခဲ့ပြီးနောက် ခင်ဗျား + ကျွန်တော်
တလက်လက်တောက်ပနေဆဲ လွမ်းဆွတ်မှုတစ်စုံတစ်ရာက
နှစ်ယောက်လုံးရဲ့ ရင်ဘတ်ဟောင်းလောင်းမှာ ဒဏ်ရာများစွာနဲ့
စကားဆိုခဲ့ပြီးနောက် ၊
တဖျတ်ဖျတ်လှုပ်ခတ်နေဆဲ ရင်ခုန်သံကို ကျွန်တော်ကိုယ်တိုင်
သရုပ်ခွဲကြည့်ပြီးနောက် ၊ အဖြစ်အပျက်ဆိုတာ ဖြစ်ပြီးနောက် - ပျက်ပြီးနောက်
ကျွန်တော့် အသိဥာဏ်တွေထဲ ဒဏ်ရာအိပ်မက်တစ်ချို့ မပျောက်မပျက် စတင်အမြစ်တွယ်
စခဲ့နောက် ဖြစ်ခဲ့နောက် ပျက်ခဲ့နောက် တစ်ဖန် ပြီးခဲ့နောက်
ခင်ဗျား ။
လူသိအောင်ဖွင့်ပြောရရင် ဗီလိန်ဇာတ်လမ်းတစ်ပုဒ် = ညီမျှခြင်းပဲ
တစ်ထောင့်တစ်ညပုံပြင် နည်းနည်း ( အနည်းငယ် ) [ ဆိုပါစို့ - မဆိုစလောက် ] ဆန်မယ်
လမ်းခွဲခြင်းစစ်အေးတိုက်ပွဲ မောပန်းလို့ ဟိုမှ သည်မှ ပြေးလွှားနေခြင်း
ဒီဇင်ဘာရဲ့ဆောင်းညများ ခိုက်ခိုက်တုန်လို့ ကျွန်တော့်တစ်ကိုယ်လုံး ချွေးပျံ
ရနေကျရေမွှေးနံ့တစ်ချို့ အခစားမ၀င်တော့တာ သက္ကရာဇ်တစ်ခု ကျော်လွန်သွားပြီ
အတူကြည့်ခဲ့ဖူးတဲ့ ရုပ်ရှင်တစ်ကားက ရူးသွပ်မှုတစ်ချို့ သယ်ဆောင်လို့
( မြို့မ - ရုပ်ရှင်ရုံ ) အနီးအနား ပတ်ဝန်းကျင် - 81 လမ်း အနီးတစ်ဝိုက် ပတ်ချာလည်
ဆယ်နာရီပွဲ မော်တော်ဆိုင်ကယ်စတန်းန် လျှို့ဝှက်သည်းဖို အက်ရှင် ဒရာမာ နိုင်ငံခြားရုပ်ရှင်
စွဲလမ်းခဲ့နောက် အသားကျခဲ့နောက် ခင်ဗျားကိုယ်သင်းရနံ့မှာ ပျောက်ဆုံးခဲ့နောက်
ကျွန်တော် ။
နက်စ်ပလိန်း = အညိုရောင်နှုတ်ခမ်းတစ်စုံ + ရူးသွပ်စွဲလမ်းခြင်း
ညီမျှခြင်းတစ်ချို့က အမှန်အမှားမခွဲခြားနိုင်အောင် တဖျတ်ဖျတ် အသက်ဝင်ပြောင်းလဲနေတယ်
[ ] ဟင့်အင်း အဲဒီစကားစုကို အခုထိ မေ့မရဘူး
အခုထက်ထိတိုင် မေ့မရသေးဘူး အဲဒီစကားစု [ ]
စီးမျောနေကျ အချစ်ရွာ ကဖေး၊ ကဖီးဆိုင်ခပ်ငယ်ငယ်၊ လမ်း 30 ယူနီစန် အပေါ်ထပ်အခန်းတွင်း
ရူးသွပ်မှုတစ်ချို့သယ်ဆောင်လို့ မရပ်တန့်သေးဘူး - မသိကျိုးကျွန်ပြုရင်း တွယ်ငြိဆဲစိတ်အခြေအနေ
အချစ်ရှိလား - အချစ်ရှိမယ် - ခေါ်သံကြားလား - ထွက်ခွာသွားပြီ ရထားတစ်စင်း တတူတူ
မလွမ်းဘူးလား မေးခွန်း - အလွမ်းဆိုသောအရာ ရယ်မောခြင်း အကြိမ်ကြိမ်ဖြစ်ပေါ်တယ်
ပျောက်ကွယ်မသွားဘူး မန်းလေးမြို့ မြောက်အရပ်ယွန်းယွန်း ရတနာထွက်ရာ တောင်ပေါ်မြို့
မေ့မရခဲ့နောက် လွမ်းဆွတ်ခဲ့နောက် ခင်ဗျားရဲ့အဆိုမှာ ဗလာဖြစ်ခဲ့နောက်
ခင်ဗျား + ကျွန်တော် ။
စိတ်သွားတိုင်း ကိုယ် မပါတော့ဘူး -
ဗလာကျင်းသွားပြီ မျှော်လင့်ခြင်းငွေ့ငွေ့ အရာအားလုံးပြည့်စုံနေခြင်း
( အမြဲတမ်းပြုံးနေနော် ) ( အမြဲတမ်းပြုံးနေရမယ် ) ( အမြဲတမ်းပြုံးမနေနိုင်ခြင်း )
ေ၀၀ါးဝါးအသိဥာဏ် ရင်ခုန်သံက လှိုက်ဟာမှုများစွာနှင့် ဟာနေတယ်
ကသောကမျောစီးဆင်းမှု နေ့ရက်တိုင်း အရောင်တောက်နေတယ် ကျွန်တော်
အိပ်မက်က လန့်နိုးလာခြင်း ( အထီးကျန်မိုး R&B ) သံစဉ် ရက်ပ်စာသား ခင်ဗျား
ခင်ဗျားကိုယ်တိုင်ဖြစ်စေ ၊ ကျွန်တော်ကိုယ်တိုင်ဖြစ်စေ
အဆုံးသတ်ချိန် သတိရမှု သွေးရူးသွေးတမ်းရှာဖွေနေခြင်း တစ်စုံတစ်ရာ သက်ရှိ
နောက်ဆုံးအခြေအနေ စကားတစ်ခွန်း ခပ်တိုးတိုးညည်းဆို
မျက်ရည် ။ ။
ရွှေကိုယ်နတ်(UCSM)
[ 07.11.2012 ]
( 10:54 AM )
ပါရမီမရှိစလောက်နဲ့ အတတ်ပညာချို့ငဲ့မှုတွေကြား
အသက်ကတော့ သူ့ဖါသာသူ ရှင်နေမှာပါပဲ ရေကလေးတိုက်
အမှန်တရားဆိုတာလေးဘာလေးနဲ့ အရူးဆေးကျွေးထားရုံပါပဲ
နာမည်တစ်ခုညှစ်ကြည့်ဖို့က မလွယ်ဘူး အထူးသဖြင့် ရေခမ်းကြယ်ကျွမ်း
အိတ်နွမ်းထဲက သံချေးစားစနက်တံကိုပဲ အာသာပြေ
ဆိုတော့ကာ ဘယ်သူ့ဩဇာ ငါဒကာခံရမလဲ လျက်စရာ ဘယ်သူ့ဘွတ်
ဆွဲလိုက်တဲ့ ပိုက်ထဲမှာ ရေသူမ အပျိုမှေးဆွေးနဲ့ ရေအောက်သင်္ဘောပျက်
မှတ်တမ်း အဲ့ထဲမှာ ငါ့နာမည်ဟာ ရေစားပွစိ ကြွေသွားတယ်ထင်ပေါ့
နောက်ဆုံးပေါ် ၁၀ နှစ်ဟောင်းကားနဲ့ ကမ္ဘာကြီးရဲ့ ကချေသည်တိုင်းပြည်
မထင်မှတ်ပဲ ဒီကို ငါရောက်ခဲ့တယ် မထင်မှတ်ပဲ ဆုလာဘ်ထဲမှာ ငါ့နှလုံးသား
အလန့်တကြားနဲ့ သေချာကြည့်လိုက်မှ မိတ်အင်ချိုင်းနား ရေဒီယိုစုတ်လေး
ဂျစ်ဂျစ်ဂျစ်ဂျစ်နဲ့ `အနာဂတ္တအသံ´ ပုရစ်တွေ ၀ိုင်းအုံကိုက်စားနေကြ
ဇာတ်လမ်းဖြစ်မလာဘူး ဇာတ်ညွှန်းဟာ ဒါရိုက်တာရဲ့ ကာရိုက်တာကို ဖတ်မရ
ကာဘရိုက်တာလည်းကွဲ ဂက်စကစ်တွေ ဘောစေ့တွေ ကြွေနေပြီ
ဖွတ်ချပ်တိုးတက်မှုနဲ့ ရှေ့ဘီး ၂ ဘီးစလုံးပြုတ်ထွက်တော့မယ်သားရေ
အဖေ့ကို ငွေလေးဘာလေး ဒီလမ်းပဲလိုက်တော့မယ် အာနာနဲ့ ဆားငံရေ
ဆိုကြပါစို့ မေးကြပြီ ဆိုကြပါစို့`ငါ´ရဲ့ ကာလပေါက်ဈေးနဲ့ သမိုင်းတန်ဘိုး
စာသားဟောင်းတွေ ရောင်းဝယ်ဖေါက်ကားခေတ်ပြိုင် အရေခြုံကုမ္ပဏီလိမိတက်
လေသံကတော့ ပြတ်သားပါရဲ့ ဈေးတည့်ပြီးမှ ဟိုဟာမကိုင်ရ ဒီဟာမထိရ မိန်းမလို
ဗဟိုချက်ရဲ့ ကြမ်းပြင်အောက်မှာ ဟူးဟူးဟူး လေဟာနယ်ကြီး
တစ်ချို့နှစ်တွေ လတွေဆို ကျွန်တော်/ကျွန်မ လုံးလုံး အသက်မရှင်ဘူး
နောက်ဆုံးဆိုခဲ့ရင်ပေါ့ နောက်ဆုံးတော့ (အကိုရေ) နောက်ဆုံးပျောက်ဆုံး
နေတယ် ဦးဏှောက်နဲ့ နှလုံးသားဆက်နွယ်မှု ဟန်ဒဲလ်ရဲ့ စုံညီသီအိုရီ (၁၈၆၁)
နံရံတစ်ချပ်ပဲ ခြားကြတယ် ပိုးကိုက်ပေါက်လေးတွေကနေ ဆက်သွယ်တယ်
ကြိုးစားရဦးမှာပဲပေါ့ သမုဒ္ဒရာထဲက ကျွန်းထီးထီးလေးတွေလို
ခေတ်ကြီးဟာ ငါ့ကို မနာလိုဖြစ်နေတာ ရေဆန်လမ်းပဲ နိုင်ချင်တယ် win ချင်တယ်
စကားလုံးနဲ့ စိတ်ဆက်ကြောင်းလွဲမှု ကြည်ပြာရောင်ကောင်းကင်ကြီးအလား
ဒီအချိန်မှာ ငါ့ကို အရုပ်လိုထောင်ပြီး သူတို့သားရေကွင်း ပစ်တမ်းကစားနေမလား
ငါဒီနေရာက မရွေ့တော့ဘူး ဆူးချွန်တစ်ခုမှာ ငါ့ကိုငါစိုက်ထားတယ်
ခေတ်ဆိုတာကြီးဟာ ကွင်းပြင်မှာ ကိုယ်တုံးလုံးနဲ့ အော်ဟစ်ပြေးလွှားနေတယ်
`ငါ` ဆိုတာလေးဟာ ကွင်းပြင်မှာ ခေတ်တုံးလုံးနဲ့ အော်ဟစ်ပြေးလွှားနေတယ် ။ ။
ဇေယျာလင်း
25 – Oct – 12
ကျွန်တော်တို့ဟာ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းဖြစ်သင့်တာပါ
မင်္ဂလာမရှိတဲ့ ဟဲ့ အခေါ်အပြောဆက်ဆံရေးကြား လှည့်မကြည့်နိုင်အား
ဝေါဟာရရဲ့ ဟဲ့ နွား
အဆီအနှစ်ကို စုပ်မယူဘူးလို့ ဘယ်သူမှ မပြောနိုင်ဘူး
ဖိုတိုရှော့ပ်ရဲ့ မဖွယ်မရာ ပြင်ဆင်အင်ဂျင် တောင်ပံတစ်ဖက်ပြုတ်နေတဲ့ ချိုးငှက်လေးရဲ့ တောင်ပံကို
အထူးဖြည့်စွက်ဆင်ယင်လိုက်ခြင်းဖြင့် ပျံသန်းသွားနိုင်ပြီလို့ လီဆယ်မယူဆသင့်ဘူး
အင်အားချို့တဲ့မှုနှင့် သိပ်ကြီးမားမှုကြား မှန်ကန်ခြင်းမရှိမှုဖြင့် ညီမျှခြင်းချလို့ မရဘူး
သင့်ရဲ့ ဖုံးကွယ်ထားတဲ့ အစိတ်အပိုင်းရှိခြင်းအားဖြင့် တစ်ချိန်ချိန်မှာတော့ ပေါ်မှာပါပဲ
အရောင်ရောနှောမှုနဲ့ မဖြူတဲ့ အဖြူ
နေရာအမှန်မှာကို မနေခြင်းအားဖြင့် အဖြူဖြစ်မှာလည်း မဟုတ် အမည်းဖြစ်မှာလည်း မဟုတ်
ဘာမှ ဖြစ်လာမှာလည်း မဟုတ် သွေးလဲခြင်းအားဖြင့်လည်း နွံက ကြာဖြစ်လာမှာ မဟုတ်
ကျားဟာ သိုးမဟုတ် ဓူဝံကြယ်ကို သင့်အိပ်ကပ်ထဲ ထည့်ထားပြီး မြောက်အရပ်ကို ဖျောက်ထားချင်လို့ ဖြစ်ပါ့မလား
ကျက်သရေယုတ်မှုများ ညှီနံ့များ ရှက်စရာ
မြစ်ဟာ နိမ့်ရာက အမြင့်ကို စီးဆင်းသွားပါ့မလား မတော်မတရားဖိနှိပ်လာတဲ့ ဖိစီးမှု
သွေးကြောထဲက သွေးသားများတော်လှန်
ခင်ဗျားရဲ့ နံဘေးမှာ အချိန်ပြည့်ရပ်ပြီး ခေါင်းငုံ့မထားနိုင်ခြင်းအတွက်ကတော့ ဆောရီးပဲ
မင်္ဂလာပါ မင်္ဂလာရှိကြရင်ပေါ့လေ အမင်္ဂလာက လွဲလို့ မှားနေတဲ့ အမှန်မျိုးက လွဲလို့
အားလုံးကို ကြည်ဖြူလက်ခံနိုင်တယ်
မှောင်နေတဲ့ အမှောင်ထက် အလင်းထဲက အမှောင်က ပိုကြောက်စရာ ကောင်းတယ်
ငါတို့တွေးဆသင့်တယ် သံဆူးကြိုးခြားထားရမယ့် အရာတွေ စွန့်ပစ်သင့်တဲ့ အရာတွေ
မသုံးသင့်တဲ့ အရာတွေ အဆိပ်ရည်
အလုံသွတ်သွင်းထားခံရခြင်းအားဖြင့် ခွန်အားသုံး ဖောက်ထုတ်ပစ်ရမှာလေ
အမှန်ဟာ အမှန်ပဲ ဖြစ်သင့်တယ် ငါ့လာရိုက်ခတ်နေတာတွေဟာ ငါ့မျက်ကွင်းကို ညိုလို့
ငါ့လာစားနေတဲ့ အရှိုးရာတွေ
9:35 AM 6/22/2012
စိုးမင်းအောင်
တကယ်မြတ်မြတ်မြတ်နိုး နဲ့
နုနုငယ်ငယ်
ရဲ့ အိမ်ကြီးကို လှမ်းကြည့်လိုက်တယ်။ ဖဆပလ ရဲ့ ဘဝ
တစ်ခုလုံး အဆုံးအရုံးခံပြီး နင့်ကို ချစ်ခဲ့တာပါ။ ပြည်သူ့ ဘက် က ရပ်တည်ပြီး
ယဉ်ကျေးလိမ္မာ မြန်မာယဉ်ကျေးမှု ဘောင်အတွင်းက
မီးကလေး မှိတ်ပြီးကာမှ
နင် နဲ့ ချစ်မှု အထုထု ကို အသံမထွက်ပဲ ပြုခဲ့တာပါ။
စာသားထဲက အဓိပ္ပါယ်တွေ ကို အနောက်က သေနတ်ထောက်ပြီး ပြောင်းလိုက်တယ်။
ဘောင်း
“ငါတို့မှာ ဒီမောင်နှမ တစ်ယောက်တည်း ရှိတာ၊ နင် မရှိရင် ငါ ဘယ်လိုနေရမှာလဲ”
ကိုယ့်ကိုကိုယ် မှန်ကြည့်ပြီး စကားပြောနေတော့
ဟိုကောင်မ က
dinner အတွက် အီတလီ က ပိုး မှာလိုက်တယ်၊
သိတယ်မဟုတ်လား အေ၊ ညည်းလည်း မိန်းကလေးပဲ၊
မိန်းကလေး ဆိုတာ တစ်သက်မှာ တစ်မင်္ဂလာ ပဲ ယူရမယ်၊
ဟုတ်လို့လား၊ ၀ုတ်လို့လား၊ နင့်ကို ဘယ်ဘုရား ဟော ထားတာလဲ၊
အာဏာသိမ်းပွဲ ကို လည်း
ယဉ်ကျေးလိမ္မာ မြန်မာယဉ်ကျေးမှု ဘောင်အတွင်းက
မီးကလေး မှိတ်ပြီးကာမှ
အသံမထွက်ပဲ တဥဥ ပြုခဲ့တာပါ တဲ့ ဟဟ၊
ဓါတ်ပုံရိုက် ရင် နင့် ဘောင်းဘီအိတ်ထဲလက်ထည့်လိုက်မယ် မိနွယ်
ငါ့ နဖူးကို လာလာစူးနေတဲ့
နှုတ်ခမ်းမွှေးစ တွေက ဟုတ်လို့လား၊
မျက်နှာကြော ရော တည့်လို့လား၊
နှင်းသက်ကြွေစော၊ ရောရော မသောက်ဖြစ်တဲ့
မြွေတစ်ကောင် ဘူဆီဘောင်း အမှုတ်လေ့ကျင့်ပြီး ဒေသပြောင်း
ရေခဲသေတ္တာထဲ တရားဝင် ခိုးဝင်သွားတယ်။
ဗြောင်လိမ်ပြီး ပါးပါးလေး
စီစဉ်လိုက်သမျှ ရှုဆေးဘူးထဲမှာ
တောင်တက်လမ်း ကို အထုတ်အသွင်းလေ့ကျင့်
လင်းနီညို
စစ်ဟာ ကြီးကျယ်သားနားလိုက်လေခြင်းနော် !
စိတ်အားထက်သန်လိုက်လေခြင်း
ဖြစ်ဖြစ်မြောက်မြောက်ရှိလိုက်လေခြင်းနော် !
ခမျာ နံနက်စောစောစီးစီး
အချက်ပေးဥဩသံတွေကို လှုပ်နှိုးပြီး
လူနာတင်ယာဉ်တွေကို နေရာအနှံ့
ပို့ဆောင်စေလွှတ်ပေးလို့ ၊
အလောင်းတွေကို လေထဲ လွှဲယမ်းပေးလို့ ၊
ထမ်းစင်လိပ်တွေကို ဒဏ်ရာရသူတို့ဖို့ ဖြန့်ခင်းပေးလို့ ၊
မိခင်တွေရဲ့ မျက်လုံးတွေဆီက
မိုးကို ဆင့်ခေါ်ပေးလို့ ၊
ကမ္ဘာမြေကိုတူးဆွ
အပျက်အစီးတွေအောက်က အရာများစွာကို
ဖယ်ရှားရှင်းလင်းပေးလို့ ...
အချို့တွေ အသက်မဲ့ပြီး စွတ်စိုပြိုးပြက်နေ
အခြားတွေ ဖြူရော်ပြီး တဆတ်ဆတ်လှုပ်ဆဲ ...
ခမျာ ကလေးတွေရဲ့စိတ်ထဲ
မေးခွန်းတွေအများဆုံးရိုက်သွင်းပေးလို့ ၊
မိုးကောင်းကင်ထဲ
မီးရှူးမီးပန်းတွေ ဒုံးကျည်တွေ ပစ်လွှတ်ပြီး
နတ်ဘုရားတွေကို ဖျော်ဖြေပေးလို့ ၊
လယ်မြေတွေမှာ မိုင်းတွေပျိုးချပြီး
အပေါက်တွေ ဖောင်းကြွဖုတွေ ရိတ်သိမ်းပေးလို့ ၊
မိသားစုတွေကို တိုင်းတစ်ပါးရွှေ့ဖို့ တိုက်တွန်းပေးလို့ ၊
နတ်ဆိုးကိုကျိန်ဆဲနေကြတဲ့
ဘုန်းတော်ကြီးတွေနံဘေး မတ်မတ်ရပ်လို့
( သနားစရာ့နတ်ဆိုးဟာ မီးဟုန်းဟုန်းမှာ
လက်တစ်ဖက်နဲ့ ကျန်ရစ်ရှာ ) ...
စစ်ဟာ နေ့ကောညပါ ဆက်လက်အလုပ်လုပ်လို့ ။
ခမျာ နိုင်ထက်စီးနင်းအာဏာရှင်တွေကို
မိန့်ခွန်းရှည်ကြီးတွေခြွေဖို့ လှုံ့ဆော်ပေးလို့ ၊
ဗိုလ်ချုပ်တွေကို ဆုတံဆိပ်တွေ
ကဗျာဆရာတွေကို အကြောင်းအရာတွေ ချီးမြှင့်ပေးလို့ ၊
ခြေတုလက်တုလုပ်ငန်းမှာ ပါဝင်ကူညီပေးလို့ ၊
ယင်ကောင်တွေကို အစာတွေထောက်ပံ့လို့ ၊
သမိုင်းစာအုပ်တွေမှာ စာမျက်နှာတွေတိုးပေးလို့ ၊
လူသတ်သမား နဲ့ အသတ်ခံရသူတို့ကြား
ညီမျှခြင်းချပေးလို့ ၊
ချစ်သူတွေကို စာတွေရေးဖို့ သွန်သင်ပေးလို့ ၊
အမျိုးသမီးငယ်တွေကို စောင့်ဆိုင်းမှုမှာ ကျင့်သားရစေလို့ ၊
သတင်းစာတွေမှာ ဆောင်းပါးတွေ ရုပ်ပုံတွေ ဖြည့်ပေးလို့ ၊
မိဘမဲ့လေးတွေအတွက် အိမ်အသစ်တွေဆောက်ပေးလို့ ၊
အခေါင်းလုပ်သူတွေကို ကြံ့ခိုင်ဖွံ့ဖြိုးစေလို့ ၊
ကျင်းတူးသူတွေကို ကျောပုတ်နှစ်သိမ့်ပေးလို့ ၊
ခေါင်းဆောင်ရဲ့မျက်နှာပေါ် အပြုံးတစ်ခု ခြယ်မှုန်းပေးလို့ ၊
စစ်ဟာ ပြိုင်ဘက်မရှိတဲ့အားစိုက်မှုနဲ့ အလုပ်လုပ်လို့ !
အဲဒါတောင်မှ သူ့ကို ဘယ်သူကမှ
ချီးမွမ်းတစ်ခွန်း မဟကြ ။
The War Works Hard
How magnificent the war is!
How eager
and efficient!
Early in the morning,
it wakes up the sirens
and dispatches ambulances
to various places,
swings corpses through the air,
rolls stretchers to the wounded,
summons rain
from the eyes of mothers,
digs into the earth
dislodging many things
from under the ruins . . .
Some are lifeless and glistening,
others are pale and still throbbing . . .
It produces the most questions
in the minds of children,
entertains the gods
by shooting fireworks and missiles
into the sky,
sows mines in the fields
and reaps punctures and blisters,
urges families to emigrate,
stands beside the clergymen
as they curse the devil
(poor devil, he remains
with one hand in the searing fire) . . .
The war continues working, day and night.
It inspires tyrants
to deliver long speeches,
awards medals to generals
and themes to poets.
It contributes to the industry
of artificial limbs,
provides food for flies,
adds pages to the history books,
achieves equality
between killer and killed,
teaches lovers to write letters,
accustoms young women to waiting,
fills the newspapers
with articles and pictures,
builds new houses
for the orphans,
invigorates the coffin makers,
gives grave diggers
a pat on the back
and paints a smile on the leader’s face.
The war works with unparalleled diligence!
Yet no one gives it
a word of praise.
Dunya Mikhail
( © Translation: 2005, Elizabeth Winslow )
ပိုးစုန်းကြူးမြို့မှလှိုက်လှဲစွာကြိုဆိုပါ၏
အပြည်ပြည်ဆိုင်ရာလေဆိပ် ရန်ကုန်
ဖုတ်ဖတ်ခါပြီးပြန်မျိုထားတဲ့တံတွေးနဲ့ ဒူးပြဲပေါင်ပြဲမြို့
အမြင့်ပေ သုံး / လေးဆယ်က မြန်မာ့အဝတ်အထည် / လိမ်းဆေးစစ်စစ်ကြော်ငြာဆိုင်းဘုတ်
လမ်းညွှန်ဆိုင်းဘုတ်တစ်ခုက အရေးအသား
ကမ္ဘာအေးဘုရားလမ်း / ပြည်လမ်း / သမိုင်းလမ်းဆုံ
လူသွားစင်္ကြန်ပေါ်တွင် ဈေးမရောင်းရ
တွေ့ရှိက ထိရောက်စွာအရေးယူမည်
ရှေ့ကိုက်တစ်ရာအတွင်း ကျောင်းရှိသည်
ဟွန်းမတီးရ ဟွန်းသံကင်းမဲ့ဇုံ
( ... ) မြို့နယ် ( ... ) မြို့နယ်များအတွင်း ဆိုင်ကယ်စီးခြင်းခွင့်မပြု
အနှေးယဉ်များ မိန်းလမ်းမမှ မနင်းရ
ဤလမ်းမအား အရေးကြီး / အရေးပေါ်လမ်းကြောင်းရှိ၍
နေ့တစ်ဝက်လမ်းပိတ်ထားသည် ။
အဆောက်အဦးဆောက်လုပ်ခွင့်
ပိုင်ရှင်အမည် ဦးပေါက်
ဆောက်လုပ်မည့်အဆောက်အဦး ခြောက်ထပ်တိုက်
ဆောက်လုပ်မည့်ကုမ္ပဏီ မြန်ပြီးကုမ္ပဏီ
မြို့ပြအိုးအိမ်ဦးစီးဌာန၏ ခွင့်ပြုမိန့်ဖြင့် ၂.၁၁.၂၀၁၂ ရက်နေ့တွင်စတင်ဆောက်လုပ်သည်
ဓနိ တစ်ရာ ၊ ချဉ်ဝါးသုံးဆယ် ၊ မျောတိုင်ဆယ့်ငါးလုံးနှင့်နှီး
တစ်နေကုန်မလို့ တစ်နာရီမထတဲ့ဘဝ ခြံရောင်းမည်
ဈေးအတွင်း ခန့်ညား မှုန့်မျိုးစုံအရောင်းဆိုင်တွင် အရောင်းစာရေးအလိုရှိသည်
ဘွဲ့ရပြီးသူ ဦးစားပေးမည်
မှတ်ချက် ။ ။ အခြေခံပညာအထက်တန်းအောင်ပြီး
ကျောင်းဆက်မတက်မည့်သူများလည်း လျှောက်ထားနိုင်သည်
သမုဒ္ဒရာတစ်ထွာအတွက် အဆောင်အယောင် ပစ္စည်းများ
ရပ်ကွပ်ထိပ်က ပေါက်ဖော်ကြီး အမိန့်ရအပေါင်ဆိုင်
ညနေပိုင်း နာရီကြည့်၍ ကားခလေးများပေးပါ
ဖယောင်းတိုင်နှစ်တိုင် ဆန်နို့ဆီဗူးလေးလုံးဆွဲလာတဲ့ကလေး
ကွဲလွဲခွင့်များ ဒီဇိုင်းဆန်းချုပ်တဲ့ စက်ရုံ
ဒီနေ့ည ကျွန်တော်တို့ အပိုင်းမီးလာရက်.....
မြဝတီက ဇာတ်လမ်းမကောင်းဘူး MRTV ကိုပြောင်းလိုက်
ဖယောင်းတိုင်ဆောင်ထား ယပ်တောင်ယူထား ခြင်ဆေးထွန်းထား
ဟုတ်ကဲ့...ပိုးစုန်းကြူးမြို့မှ နွေးထွေးစွာနှုတ်ခွန်းဆက်သပါ၏ ။ ။
ဟိန်းစံ ( ပဲခူး )
တိုးတိုးလေးခေါ်မိလိုက်တဲ့ ရင်ဝှက်တမ်း
မှတ်ကျောက်တင်စရာမလိုတဲ့ မှတ်ကျောက်ဟာ
ရင်ဘတ်ထဲမှာ အလျားပြည့် အနံပြည့်
ခုန်ပေါက်နေတဲ့ Lyric ကဗျာတစ်ပုဒ်
တောက်စားမိလိုက်တဲ့အချိန်ဟာ ပလုံဆိုပြီးတောင်
မမြည်တွန်မိလိုက်တာဟာ အချိအပြည့်ကြီး /အချိန်အပြည့်ကြီး
ခံတွင်းတွေ့သွားတာလား ဒဏ်ရာဟာပြင်းပြင်းရသွားတာလား
ဘာလား ညာလား ဘယ်လား ညာလား
အဲ့သည် "လား" ပေါင်းများစွာထဲမှာ ရှိတယ်
ခင်ဗျားအရသာတွေ့နေတဲ့ ပေါ်ပြူလာထဲမှာရှိတယ်
ညနေခင်းရဲ့ ပြတွင်း/ပြတင်းပါက်ထဲက ရှုမျှော်ခင်းထဲမှာရှိတယ်
မောင်မြတ်သူရဲ့ မြောင်းမြမြို့ကို ချစ်တဲ့စိတ်ထဲမှာလဲရှိတယ်
ခင်ဗျား ကဗျာကို သိတဲ့ သိမှုထဲမှာရှိတယ်..
ကိုနေမြဲ မိန်းမ ချိုပိန်းနောင်မေးသလို
(အဲ့သည်လိုပြောရင် အဆင်ပြေမလား) ဆိုသလို
လိုချင်လဲလိုမယ် ပိုချင်လဲပိုမယ်ထဲမှာလဲ ပါတယ် ဟေ့လူ
ဒါဆို မောင်ချာလီရဲ့ စပ်ကူးမတ်ကူးကာလထဲမှာရှိအုံးမယ်
လှည်းတန်း-အင်းစိန်လမ်းမပေါ်မှာ တစ်ခါတစ်လေရှိတယ်
မောင်ယုပိုင်ရဲ့ ပထမဦးဆုံး အချစ်ကဗျာမှာရှိတယ်
ကုန်ကုန်ကို လုံလုံ ပြောရရင်
ကျွန်တော်ရဲ့ G mail ထဲမှာ မောင်မြတ်သူပြောတဲ့ ဖွဘုတ်ထဲမှာ
မောင်ပြည့်မင်းရဲ့ တကယ်ဆိုဖြစ်တဲ့သီချင်း ထဲမှာ
အခန်းထောင့်က အံဝှက်ထဲမှာ တက္ကသိုလ်ဝင်တန်းအောင်စာရင်း ကြည့်ချိန် ထဲမှာ
ပင့်တင်လိုက်တဲ့ ဟောဒီ့စကားလုံးတွေထဲမှာ နုလုံးသားကိုထုခွဲ
ဂိုဏ်းမကွဲသေးတဲ့ စစ်တပ်ထဲမယ်လို အမျိုးသားအရေးထဲ
အမျိုးသမီးရေးပါ (မပါ) တဲ့ပြောသင့်လား မသိ (တသိ) ပြောမိတဲ့
ရင်ဝှက်တမ်းရဲ့အရေးသားဟာ ထင်ရှူးပင်တန်းထဲ ဖို နဲ့ မ ဟာ
စိတ်မငြိမ် လက်မငြိမ် လို့ နိမ့်ပြီးပြောလိုက်မယ်..
ကျွန်တော့် ရင်ဘတ်ထဲက နာမ်စားဟာ "ငယ်"။ ။
မင်းခိုင်မြဲ
ဘာလို့ မီးဖိုချောင်ထဲ မောင်းထည့်ချင်ရတာလဲ
ကျွန်မက ဟင်းခတ်အမွှေးအကြိုင်မို့လို့လား။
ဘာလို့ ဘောလုံးတစ်လုံးလို တည်ဝိုင်းကန်ချင်ရတာလဲ
ကျွန်မက ဘောလုံးမဟုတ်ဘူးလေ
ဘောလုံးထဲက "လေ"
လေမရှိရင် ရှင်တို့တစ်သင်းလုံး လေသွားမှာပေါ့။ မသိဘူးလား။
ကျွန်မက
ဖိနပ်မပါလည်း ဖျော်ဖြေတတ်တယ်၊
ကျောင်းသွားကြိုရဲတယ်၊
ဆားတွင်းတွေဆီ လမ်းလျှောက်နိုင်တယ်၊
မိုင်းတွင်းတွေရှိရာဆီကိုလည်းပေါ့၊
ကျွန်မအလုပ် ကျွန်မလုပ်နေတုန်း
ကျွန်မဘယ်တုန်းက ရှူးဖိနပ်နဲ့ အပစ်အပေါက်ခံရဖူးလို့လဲ။
ဟုတ်ကဲ့
ကျွန်မက ရှာကီယာလေ
တောင်အာဖရိက ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲမှာ
"၀ါကာဝါကာ" သီချင်းနဲ့ ကမ္ဘာကိုဖမ်းစားကျော်ကြားခဲ့သူပေါ့။
ဟုတ်ကဲ့
ကျွန်မက လီနာပါ
ပြင်သစ်အိုးပင်းတင်းနစ်ချန်ပီယံပြိုင်ပွဲမှာ ချန်ပီယံဆုနဲ့
အာရှဂုဏ်ဆောင်ဗိုလ်စွဲအောင်မြင်ခဲ့သူပေါ့။
ဟုတ်ကဲ့
ကျွန်မက ဆာဝါပါ
ဂျာမဏီ အမျိုးသမီးကမ္ဘာ့ဖလားပွဲမှာ
ဆုဖလားအပြင် ရွှေဖိနပ်နဲ့ပါ ထင်ရှားခဲ့သူပေါ့။
ဟုတ်ကဲ့ပါ
ကျွန်မက ယင်လက်ခ်ရှင်နာဝပ်ပါ
ငယ်ငယ်က ဘင်ခရာတီးခဲ့သလို
ခုလည်းတိုင်းပြည်ကို ကမ္ဘာ့အလယ်မှာ သာယာနာပျော်ဖွယ်ဖြစ်အောင် တီးခတ်ဖို့
စိန်ခေါ်မှုတွေနဲ့ စင်ပေါ်ရောက်ခဲ့ရသူပါ။
ဟုတ်ကဲ့
ကျွန်မနံမည်
ကျွန်မနံမည်
ကျွန်မနံမည်
ဒါနဲ့များ ရှင်က ကျွန်မကို ဘာလို့
မီးဖိုချောင်ထဲမောင်းသွင်း ကြွက်မောင်းခိုင်းချင်ရတာလဲ။
ကလစ်တစ်ချက်နှိပ်ရုံနဲ့
ကမ္ဘာကြီးက ရှင့်ရှေ့ရောက်နေပြီ၊
ရောက်လာတဲ့ ကမ္ဘာကြီးထဲကနေ
မိန်းမတစ်ယောက်က
ရှင့်ကို မိန့်ခွန်းတွေပြောနေပြီ။
ကြောက်စရာအတွေးအခေါ်ကြီး ဘေး ခဏချ
ကျွန်မကို သေနပ်တစ်လက် ဒါမှမဟုတ် နှင်းဆီတစ်ပွင့်မြန်မြန်ပေးစမ်းပါ
တစ်ကိုယ်လုံး တစ်ကမ္ဘာလုံးရွှဲသွားအောင်
ခေါင်းပေါ်တည့်တည့်က ပျော်စရာ ရွှင်စရာတွေပစ်ချပေးမလို့။
ရှင်သိထားဖို့က
အနည်းဆုံး မိန်းမတစ်ယောက်သာပါပစေ
ပျက်သွားတဲ့ကမ္ဘာကိုပြန်စလို့ရတယ်။ ။
ခရမ်းပြာထက်လူ
၂၀၁၁