ဓါတ်ပုံကြောင်by Yakov HanLynn on Friday, November 16, 2012 at 6:12pm
·သုံးမိနစ်တစ်ကြိမ် အလိုအလျောက်ရိုက်နိုင်တဲ့ ကင်မရာလေးတစ်လုံးကို

ကြောင်ရဲ့လည်ပင်းမှာ မလျော့မတင်း ဆွဲပေးလိုက်ကြတယ်

အိမ်ထဲ ခြံထဲ နဂိုနေမြဲအတိုင်းနေသူ ကြောင်နဲ့အတူ

ကင်မရာလေးဟာ တဖျတ်ဖျတ် ဓါတ်ပုံတွေရိုက်ယူတော့တယ်

ကြောင်ဟာ တဖျတ်ဖျတ် ဓါတ်ပုံတွေရိုက်တော့တယ်

ကြောင်ကို ဓါတ်ပုံရိုက်ခိုင်းလိုက်ကြတဲ့အခါမှာ

လူမရိုက်နိုင်တဲ့ဓါတ်ပုံတွေ ရိုက်ပေးလာပါတယ်

ကြောင်ကို အနုပညာခိုင်းလိုက်ကြတဲ့အခါမှာ

လူမဖန်တီးနိုင်တဲ့အနုပညာ ဖန်တီးပြပါတော့တယ်

ပြောလို့ပြောတာမဟုတ်ပါ ပြောမယ်ဆိုလည်းပြောစရာပဲ

ကြောင်ရဲ့လက်ရာတွေဟာ ထူးခြားကောင်းမွန်လွန်းလှတယ်

ဝရန်တာပေါ်ကနေ အောက်ကိုငုံ့ရိုက်ထားတဲ့ပုံတွေ

ပြတင်းပေါက်အပြင်ဘက်ကို အိမ်ထဲကနေ လှမ်းရိုက်ထားတဲ့ပုံတွေ

မိသားစုလှုပ်ရှားမှုမှန်သမျှကို လျှပ်တစ်ပြက် ဖမ်းရိုက်ထားတဲ့ပုံတွေ

ဆော်လမွန်ငါးနဲ့နွားနို့ကို မကြာခဏ အနီးကပ်ရိုက်ထားတဲ့ပုံတွေ

ပန်းပင်တွေကြားထဲကနေ နေရောင်ခြည်ကို ချိန်ရိုက်ထားတဲ့ပုံတွေ

အိမ်အဝင်တံခါးကို အပြင်ဘက်ကနေ ပင့်ရိုက်ထားတဲ့ပုံတွေ

ချောင်ကြိုချောင်ကြားကနေ စိတ်ပုပ်ခွေးကို လှမ်းရိုက်ထားတဲ့ပုံတွေ စသဖြင့်

ကြည်လင်ပြတ်သားမှုရှိတဲ့ပုံတွေဟာ အရည်အသွေးကောင်းရုံသာမကဘဲ

အတွေးအခေါ်အယူအဆပိုင်းမှာလည်း သိမ်မွေ့နက်နဲလွန်းလှတယ်

မှုန်ဝါးဝါးပုံတွေမှာပါ အလင်းတွေဟာ လှပစွာကခုန်နေပါတယ်

မပြောရင်ဘယ်သူသိနိုင်မှာလဲ ဒီပုံတွေကိုကြောင်ရိုက်ထားပါတယ်ဆိုတာ

ပြောရင်ကောဘယ်သူယုံနိုင်မှာလဲ ဒီပုံတွေကိုကြောင်ရိုက်ထားပါတယ်ဆိုတာ

အင်တာနက် လူမှုကွန်ရက်တွေပေါ်မှာ ဓါတ်ပုံဝဘ်ဆိုက်တွေပေါ်မှာ

ကြောင်ရဲ့လက်ရာတွေကို စမ်းသပ်ဖြန့်ချိလိုက်ကြတဲ့အခါ

လူတော်တော်များများ နှစ်သက်လက်ခံ အားပေးကြတာတွေ့ရတယ်

နဂိုကတည်းက ကြောင်ချစ်ကြသူတွေအတွက်တော့ အတိုင်းထက်အလွန်ပေါ့

ကြောင်ရဲ့လက်ရာတွေဟာ လူမှုကွန်ရက်တွေ တစ်ခုကနေ တစ်ခုကနေ တစ်ခု

ဝဘ်ဆိုက်တွေ တစ်ခုကနေ တစ်ခုကနေ တစ်ခု သူ့အလိုလိုပျံ့နှံ့သွားတယ်

အွန်လိုင်းမှာ ပရိသတ်အင်အား တစ်နေ့တခြား များပြားလာတယ်

"ကြောင်ရဲ့တစ်ကိုယ်တော်ဓါတ်ပုံပြပွဲ" ခြိမ့်ခြိမ့်သဲသဲ ကျင်းပပေးလိုက်ကြတယ်

ပြပွဲမှာ ကြောင်ရဲ့လက်ရာတွေကို အလုအယက် ဝယ်ယူသိမ်းဆည်းကြသလို

အွန်လိုင်းကနေတစ်ဆင့်လည်း တခဲနက် မှာယူအားပေးကြပါတယ်

တချို့လက်ရာတွေကိုကျ အခြေအနေအရ လေလံတင်ရောင်းချကြရတယ်

ရရှိလာတဲ့ရောင်းရငွေရဲ့ ရာခိုင်နှုန်းအတော်များများကို

နိုင်ငံတကာပရဟိတအသင်းအဖွဲ့များမှာ လှူဒါန်းသွားမှာဖြစ်ပါတယ်

ကြောင်ရဲ့ခွင့်ပြုချက်မရရှိဘဲ ကြောင်သခင်ရဲ့ခွင့်ပြုချက်မရရှိဘဲ

ကြောင်ရဲ့လက်ရာ တစ်စိတ်တစ်ဒေသကိုဖြစ်စေ တစ်ခုလုံးကိုဖြစ်စေ

အခကြေးငွေဖြင့် ကူးယူ ဖြန့်ချိ ရောင်းချ ပြသသူမည်သူမဆို

မည်သူမဆိုနော် မူပိုင်ခွင့်ဥပဒေအရ ထိထိရောက်ရောက် အရေးယူခံကြရမှာဖြစ်တယ်

ကြောင်က တစ်ကိုယ်တော်ဓါတ်ပုံပြပွဲလုပ်တယ် ရောင်းတယ်ဆိုတော့

ဓါတ်ပုံလောကကြီးတစ်ခုလုံး ဝရုန်းသုန်းကား လှုပ်လှုပ်ရှားရှားဖြစ်ကုန်တယ်

ဒါ ငါတို့ဓါတ်ပုံဆရာတွေကို တမင်သက်သက်စော်ကားတာပဲ

ဒါ ငါတို့အနုပညာရှင်တွေကို တမင်သက်သက်စော်ကားလိုက်တာပဲ

ရှေးရိုးစွဲအမှောင်ဖုံးတွေဟာ မျက်ကလဲဆန်ပြာ ထအော်ကုန်ကြတယ်

ကြောင်ကလည်းဓါတ်ပုံဆရာပါပဲ ကြောင်ကလည်းအနုပညာရှင်ပါပဲ

မင်းတို့အလုပ်က ပါးစပ်လေးပိတ်ပြီး လက်ရာကိုခံစားဖို့တစ်ခုတည်း

စိတ်ကောင်းရှိအမြော်အမြင်ရှိတွေဟာ စေတနာနဲ့ ဝိုင်းဝန်းရှင်းပြကြရရှာတယ်

ကြောင်ကို ထောက်ခံ အားပေး ပံ့ပိုးကြတဲ့ ပရိသတ်များအဖွဲ့နဲ့

ဆန့်ကျင် ကန့်ကွက် ရှုတ်ချကြတဲ့ ပဋိများအဖွဲ့ဆိုပြီး နှစ်ခြမ်းကွဲကုန်တယ်

အခြေအနေတွေလည်း အတော်ရှုပ်ထွေးကုန်တယ် အတော်တင်းမာကုန်တယ်

ကြောင်ဘယ်သွားသွား ကြောင်ရဲ့ကုတ်ရာကို အမှတ်တရလိုချင်ကြသူတွေများလာတယ်

တချို့ကလည်း လမ်းမှာမတွေ့လိုက်နဲ့ အရေခွံဆုတ်ပစ်မယ်ဆိုတာချည်းပဲ

ကြောင်ကတော့ ဗြုန်းစားကြီး နာမည်ကောက်ကြီးလာပါတော့တယ်

နေ့ချင်းညချင်း မထင်မရှားကြောင်ကနေ ကျော်ကြားကြောင်ဖြစ်လာပါတယ်

နေ့ချင်းညချင်း သာမန်ကြောင်ကနေ ကမ္ဘာဆန်ကြောင်ဖြစ်လာပါတော့တယ်

အွန်လိုင်းမီဒီယာပေါ်မှာ နိုင်ငံတကာစာနယ်ဇင်းစာမျက်နှာတွေပေါ်မှာသာမကဘဲ

နိုင်ငံတကာရုပ်သံချန်နယ်တွေမှာပါ ကြောင်ဟာနေရာယူလာပါတယ်

နိုင်ငံတကာသတင်းဌာနကြီးတစ်ခုနဲ့ ကြောင်နဲ့ ကြောင်သခင်တို့ရဲ့ အင်တာဗျူးကို

တစ်ကမ္ဘာလုံးက လူသန်းပေါင်းများစွာ တိုက်ရိုက်ကြည့်ရှုခဲ့ကြပါတယ်

ဓါတ်ပုံရိုက်တဲ့ကြောင် ဓါတ်ပုံဆရာကြောင် ဓါတ်ပုံကြောင်ဆိုပြီး ခေါ်ဝေါ်လာကြတယ်

ကြောင်ရဲ့လက်ရာတွေကို ကမ္ဘာကျော်တက္ကသိုလ်ကြီးတွေရဲ့ ဓါတ်ပုံဘာသာရပ်ဌာနတွေမှာ

ဘွဲ့လွန်သင်ရိုးညွှန်းတမ်းထဲ ထည့်သွင်းပြဌာန်းလိုက်ကြပါတယ်

ကြောင်ရဲ့လက်ရာတွေအကြောင်း စာတမ်းပြုစုပြီး ဒေါက်တာဘွဲ့ရယူနိုင်ကြမှာဖြစ်တယ်

ကြောင်ရဲ့လက်ရာတွေကို ခွဲခြမ်းစိတ်ဖြာ လေ့လာသုံးသပ် ရှင်းလင်းချဉ်းကပ်ကြတဲ့

ပါမောက္ခတွေ ဓါတ်ပုံပညာရှင်တွေ စိတ်ပညာရှင်တွေ စကော်လာတွေရဲ့ ဆောင်းပါးတွေဟာလည်း

နိုင်ငံတကာ ဓါတ်ပုံအလုပ်ရုံဆွေးနွေးပွဲတွေမှာ အထူးကိုးကားငြင်းခုန်စရာဖြစ်လာပါတယ်

ကြောင်ရဲ့လက်ရာတွေဟာ တချို့ဓါတ်ပုံဆရာတွေအတွက် တွန်းအားဖြစ်ပေမယ့်

တချို့ဓါတ်ပုံဆရာတွေကတော့ ကင်မရာကို တစ်သက်လုံး စွန့်လွှတ်သွားကြပါတယ်

ကမ္ဘာလှည့်ခရီးသွားတွေဟာ ကြောင်ရဲ့နိုင်ငံကို ယခင်ထက် ပိုမိုလာရောက်ကြတာနဲ့အမျှ

အာဏာပိုင်တွေက ကြောင်ရဲ့ ကျန်းမာရေးနဲ့ကြောင်မှုရေးတွေကို အလေးပေးဂရုစိုက်လာရပါတယ်

တော်ဝင်မိသားစုတွေဟာ သူတို့နန်းတော်တွေမှာလာရိုက်ဖို့ ကြောင်ကိုဖိတ်ခေါ်လာကြသလို

အလုပ်သမားတွေဟာလည်း သူတို့တန်းလျားတွေမှာ ကြောင်လာရိုက်မလား မျှော်လင့်နေကြပါတယ်

ဘာသာရေးခေါင်းဆောင်တွေဟာ သူတို့ဘုရားကျောင်းတွေမှာလာရိုက်ဖို့ ကြောင်ကိုဖိတ်ခေါ်လာကြသလို

စစ်သားတွေဟာ သူတို့စစ်မြေပြင်မှာ ကြောင်လာရိုက်မလား မျှော်လင့်နေကြပါတယ်

ကြောင် အောင်မြင်ထင်ရှား ကျော်ကြားလာတာနဲ့အမျှ ကြောင်ကိုအားကျကြတဲ့

ကိုယ်ပွားကြောင်တွေ ခိုးချကြောင်တွေ မှီငြမ်းကြောင်တွေ တုပြုကြောင်တွေ

ကော်ပီကြောင်တွေ ဝါနာဘီကြောင်တွေဟာ ဟိုမှာသည်မှာ အလျှိုလျှိုပေါ်လာပါတယ်

ဒါပေမယ့် စွန့်ဦးတီထွင်ကြောင်ကတော့ စွန့်ဦးတီထွင်ကြောင်ပါပဲ

ကမ္ဘာပေါ်ကကြောင်တွေအတွက် အနုပညာနယ်ပယ်ဆိုင်ရာ အခန်းကဏ္ဍသစ်တစ်ခုကို

တွန်းထိုးချဲ့ထွင်ပေးခဲ့တဲ့ အထူးချစ်ဖို့ကောင်းတဲ့ စွန့်ဦးတီထွင်ကြောင်ပဲဖြစ်ပါတယ်

ကြောင်ဟာ ကမ္ဘာအနှံ့ ဓါတ်ပုံတွေဆက်လက်ရိုက်ယူလျက်ရှိတဲ့အပြင်

ကမ္ဘာအနှံ့ တစ်ကိုယ်တော်ဓါတ်ပုံပြပွဲတွေ ဆက်လက်ကျင်းပလျက်ရှိတဲ့အပြင်

အောင်မြင်မှုဦးထုပ်အပေါင်းကိုလည်း ဆောင်းမြဲဆောင်းလျက်ရှိပါတယ်

ယခုလောလောဆယ်မှာ ကြောင်ဟာ နိုင်ငံကြီးတစ်နိုင်ငံရဲ့ အနုပညာပြတိုက်ကြီးတစ်ခုအတွင်း

ပြပွဲခန်းမကျယ်ကြီးတစ်ခုထဲက သူ့လက်ရာတွေရဲ့ရှေ့မှောက် မီဒီယာသမားတွေရဲ့ရှေ့မှောက်

ပရိသတ်ပေါင်းမြောက်များစွာရဲ့ရှေ့မှောက်မှာ တစ်ယောက်တည်းအေးအေးလူလူ

သူ့ခြေထောက်သူလျက်နေပါတယ် ။


မှတ်ချက်  ။    ။ တကယ့်အဖြစ်အပျက်အပေါ် အခြေခံပါတယ် ။

ဟံလင်း




Leave a Reply.

    Author

    ကျွန်တော်ကြိုက်နှစ်သက်သလို စာဖတ်သူများလည်းနှစ်သက်မယ်ထင်ရာလေးတွေကို တစ်စုတစည်းထဲဖတ်နိုင်စေဖို့ရည်ရွယ်ပါတယ်။

    Archives

    November 2012

    Categories

    All