facebook မှာ ဓါတ်ပုံတွေ့ တယ် - ရဲမြင့်သူby Ye Myint Thu on Sunday, September 23, 2012 at 1:37pm
·ငါတို့ဟာ ပွင့်လင်းမြင်သာတဲ့ အလင်းရောင်မှိန်မှိန်မဟုတ်တဲ့ နောက်လိုက်တို့ရဲ့ခေတ်။ အဆောက်အဦတွေ၊
သမိုင်းဝင် လမ်းမကြီးတွေဆီ ချီတက် ကြ၊ ချီတက်ကြ၊ တိုင်းပြည်အတွက် အသက်ကို ပေးအပ်ကြလို့
အော်ဟစ်နေတဲ့ စစ်ရေးပြ ဆိုဗီယက် စစ်သားတွေရဲ့ အရည်အသွေးတောက်တောက် ဓါတ်ပုံ။စီတန်း
အလင်းတွေဖျတ်ခနဲလင်းသွားပြီး ကြီးမြတ်သော ခေါင်းဆောင်တော်ကြီးရဲ့ ရိုဘော့နှလုံးသားဖြင့် ကရင်မလင်
ချစ်ခြင်း ကို လူထုက ခံယူဖို့ မီးပုံးပျံနဲ့ ကောင်းကင်မှာ ချိန်ဆွဲထားတဲ့ နှုတ်ခမ်းမွှေးကားကား ဧရာမပုံတွေကြီးဟာ ဆူညံတဲ့လက်ခုပ်သံတွေကြားကို နေ၀န်းကြီးပမာ ပေါ်ထွက်လာပြီ။သူတို့သံခမောက်တွေမှာရုပ်ပိုင်းဘ၀ကို
ဖုံးကွယ်ဖို့တူတံစဉ်တံဆိပ်ကလေးတွေ ဆေးမှုတ်ထားပြီးသွေးစုပ်မှုမရှိတဲ့ သက္ကရာဇ်တွေဆီရောက် အောင်
ရင်ပြင်နီပေါ်က တင့်ကားတွေဟာ တောကြီးမျက်မည်းဆီ၊ လူ့ယဉ်ကျေးမှု အမှောင်ရာစုဆီ မောင်းနှင်သွားကြပြီ။
သွားပြီ မြူမှုန်တွေဟာ အပြင်ကမ္ဘာနဲ့  အဆက်အသွယ်ပြတ်တောက်သွားရလောက်အောင် သမိုင်းကို
ပိတ်ဆို့ထား လိုက်ကြပြီ။ `ဆိုဗီယက်ယူနီယံမှာ´ဆိုတဲ့နိုင်ငံရေးဟာသတွေကို ထင်ရှားတဲ့ စကားလုံးတွေအနေနဲ့
ဆိုဗီယက်မှာဆို ဘောလုံးက သင့်ကိုကန်လိမ့်မယ်။ ဆိုဗီယက်မှာဆို တီဗီက သင့်ကိုကြည့်လိမ့်မယ်။
ဆိုဗီယက်မှာဆို ဘဏ်တွေက သင့်ကိုဓားပြတိုက်လိမ့်မယ်။ ဆိုဗီယက်မှာဆို ဗော့ဒကာက သင့်ကို
သောက်လိမ့်မယ် ဆိုတာမျိုးတွေ နောက်ပြောင်ရေးသားထားတယ်။ facebook မှာ စတာလင်ရဲ့ အဏုမြူဗုံး
ထုတ်လုပ်ရေး စီမံကိန်းကြီးမှာ ရိုက်ထားတဲ့ ထိပ် တန်းလျှို့ဝှက်ဓါတ်ပုံတွေ၊စတာလင်၊ ရုစ့်စဗက်၊ ချာချီ၊
သုံးယောက်တွဲ အဖြူ အမည်းဓါတ်ပုံတွေတင်ထားပြီး နှစ်ချက်ကလစ်လိုက်ရင် ကျုပ်တို့ ပျက်စီးဆွေး
မြည့်သည့်တိုင် ကျုပ်တို့စိုက်ခဲ့တဲ့သစ်ပင်တွေ ပျက်စီးဆွေးမြည့်မသွားစေရဘူး ဆိုတဲ့ စာတန်းနဲ့။
ဘာအတွက် ပန်းတွေပွင့်ဝေခဲ့ရပြီး ရဲရဲတောက် စာလုံးကြီးတွေ ဟာ မော်စကိုမြို့ရဲ့ တိုက်မြင့်ကြီးတွေ
ပေါ်မှာ ချိတ်ဆွဲထားခဲ့ရသလဲ။ လူပေါင်း သန်း ၅၀ ကျော် သေဆုံးခဲ့ရတဲ့ စစ်ကြီးအပြီးမှာ စိုက်ပျိုးမြေတွေ
ကတုတ်ကျင်း ဖြစ်သွား၊ ပေါင်မုန့်လှီးဓားတွေ လှံစွပ်ဖြစ်သွား၊ လေကောင်းလေသန့်တွေ ယမ်းခိုးကမ်းငွေ့ ဖြစ်သွား။
သတင်းစာတွေမရပ်သရွေ့ သမိုင်းဟာ ရပ်မသွားဘူး။ ဘ၀နဲ့ ကင်းကွာပြီး သမိုင်းကို နားလည်ဖို့အပင်အသစ်တွေ၊
ရည်မှန်းချက်အသစ်တွေ၊ မြင်းစီးသူရဲကောင်းပုံပြင်တွေဟာ အလုံပိတ်ကောင်းကင်အောက် တောအုပ်ကြီး
များအဖြစ် ရှင်သန်ပေါက်ရောက်။စုပေါင်းလယ်ယာတွေမှာဘ၀ကို ထွန်တုံး အဖြစ်၊ ရိက္ခာစီမံကိန်းကို
ထွန်စက်အဖြစ်။ သီးနှံတွေအထက်တိုးမလာဘဲ လျော့ လျော့လာပြီး ဆိုဗီယက်ပြည်သူတွေ ပေါင်မုန့်တောင်းနေပြီ။
သူတို့ကိုကိတ်မုန့် ကျွေးလိုက်ရပြီ။သမိုင်းကိုအဆုံးသတ်ပေးလိုက်ရပြီ။တင်းမာမုန်းတီးမှုရေခဲပြင်ချပ်ကြီးကျွံဝင်
ငါတို့ရဲ့ အဘိုးတွေ။ အဖေ တွေရဲ့ သမိုင်းဝင်စွမ်းဆောင်မှုတွေကို အောက်မေ့ပြီး ကျူးလွန်ခဲ့တဲ့ အမှားတွေ ကို
ဝေဖန်ဆန်းစစ်၊ ငါတို့ခေတ်သည် နီလာရောင်များဖြင့်ပြည့်စေ၊ ဥယျာဉ်မှူး တို့ ပျိုးကြဲစေ၊မိခင်တို့ ပုခက်လွှဲစေ၊
နေ့သည် နက်ရှိုင်း၍ ရှည်လျားစေ၊ နှလုံး သားသည်တိတ်ဆိတ်ခြင်းဖြင့် ပြည့်စေ၊ ပင်းပန်းနွမ်းနယ်ချိုးငှက်
လူလက်မှ စပါးစေ့ကို ကောက်ယူစေ။
Ref:
"ငါတို့ခေတ်သည် နီလာရောင်များဖြင့် ပြည့်စေ၊ ဥယျာဉ်မှူး တို့ ပျိုးကြဲစေ၊မိခင်တို့ ပုခက်လွှဲစေ၊
နေ့သည် နက်ရှိုင်း၍ ရှည်လျားစေ၊နှလုံး သားသည်တိတ်ဆိတ်ခြင်းဖြင့် ပြည့်စေ၊
ပင်းပန်းနွမ်းနယ်ချိုးငှက် လူလက်မှ စပါးစေ့ကို ကောက်ယူစေ" စာသားမှာ
 မြသန်းတင့် ဘာသာပြန်သည့် လူများ၊ သက္ကရာဇ်များ ၊ ဘဝ မှ မူရင်း စာရေးဆရာ
အီလျာ အာရင်ဘတ် ၏ ကဗျာစာသားဖြစ်ပါသည်
ရုံးကြီးကနားကြီး အလုပ်ကြီးအကိုင်ကြီး ဘ၀ကြီး လူကြီး ခြေရာကြီးby Mg Yu Py on Sunday, November 11, 2012 at 2:34pm ·အလုပ်တစ်ခုရလိုက်တယ်။ လက်ရှိဘယ်အဖွဲ့အစည်းက အစိုးရနေမှန်းမသေချာပေမယ့် ဘယ်အစိုးရနဲ့မှမဆိုင်တာသေချာတဲ့ အဖွဲ့အစည်းတစ်ခုလို့ ဆိုတာပဲ။  မင်္ဂလာဖိတ်စာထဲ သတို့သားအမည် ရိုက်နိုပ်မည်ဆိုက နံဘေးမှာကွင်းတပ်ဖေါ်ပြချင်စရာ ကောင်းသားပဲ။ ကိုယ့်ရှေ့က စီနီယာဝန်ထမ်းတွေက တနသာင်္ရီတကြော ရပ်ရွာများစွာမှာ   ရာဘာအစွပ်ဝေခဲ့တယ်၊ သားဆက်ခြားခဲ့တယ်၊ ၀မ်းပျက်ဝမ်းလျှော ဟောပြောခဲ့တယ်၊ အိပ်ခ်ျအိုင်ဗီနဲ့အေ့စ် ကုသခြင်းထက် စွမ်းသမျှကာကွယ်ခဲ့ကြတယ်။ Text တွေကို စမောလယ်တာချည်း ရွေးရိုက်ထားတဲ့ အဖွဲ့လိုဂိုလေးရဲ့ ကွန်ဆက်က နိမ့်ချသော ရိုကျိုးသော ထင်ပေါ်လိုစိတ်ကင်းသော ၀ိသေသသဘောများဆောင်တယ်လို့ သင်တန်းတုန်းက ဆိုခဲ့တယ်။ နောက်ထပ် လူနှင့်အိုင်ဒီယာအရင်းအမြစ်များ ထပ်မံဖြည့်စွက်ရန်ကြိုဆိုသည့် အပွင့်သဘောဆောင်ခြင်းကို ပြသရန် ဘောင်ကိုအပြည့်မခပ်ဘဲ ဟပေးထားတယ်လို့လည်း ဆိုခဲ့တယ်။
အဆိုပါ လိုဂိုဆိုင်းဘုတ်လေးကို ကိုယ်တို့မြို့ရဲ့ ရှေးဟောင်းဟိုတယ်အဆောက်အဦးကြီးတစ်ခုမှာတပ်ပြီး ရုံးစိုက်ထားလိုက်တယ်။ တနင်္လာမှ သောကြာ ရုံးနံရံကပ်နာရီပေါ်မှ နံနက် ၉း၀၀ မှ ညနေ ၅း၀၀ အဲဒီအဆောက်အဦးကြီးမှာ ကိုယ်က ၀င်လိုက်ထွက်လိုက် လုပ်ရတယ်။ လက်ယမ်းပွတ်လုံးတုတ်တုတ်ခိုင်ခိုင်ကြီးတွေနဲ့ ကျွန်းသစ်လှေကားအရှည်ကြီးကို တက်လိုက်ဆင်းလိုက်လုပ်ရတယ်။ ရုံးသုံးဆိုင်ကယ်ထုတ်ရတယ်။ ဆိုင်ကယ်ထုတ်ဖို့ စာရွက်တစ်ရွက်မှာ အင်္ဂလိပ်စာနဲ့အကျိုးအကြောင်းဖြည့်စွက် လက်မှတ်ထိုးရတယ်။ ဆိုင်ကယ်သော့ကို အရာရှိရုံးခန်းတိုင်ထောင့်မှ သွားဖြုပ်ရတယ်။ ဦးထုပ်ဆောင်းရတယ် မေးသိုင်းကြိုးတပ်ရတယ်။ ဂဲ့စ်ဖြည့်ရတယ်။ ဖြည့်ကြောင်း ဘောင်ချာယူခဲ့ရတယ်။ ယူခဲ့တဲ့ဘောင်ချာ ဖြည့်ခဲ့ကြောင်းနဲ့ ဘာကြောင့်ဖြည့်ခဲ့ကြောင်း အင်္ဂလိပ်စာနဲ့ပြန်တွဲရေးတင်ရတယ်။ ရုံးလကုန်ရက်၂၀ရက်နေ့ နောက်ဆုံးထားပြီး နောက်ထပ် နောက်ထပ် ကျောင်းသားဘ၀ အင်္ဂလိပ်မေးခွန်းလွှာများလို စာရွက်များပေါ် ဖြည့်စွက်ရတယ် တွက်ချက်ရတယ် လက်မှတ်ထိုးရတယ်။ ထို့နောက် အိမ်ထောင်စုလူဦးရေနဲ့ကျန်းမာရေးဌာနခွဲများရှိရာ စာရွက်ကိုကြည့်ရတယ်။ ဂျီပီအက်စ်အမှတ်နဲ့ Village code များရှိရာ ရွာစာရင်းစာရွက်ကို ကြည့်ရတယ်။ ဖြစ်နိုင်ချေရှိသော တိုက်ရိုက်ကြည့်ရှုဆေးတိုက်ကျွေးသူများ ရှာဖွေသတ်မှတ်ပြီးသားစာရွက်ကို ကြည့်ရတယ်။ ရောင်စုံဒေသအသေးစိပ်မြေပုံကို ဖြန့်ကြည့်ရတယ်။ စာရွက်လေးရွက်အပြင် ရာသီဥတု ပထ၀ီအနေအထား လမ်းပန်းဆက်သွယ်ရေးကို တပြိုင်နက် ချိန်ပြီး ညှိပြီး တဲ့အခါ မနေ့နဲ့မနက်ဖြန်ကို မေ့ဖျောက်ခဏခေါက်ပြီး အထုပ်အပိုးကို ပြင်ဆင်ရတယ်။
ဟမ်းဖုန်းကိုအားသွင်းရာကဖြုပ် ရေစိုခံအိပ်ထဲထည့်၊ ဘေးလွယ်အိပ်ငယ်ထဲ ကလက်ဂမ်းကိုထည့်၊ ဂမ်းပင်ဗူးကိုထည့်၊ ဂျီပီအက်စ်ကိုထည့်၊ မှတ်စုစာအုပ်ငယ်ထည့်၊ ဘောလ်ပင်သုံးလေးချောင်းပစ်ထည့်၊ ကျောဘိုးရောဘေးလွယ်ပါအသုံးပြုနိုင်သည့်
ဆေးတံဆိပ်ပါခရီးဆောင်အိပ်ကြီးထဲ နမူနာဆေးကဒ်တွေပစ်ထည့်၊ ဆေးတံဆိပ်ရိုက်နိုပ်ပြီးသား လက်ဆောင် ဆွဲအိတ်/လက်ကိုင်အိတ်/ဗလာစာအုပ်/ မှတ်စုစာအုပ်/ဖြတ်ပိုင်းစာအုပ်ငယ်/ ဘောလ်ပင် တွေ ဆိုင်အရေအတွက်ပေါ်မူတည်ပြီး စီညီထည့်၊ ကြော်ငြာ ဗင်နိုင်း၊ ဖော့ပြား၊ ပိုစတာနဲ့ စတေကာတွေ မိုးစိုခံပလတ်စတစ်ပိုင်းအကြီးကြီးထဲ ချပ်ချပ်ယပ်ယပ်ထည့်၊ ပြီးရင် ဆိုင်ကယ်နောက်မြီးမှာ မျှော့ကြိုး(အပြား)နဲ့တင်းတင်းချည်၊ လက်ဖျံရိုးနဲ့လက်ဖမိုးမှာ နေလောင်ခံ လိုးရှင်းလိမ်း၊ သနပ်ခါးလိမ်း၊ ဂျာကင်အစုပ်တစ်ထည်ဝတ်၊ အတွင်းမှာ ပေါ့လည်းပေါ့ပါး သပ်လည်းသပ်ရပ်သယောင်ရှိတဲ့ စပို့ရှပ်နဲ့ဂျင်းဘောင်းဘီဝတ်။ မိုးကာဂျာကင်တစ်ထည် ဆိုင်ကယ်ထိုင်ခုံအံထဲ ထည့်ထား၊ ဆင်းဒ၀စ်ခ်ျဖြစ်ဖြစ် ပန်းသီးဖြစ်ဖြစ် ကန်စွန်းဥဖြစ်ဖြစ် ကောက်ညင်းကင်ဖြစ်ဖြစ် ထည့်ထား၊
မပူနဲ့မအေးနဲ့မိုးမချုပ်နဲ့မစောနဲ့မဆာနဲ့မပြည့်အက်နဲ့၊ သွားစရာရှိရင် အခုသွား လုပ်စရာရှိတာအခုလုပ်၊ ယခင်က ခဏလေးပြင်လိုက်ရုံ ကိစ္စတွေ ပလော်ဗလင်တွေ ဇယားတွေ ကေ့စ်တွေ အရာဝတ္တုတွေကို မပတ်သက်ဖူးတဲ့နယ်ပယ်ဖြစ်ရင် မကြုံဖူးတဲ့ကိစ္စဖြစ်ရင် နည်းနည်းလေးလံနေတာဖြစ်ရင် အမြင့်မှာတင်ထားတာဖြစ်နေရင် မူလီစုပ်ပြီး ဖုံးကာထားတာဖြစ်နေရင် ကြုံမှ အားမှ နောင်မှ ပျက်အစဉ်အတိုင်း နေ့ရွေ့ညရွေ့လရွှေ့နှစ်ရွေ့ ဘ၀ရွေ့ ရွေ့ခဲ့သမျှ ယခု ချက်ချင်းသတင်းပို့ အမြန်ဆုံးဆောင်ရွက်။ ရှိသမျှကာယဗလကိုထုတ်သုံးရ၊ ပြေးရလွှားရခုန်ရပေါက်ရ၊ လက်သမားသုံး/မက္ကင်းနက်သမားသုံး/ တောင်တက်သမားသုံး ကိရိယာတန်ဆာပလာတွေ ကိုင်ဆောင်သုံးစွဲရ။  နဖူးကချွေး ခြေမ ကျရ၊ မျက်ရည် လူပုံလည်မှာ မကျရ။            
ယခင် - လွန်ခဲ့တဲ့နှစ်လလောက်ကအထိ ဖြည့်စွက်စရာ ဇယားကွက်တွေလည်းမရှိ နာခံစရာအထက်အမိန့်လည်းမရှိ လိုက်နာစရာ စီမံကိန်းနဲ့အစီအစဉ်တွေလည်းမရှိဘဲ လွတ်လပ်စွာဖြစ်တည်ပျော်ရွှင် ကျေနပ်အဓိပ္ပါယ်ရှိနေသယောင် လူငယ်တစ်ယောက်။                                                                                                                                ယခု - ကိုယ့်အတွေးအခေါ်က စာရင်းနဲ့ဇယားကွက်ထဲ ကိုယ့်မာနနဲ့ကိုယ့်ကဗျာဘ၀က ကိုယ့်စီနီယာကိုယ့်စူပါဗိုင်ဇာကိုယ့်အထက်အရာရှိများရဲ့ ဘေးဖယ်ထုတ်ခံ လွမ်းမိုးဖိစီးခံ၊ ကိုယ့်အိပ်မက် ကိုယ့်စိတ်ကူး ကိုယ့်ဆန္ဒ ကိုယ့်အမူအကျင့်တွေက သူတို့အိပ်မက်စိတ်ကူးဆန္ဒအမူအကျင့်စီမံကိန်းကို အကောင်ထည်ဖေါ်ရာမှာ ချမှတ်ထားတဲ့အစီအစဉ်အတိုင်း လိုက်ပါစီးမျှောနေတဲ့ ရုံးမနိုင်ဝန်ထမ်း လူကြီးတစ်ယောက်။                  လွတ်လပ်ပေါ့ပါးသလောက် ကျက်သရေကင်းမဲ့လာတဲ့ လိပ်ပြာကို ဆက်မွေးထားမယ့် လူငယ်ဘ၀ကို ပြန်သွားမလား၊ တင့်တယ်ယုံကြည်မှုရှိသလောက် ကြမ်းထမ်းလေးလံတဲ့ လူကြီးလူကောင်းတစ်ယောက်အဖြစ်ကရော ဆက်သွားချင်စရာကောင်းရဲ့လား။
ငွေနဲ့အမြဲအတူမနေရဘဲ နေလိုက်၊ သူမနဲ့ချိန်းတွေ့လိုက်၊ ဘာဆိုဘာမှပြန်မရတဲ့ ကဗျာလုပ်ငန်းကြီးအတွက် ဦးနှောက်အခြောက်တိုက်အခြောက်ခံအခြောက်လှန်းလိုက်၊ ခွေးအစာကျွေးလိုက်၊ သစ်ပင်ရေလောင်းလိုက်၊ ရုပ်ရှင်တွေ တစ်ကားပြီးတစ်ကားထိုင်ကြည့်လိုက်၊ အချိုရည်တွေတစ်လုံးပြီးတစ်လုံးသောက်လိုက်၊ အိပ်ယာဝင်လိုက်၊ အိပ်ယာထလိုက်နဲ့ ယခင်အဓိပ္ပါယ်ကင်းမဲ့ခဲ့တဲ့ဘ၀နေရာ(အလွတ်ကြီး)မှာ ဆိုင်ကယ်မောင်းလိုက် ဆိုင်ကယ်မောင်းလိုက် နောက်ပြီး မိုးစက်တွေမနားတမ်းစီးကျနေတဲ့ မှန်ကာဦးထုပ်ကိုဆောင်းထားရင်း ဆိုင်ကယ်မောင်းလိုက် ကန္တာရနေရောင်တွေတည့်တည့်ထိုးနေတဲ့ မှန်ကာဦးထုပ်ကိုဆောင်းထားရင်း ဆိုင်ကယ်မောင်းလိုက်နဲ့ ဆိုင်ကယ်မောင်းရင်း အဲလက်စ်ရဲ့ အံ့ဖွယ်ကမ္ဘာတံခါးပေါက်ဖြတ်လိုက်သလို တရေးနိုးလာချိန်မှာ ကိုယ်နှစ်ကာလများစွာ စွဲမြဲရှည်ကြာနေသားကျလာခဲ့တဲ့ အရပ်ဒေသမဟုတ်တဲ့ တခြားဒေသငယ် ရွာငယ် လွင်ပြင် လွင်တီးခေါင် မြေနီလမ်း ရွံ့ပြင် ဖို့မြေကျူးကျော် တောင်ကမ်းပါး တောလမ်း ရာဘာခြံလမ်း အနှစ်နှစ်ဆယ်မက ကြာသည့်တိုင် ဖေါက်ဆဲခင်းဆဲကားလမ်းမကြီး လမ်းကြိုလမ်းကြားနဲ့ အိမ်ကြိုနောက်ဖေးအိမ်လမ်းကြား စသဖြင့် ကိုယ်နဲ့မြို့တစ်မြို့ထဲမှာတင် လေယာဉ်ပျံဆိပ်မှ မြို့တော်ခမ်းမကတ္တရာလမ်းမတန်းတနံတလျားအထိ ပြုပြင်တည်ဆောက်ဖေါက်လုပ်ပြီးစီးပြီး တွေ့မြင်ခံစားနိုင်တဲ့ မြို့ပြအင်္ဂါရပ်များလို မညီဘဲ မတူဘဲ မဟုတ်ဘဲ ကမ္ဘာခြားနေတဲ့ အလွှာခြားနေတဲ့ ဘ၀ချင်းခြားနေတဲ့ မြစ်ကူးချောင်းချားနေတဲ့ နယ်ပယ်စိမ်းငယ်တစ်ခုကို ရောက်ရှိနေတာ တွေ့လိုက် မြင်လိုက် ၀မ်းနည်းလိုက် ၀မ်းသာလိုက် သတိထားလိုက် သတိလက်လွတ်သွားလိုက် ရပ်နားလိုက်ပြန်မောင်းလိုက် ကွေ့လိုက်ဝိုက်လိုက် ။
နောက်ပြီး ဆိုင်ကယ်မောင်းပြီး ကုန်စုံဆိုင်တွေ(GRS)တွေ့ရင် နားလိုက်၊ ဆေးဆိုင်တွေ(MDR)တွေ့ရင် နားလိုက်၊ သားဖွားဆရာမ(THP)နဲ့ရမ်းကု(IFP)တွေ မတွေ့တွေ့အောင် လိုက်တွေ့လိုက်၊ ငှက်ဖျားနဲ့ဆေးအကြောင်း အလွတ်ရွတ်ပြလိုက်၊  သူတို့တတွေရဲ့ စိမ်းကားသံသယအကြည့်ကို ဒေသအသံတုံးတုံး ဟန်ဆောင်ခြင်းကင်းတဲ့ ဒေသစရိုက်မျိုးဟန်ဆောင်ပြီး ဖျောက်ဖျက်ရောနှောကူးလူးဆက်သွယ်လိုက်၊ ပိုစတာနဲ့ဗင်နိုင်းတွေ ဂမ်းနဲ့ပစ်ချိပ်လိုက်၊ ဂျီပီအက်စ်လေးထောက်လိုက်၊ မှတ်စုစာအုပ်လေးထဲထည့်မှတ်လိုက်၊ မှတ်စုစာအုပ်ထဲမှတ်လာတာကို စာရွက်စာရင်းပေါ်ဖြည့်လိုက်၊ စာရွက်ပေါ်က စာရင်းကို ကွန်ပြူတာစာရင်းထဲ ရိုက်ထည့်လိုက်၊ နောက်တစ်နေ့အတွက် အစီအစဉ်ဆွဲလိုက်၊ အထုပ်အပိုးပြင်လိုက်၊ ဆိုင်ကယ်မောင်းလိုက် နောက်ပြီး ဆိုင်ကယ်မောင်းရင်း နံဘေးကဖြတ်မောင်းသွားတဲ့ ထရပ်ကားကြီးအောက် ရောက်မသွားအောင် ထိန်းလိုက် တံတားကျိုးထဲ ထိုးဆင်းမသွားအောင် ထိန်းလိုက် ကမ်းပါးနံဘေးချောက်ထဲ ဆင်းမသွားအောင်ထိန်းလိုက် ဗွက်ထဲနစ်မသွားအောင် ထိန်းလိုက် ကဗျာနိမိတ်ပုံကဗျာသင်္ကေတများနဲ့တူဟန်ရှိတဲ့ ဖြစ်ရပ်မှန်တကယ့်ဘ၀ကြီးကို လက်ကိုင်ကိုမြဲမြံအောင်ထိန်းမောင်းရင်း ဖြတ်သန်းနေပုံမှာ မွန်မြတ်လှပ ပရဟိတကုသိုလ်ရလို့လား ငါ့ဝမ်းဝလို့လား ငါ့ဝမ်းပူဆာလို့လား တခြားဝန်ထမ်းအလုပ်ဟူသမျှထက် ဂုဏ်ရှိစွမို့လား စသဖြင့် ကိုယ့်ရှေ့ကခရီးလမ်းဟာ တောင်မှန်းမြောက်မှန်း မသိလောက်အောင် တဖြည်းဖြည်းေ၀၀ါးပျောက်ဆုံးလာနေတဲ့ကြားက ယခင်က ဘ၀နဲ့မတူ ယခု ‘အဓိပ္ပါယ်ရှိသောလူ’ ‘အဓိပ္ပါယ်ရှိသောဘ၀’ကို ရရှိနေပြီဟု အဖေတို့အမေတို့အစ်ကိုတို့ညီမတို့ဦးတို့အဒေါ်တို့အဖွားလေးတို့သူငယ်ချင်းတို့ ပတ်ဝန်းကျင်တို့ရပ်ကွက်သူရပ်ကွက်သားတို့ ကိုယ့်အထက်အောက်ဖိစီးလူမှုအလေ့အကျင့်စံနှုန်းသတ်မှတ်ချက်ပေးတဲ့ ခုနစ်ရက်သားသမီးအပေါင်းတို့ နောက်ဆုံး ကိုယ့်ရဲ့နောက်ဆုံးသတို့သမီးလောင်းတို့ ယုံကြည်ထင်မှတ်လေးစားကျေနပ်ကြပြီလား။   ။
မောင်ယုပိုင်
2012 nov
သနားကြပါခင်ဗျာ သနားကြပါခင်ဗျာ
ပိုက်ဆံလေးနည်းနည်းလောက် စွန့်ကျဲကြပါခင်ဗျာ
လမ်းတကာလှည့်အော်ရင်း သူတောင်းစားဟာ တောင်းခံနေတယ်။
အစ်ကိုကြီးအစ်မကြီးတို့ရေ ထမင်းကျန်ဟင်းကျန်လေးများရှိရင် စွန့်ကျဲကြပါ
ကလေးသူတောင်းစားတွေ တောင်းခံနေတယ်။
ကျွန်တော်ဟာ အိမ်ခြေမဲ့ပါ နေစရာနဲ့စားစရာ
ကူညီပေးပါ(စာပြားကို လည်မှာချိပ်)
အိမ်ခြေမဲ့တွေ တောင်းခံနေတယ်။
အမိနဲ့အဘကို ပေးပါ၊ ညီအစ်ကိုမောင်နှမတွေကို ပေးပါ၊
ပြီးတော့ အိမ်ကိုပေးပါ
မိဘမဲ့ဂေဟာက ကလေးတွေ တောင်းခံနေတယ်။
ဘီးတပ်ကုလားထိုင်ကိုပေးပါ၊ ထွေးခံကိုပေးပါ၊ စိပ်ပုတီးကိုပေးပါ၊
ပြီးတော့ 'အိမ်'ကို ပြန်ပေးပါ
လူအိုရုံက အဖိုးကြီးအဖွားကြီးတွေ တောင်းခံနေတယ်။
စာသင်ကျောင်းရယ်၊ သူငယ်ချင်းတွေရယ်၊
ကစားကွင်းရယ် ပေးပါ
လမ်းပေါ်က ကလေးတွေ တောင်းခံနေတယ်။
မှန်ကန်တဲ့ပညာရေးရယ်၊ ကောင်းမွန်တဲ့ ဆရာဆရာမတွေရယ်၊
စိတ်ချရတဲ့ ကစားစရာနဲ့ စားစရာရယ် ပေးပါ
စာသင်ကျောင်းထဲက ကလေးတွေ တောင်းခံနေတယ်။
အိမ်ရယ် ခြံရယ် မြေရယ် အလုပ်အကိုင်ကောင်းတစ်ခုရယ်
ဇနီးမိန်းမရယ် သားသမီးရယ် ပေးပါ
ကျန်းမာသန်စွမ်းတဲ့ အရွယ်ကောင်းအမျိုးသားကြီးတွေ တောင်းခံနေတယ်။
ဝင်ငွေလခရယ်၊ ဈေးဝယ်ထွက်ခြင်းရယ်၊ ဘုရားဖူးထွက်ခြင်းရယ်၊
မီးဖိုချောင်ရယ်၊ ရင်သွေးရယ်၊ သစ္စာရှိမှုရယ် ပေးပါ
အိမ်ထောင်ရှင်အမျိုးသမီးတွေ (သူတို့ လင်ယောက်ျားထံ) တောင်းခံနေတယ်။
ကျွန်တော့် ကျန်းမာရေးကိုပြန်ပေးပါ၊ ကျွန်တော့် ခန္ဓာကိုယ်အစိတ်အပိုင်းတွေကြို
ပန်ပေးပါ၊
ကျွန်တော့်အသက်ကို ပြန်ပေးပါ
ဆေးရုံပေါ်က လူနာတွေ တောင်းခံနေတယ်။
ကိုယ့်ကို မင့်အသည်းပေးပါ
တစ်စုံတစ်ယောက်က တစ်စုံတစ်ယောက်ထံ တောင်းခံနေတယ်။
သူတို့ရဲ့ ကြမ္မာ သူတို့ရဲ့ ဇီဝနဲ့ သူတို့ရဲ့ ဆန္ဒကို နားလည်လက်ခံအသိမှတ်ပြုပေးပါရှင်
/ခင်ဗျာ
ဂေးနဲ့လစ်စဘီယံတွေက တောင်းခံနေတယ်။
ဗိုင်ရာဂရာပေးပါ၊ ကွန်ဒုံးပေးပါ၊ ဆောင်ကြာမြိုင်ပေးပါ၊ ဘိပေးပါ၊ နိုက်ကလပ်ပေးပါ၊ အနှိပ်ခန်းပေးပါ၊ ကေတီဗွီပေးပါ၊ ရက်စတောပေးပါ၊
အပြာကားပေးပါ၊ ရေလာမြောင်းပေးပါ
အိမ်ထောင်မဲ့ လူကြီးတွေ တောင်းခံနေတယ်။
အပေါင်းအသင်းပေးပါ၊ လက်ဖက်ရည်ဆိုင်ပေးပါ၊ အင်တာနက်ပေးပါ၊ ဆိုရှယ်နက်ဝတွေ ပေးပါ၊
ဖုန်းပေးပါ၊ ဂိမ်းပေးပါ၊ ဆေးလိပ်ပေးပါ၊ ဘီယာအရက်ပေးပါ၊ မူးယစ်ဆေးဝါးပေးပါ၊
လောင်းကစားပေးပါ၊ လိင်စိတ်ဖြေစရာပေးပါ ၊ ပါတီပေးပါ၊ ရှိုးပွဲပေးပါ၊ ရန်ပွဲပေးပါ၊ သေနတ်ပေးပါ
အလုပ်လက်မဲ့ လူငယ်တွေ တောင်းခံနေတယ်။
ကျွန်တော့်ကို အလုပ်အကိုင်တစ်ခုခုပေးပါ
ဘွဲ့ရပြီး သင်တန်းပြီးဆုံးပြီးတဲ့
လူငယ်တွေ တောင်းခံနေတယ်။
လုံလောက်တဲ့လစာ၊ ထိုက်တန်တဲ့ လုပ်အားခ၊ ရသင့်တဲ့ အခွင့်အရေးနဲ့ လုပ်ငန်းခွင်လုံခြုံစိတ်ချရမှု ပေးပါ
ဝန်ထမ်းနဲ့ အလုပ်သမားတွေ တောင်းခံနေတယ်။
ပိုကောင်းတဲ့ အလုပ်လမ်းကြောင်း၊ ပိုကောင်းတဲ့လုပ်ပိုင်ခွင့်၊ ပိုကောင်းတဲ့ခံစားခွင့်ကို ပေးပါ
အလုပ်ရှင်၊ ငွေရှင်၊ ဓနရှင်တွေ တောင်းခံနေတယ်။
အကောက်အခွန်ရယ်၊ လက်ဖက်ရည်ဖိုးရယ်၊ ကန်တော့ခံပစ္စည်းရယ်၊ လက်ဆောင်ပဏ္ဍာရယ်၊
ခပ်ရှင်းရှင်းပဲ လက်ငင်းငွေသားအထပ်လိုက်ရယ်၊ တိုင်းပြည်သယံဇာတတွေရယ် ပေးပါ
အာဏာသိမ်း/အာဏာရ/အာဏာရှင် အဖွဲ့တွေ တောင်းခံနေတယ်။
အစိုးရသစ်ရယ်၊ ယုံကြည်စိတ်ချရမှုရယ်၊ အတိတ်ကမကောင်းမှုမှန်သမျှ ဥပက္ခာပြု သည်းခံခွင့်လွတ်ခြင်းတရားရယ်၊
အခြေအနေမပျက် ရှောင်ပုန်းစရာတစ်နေရာရယ် ပေးပါ
အငြိမ်းစားအာဏာရှင်အဖွဲ့တွေ တောင်းခံနေတယ်။
လွတ်လပ်မှု၊ တရားမျှတမှုနဲ့ ငြိမ်းချမ်းမှု ပေးပါ
နိုင်ငံတကာက တောင်းခံနေတယ်။
သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ်ပေးပါ
လူသားတချို့က လူအများစုထံကနေ တောင်းခံနေတယ်။
တိရစ္ဆာန်တွေကို
စမ်းသပ်မှု၊ နှိပ်စက်ညှင်းပန်းမှုနဲ့သတ်ဖြတ်
မှုမှ ကာကွယ်တားဆီးပေးပါ
လူသားတချို့က လူအများစုထံကနေ တောင်းခံနေတယ်။
အစာရေစာ၊ နေစရာ၊ ပြန်လည်ထူထောင်ရေးနဲ့ ပျောက်ဆုံးနေတဲ့ မိသားစုဝင်တွေကို ပေးပါ
ကပ်ဘေးဆိုက်ဒုက္ခသည်တွေ တောင်းခံနေတယ်။
သစ်ပင်ပန်းမန် တိရိစ္ဆာန်၊ ရေမြေတောတောင်နဲ့ မိုးကောင်းကင်ကို စောင့်ရှောက်ကာကွယ်ပေးပါ
ကမ္ဘာကြီးက တောင်းခံနေတယ်။
အရှင် အကျွန်ုပ်ဘဝကို လမ်းပြကူညီပါ
ဘုရားကျောင်းအမျိုးမျိုးထဲက လူအမျိုးမျိုး ဘုရားအမျိုးမျိုးထံမှာ တောင်းခံနေတယ်။
တောင်းခံနေတယ် …တောင်းခံနေတယ်..
တောင်းခံနေတယ် …တောင်းခံနေတယ်
တောင်းခံနေတယ် …တောင်းခံနေတယ်
လူသားတွေဟာ ဘဝထံမှ ပြည့်စုံချမ်းသာမှုကို တောင်းခံနေတယ်။
ဘဝတွေဟာ လောကထံမှ အဓိပ္ပါယ်ကို တောင်းခံနေတယ်။
အားလုံးရဲ့ကိုယ်စား
ကျွန်တော်က တောင်းခံပါတယ်
သနားကြပါခင်ဗျာ သနားကြပါခင်ဗျာ။ ။
မောင်ယုပိုင်
Baggers’ Poem
Mg Yu Py
“Please! Be mercy, be mercy
Spare some money please, I’m starving,”
Wandering baggers in the streets cry out eats
“Give the leftover away, Bros and Sis,”
Child baggers beseech and grieve
“Nowhere to live and nothing to eat
Kindly help me, I’m hungry,”(Hang the leaflets on their necks)
The homeless beg urgently
“Give us parents, sibs and homes,”
Children at the orphanages groan
“Give us wheelchairs, spittoons and rosaries
Then give us back our homes,”
The aged from rest homes moan
“Give us schools, friends and playhouse,”
Straying children on the streets grouch
“Give us advance studies, tolerant teachers,
trustworthy toys and functional food,”
Students at school shout to boost
“Give us estates, homes, families, and good capacities,”
Healthy dudes grumble sadly
“Give us incomes, salaries, pilgrimages, shopping, kitchens, babies and fidelity,”
Worried house wives urge (their husbands) solemnly
“Give us back our health, limbs and souls,”
Patients in hospitals moan their goal
“Give me your heart my sweetie,”
Someone cajole somebody charmingly
“Accept our abnormal genetic, Karma and desire,”
Gays and Lesbians entreat forever
“Give us Viagra, condoms, brothels
Bordellos, night clubs, massage parlors, K T Vs and restaurants
Pornographies and lures,”
The unmarried hanky-panky demand so far
“Give us mates, teashops, clear internet cafes, face book, phones, games, cigarettes, beer, liqueur, drugs, casinos, sexual pleasure, shows, fights, guns, and parties”
The jobless bark chaotically
“Give us a job for our entity,”
Candidates and degree holders holler for their destiny
“Give us adequate payments, deserved salaries, reasonable bonus, and safety factors at work”
Staff and workers of all types ferociously bawl out
“Give us better route, more chance and high profit,”
Greedily demand the capitalists
“Give us more text, bribes, devotional gifts, natural resources, treasure, and frankly bundle of money,”
Authorities and governments confide shamelessly
“Give us new government, safety, forgiveness and disregard for the sin committed in the past, a harmless place to hide,”
Retired autocrats abandon conceit and pride
“Give us liberty, justice and peace,”
The international community hail the world needs healing
“Give the natural environment safety and protection,”
The minority canvass the majority for constitution
“Give the animals protection, free from lab test and brutal hunt down,”
The minority request the majority for compassion
“Give us food, accommodation, rehabilitation, and missing family members,”
Beseech the victims of all devastating disasters
“Give flowers and trees, animals and all living creatures, the sky and seas, forests and mountains perfect protection properly,”
The earth warn the humanity
“Give us the way my lord,”
Diverse disciples in the diverse temples and cathedrals beg the diverse gods
Ask and beg,
Beseech and entreat,
Request and confess,
Human search perfection from life
Life demand meaning from the existence
On behalf of all,
I beg solemnly
“Please, be mercy, be mercy ……………………….”
Translated by U Than Aye
ကွင်းစကွင်းပိတ်by Lunnset Noemyat on Saturday, November 10, 2012 at 3:13pm ·
သူ့ချည်းပဲဆို အလွယ်တကူရိုးအီနေတော့မှာပေါ့
ဆိုလိုတာက ရိုးနေတဲ့ အအီတွေ ဆိုလိုတာက လိုအပ်နေတဲ့ အဆိုပြုချက်တွေ
ပြုပြင်ထားတဲ့ အချက်အလက်တွေနဲ့တင် မလုံလောက်တော့ပါဘူး။
မလုံမခြုံနေနေရတဲ့ ပိုးလောက်လန်းသေးသေးလေးတွေလို ဘ၀/ဝေါဟာရ
ခန္ဓာကိုယ်ထဲ တဝေါဝေါချို့ငဲ့လာနေတဲ့ ဘ၀/အဟာရ
အဓိပ္ပါယ်တွေ ရွေ့လျှောပြောင်းလဲရာ ကမ္ဘာ
တ၀ုန်းဝုန်းလဲပြိုနေကြ အဓိပ်နဲ့ အပါယ်
ရှေ့က တဝေါဝေါနဲ့ မတင်းတိမ်လို့
နောက်ထပ် တ၀ုန်းဝုန်းကို ယူငင်သုံးစွဲမိ
ဒါကိုမှ ဥာဏ်တိမ်တယ်လို့ အတင်းပြောချင်ရင်လည်းပြော
အတင်းမပြောချင်လို့ ဖြည်းဖြည်းပဲ ပြောမယ်ဆိုလည်း ရတယ်
အဓိပ္ပါယ်တွေကတော့ တရွေ့ရွေ့နဲ့ လျှောကျလာ
တရွေ့ရွေ့ အဓိပ် လျှောကျလာ အပါယ်
ဒီမှာတစ်ခါ
တဝေါဝေါ တ၀ုန်းဝုန်းအပြင်
တရွေ့ရွေ့ကို ထပ်မံရရှိလာ
ထပ်တလဲလဲကျင့်သုံးနေကြတဲ့ အစီအမံအကြံအစည်
ရီသာ ရီနေပေမယ့် နာနေတဲ့ကောင် နာရီ
နည်းနည်းပါးပါးတော့ ပညာရတာပေါ့ နည်းပညာ
မေးခွန်း။သင့်မှာ ပရလောက အတွေ့အကြုံဘယ်လောက်ရှိလဲ တွေ့မယုံ ကြုံမှသိ
အဖြေ။ကျွန်တော်က ပရလောကထက် ပရဆေးကိုပိုသိသူပါ
အလွယ်ပြောရင် အရာရာသိထားပြီးသား အပိုကိစ္စတွေပေါ့
အကွယ်ကနေ အဓိပ္ပါယ်တွေဟာ အမြဲချောင်းမြေင်းလို့
မြောင်းတွေပေါတဲ့ အပါယ်
ချောင်းတွေပေါတဲ့ အဓိပ်
တစ်ညလုံး ချောင်းတွေ တဟွတ်ဟွတ်ဆိုး
ဆိုတော့ တဝေါဝေါ တ၀ုန်းဝုန်း တရွေ့ရွေ့အပြင်
တဟွတ်ဟွတ်က ထပ်တိုးလာ
အကယ်၍ အထပ်ထပ်တိုးပွားလာနေတဲ့
ဗိုင်းရပ်စ်တွေကို မသတ်ဖြတ်နိုင်ရင်
အဓိကဇာတ်ဆောင်နဲ့အတူ အားလုံး သေဆုံးသွားကြမှာပဲ
အဆုံးတိုင် သေကြမှာပဲ
သေစေလိုတဲ့ စိတ်နဲ့ ခရစ်တော်ကို လက်ဝါးကပ်တိုင်မှာ စီရင်တော့
ခရစ်တော်ကို မလိုလားသူတချို့က
လက်ခုပ်လက်ဝါးတွေ တဖြောင်းဖြောင်းတီးကြ
ခုဆိုရင် တဝေါဝေါ တ၀ုန်းဝုန်း
တရွေ့ရွေ့ တဟွတ်ဟွတ်ပြီးတော့
တဖြောင်းဖြောင်းရောက်လာတယ်
အဓိပ္ပါယ်တွေက အဆက်အစပ်မဲ့ကာ ပြတ်တောက်
အမြီးပြတ်နေတဲ့ တောက်တဲ့လို အမြီးပြတ်နေတဲ့ အဓိပ္ပါယ်တွေ
အဆိပ်အတောက်မကင်းတဲ့ ဓာတ်မတည့်/တဲ့သော အဓိပ္ပါယ်တွေ
ကွင်းစ အဓိပ်တွေ (                                                          ) ကွင်းပိတ် အပါယ်တွေ
ကွင်းစနဲ့ ကွင်းပိတ်ကြားမှာ ဘာမှ ရေးမထားဘူး။        ။
လွန်းဆက်နိုးမြတ်
(မထင်ရှော့(ခ်)ကဗျာစာအုပ်တွင် စာပေစိစစ်ရေးမှ ဖြုတ်ပယ်ခဲ့သည့် ကဗျာ)
တကယ်မရှိတဲ့ အရာ ကို ဖွင့်ကြည့်လိုက်တဲ့အခါ - မင်းနဒီခby Min Nadi Kha on Saturday, November 10, 2012 at 3:52pm ·တကယ်မရှိတဲ့ အရာ ကို ဖွင့်ကြည့်လိုက်တဲ့အခါ
စာအုပ်အမည်                       တကယ်မရှိတဲ့အရာ ( ခေတ်ပေါ်ကဗျာ)                 
ရေးသူ                                နေမျိုး
ထုတ်ဝေသည့် ကာလ             ၂၀၁၂ ၊ စက်တင်ဘာ
ထုတ်ဝေသည့် တိုက်              ထန်းရွက်ပုတီး
          ` ကဗျာကို ဘယ်လိုရေးသွားမလဲလို့ လေးလေးနက်နက် စဉ်းစားခန်း ၀င်ခဲ့တယ်။  အချိန်ယူစဉ်းစားခဲ့တယ်။ ကိုယ်သွားရမယ့်လမ်းကြောင်းကို ပုံဖော်ကြည့်ခဲ့တယ်။ ဘ၀ကို ပိုကောင်းအောင်ပြုလုပ်နိုင်တဲ့အရာတွေထဲမှာ ကဗျာလည်း ပါတယ်လို့ ကျွန်တော်ဖြင့်ယုံကြည်ပါတယ်´
            အထက်ပါစကားလုံးတွေဟာ ဆရာ နေမျိုးရဲ့ တကယ်မရှိတဲ့အရာ ခေတ်ပေါ်ကဗျာ စာအုပ်အမှာထဲက ကောက်နှုတ်ထားတဲ့ စကားလုံးများပါပဲ။ ၁၉၉၀ ၀န်းကျင်လောက်ကစပြီး ယနေ့အချိန်အထိ ခေတ်ပေါ်ကဗျာတွေ တစိုက် မတ်မတ် ရေးသားခဲ့တဲ့ ဆရာနေမျိုးရဲ့ အမှာဟာ ဒီကနေ့ ခေတ်ပေါ်/ ခေတ်ပြိုင်ကဗျာတွေနဲ့ မတူခြားနားတဲ့ ကဗျာသစ် တစ်ခုခုကို ရှာဖွေနေသလို ထင်ရပြီး ကဗျာနဲ့ ကဗျာဖတ်သူအပေါ်မှာ ထားတဲ့ ဆရာ့ရဲ့စေတနာကိုလည်း တွေ့ခွင့်ရလိုက် ပါတယ်။  
ဆရာနေမျိုးရဲ့ ကဗျာအပေါ်အမြင်နဲ့ ပတ်သက်ပြီး အင်တာဗျူးတစ်ခုမှာ ဆရာနေမျိုး ဖြေထားဖူးတာလေးလည်း ပြန်အမှတ်ရမိပါတယ်။ ဆရာက ' ကဗျာကို ဖန်တီးလိုစိတ်ကို အခြေခံရေးဖြစ်တယ်။ စကားလုံးတိုင်းမှာ ရှိတဲ့အားတွေကို ကဗျာဓါတ်ပါအောင် ရေးတဲ့အခါ ခွန်အားရှိတဲ့ ကဗျာဖြစ်လာတယ်။ ကဗျာတစ်ပုဒ်ကိုရေးတဲ့အခါ ခံစားချက်ရှိဖို့အပြင် မြင်တတ်ဖို့လိုပါတယ်။ ဘယ်လိုတည်ဆောက်မလဲ။ အချိုးကဗျာနဲ့ရေးမလား။ လွတ်လပ်ကာရန်နဲ့ ရေးမလား။ ဒီနေ့ ခေတ်ပြိုင်ဟန်နဲ့ ရေးမလား။ ဒီနေ့ကဗျာနည်ပယ်ဟာ ကျယ်ဝန်းလာတယ်။ ကဗျာမဟုတ်သောအနုပညာပစ္စည်းထဲမှာကို ကဗျာဓါတ်ရှိနေနိုင်တယ်လို့ ယူဆလို့ရတဲ့အနေအထားကို ရောက်နေတယ်။ ကဗျာရဲ့ အဓိပ္ပာယ်ဟာ အကန့်အသတ် မရှိ အောင်ကို ကျယ်ဝန်းလာတယ်။ ကဗျာစရေးဖြစ်တော့ လေးလုံးစပ်ကို လေးလုံးတပါဒ ငါးလုံးတစ်ပါဒ ခြောက်လုံးတစ်ပါဒ ကနေ အသံလျော့လျော့ရေးရင်းနဲ့ အခုတော့ အသံကို ကာရန်စနစ်ကို လုံးလုံးလျော့ချပြီး စကားပြေရေးသလို စီသလို အတန်းလိုက်ကို ချရေးနေကြပါပြီ။ နမိတ်ပုံတင်စားမှု၊ အလင်္ကာမြောက်မှုတွေကို ဦးစားပေးရင်းက မော်ဒန်ကဗျာ ဖြစ်လာတယ်။ တမင်တကာ ဆိုလိုရင်းအဓိပ္ပာယ်ကို ကွယ်ဝှက်ပြီး ရေးတာရှိသလို တည့်တည့်ကြီးကို ဖွင့်ချပြီး ရေးတာ တွေ လည်း ရှိတယ်။ ကဗျာထဲမှာ လူတစ်ယောက်ရဲ့ ခံစားမှု/အမြင်က အခြားလူတစ်ယောက်ရဲ့ခံစားမှု/အမြင်ကို ပိုပြီး ကောင်း စေတဲ့ အရာတွေပါတယ် လို့ ယူဆပါတယ်။ ဒါပေမဲ့ ကဗျာဆရာတွေ လောဘမကြီးဖို့တော့လိုတယ်။ ကဗျာဆရာတွေ ပါဝင်ဖြတ်သန်းနေတဲ့ ခေတ်ကြီးဟာ ပြီးပြည့်စုံတဲ့ ခေတ်မဟုတ်သလို ကဗျာဖန်တီးသူတွေဟာလဲ ပြီးပြည့်စုံ့တဲ့ လူသားတွေ မဖြစ်သေးဘူး။ သို့သော် သူတို့ရဲ့ ရင်တွင်းက လာတဲ့ သူတို့ရဲ့ခံစားချက၊် သူတို့ရဲ့ အမြင်၊ သူတို့ရဲ့ ဒဿနဟာ အခြားသူတစ်ယောက်ရဲ့ ရင်ကို ပိုပြီးကောင်းမွန်နူးညံ့ညင်သာပျော့ပြောင်းစေပြီး အကောင်းဘက်ကို မျှော်လင့်နိုင်စေတယ် ဆိုရင်ပဲ ကျေနပ်ရတာပေါ့' တဲ့။  
နောက်တစ်ခါ ဟန်သစ်မဂ္ဂဇင်း ၂၀၀၄ အောက်တိုဘာမှာ ဆရာစိုးမြင့်လတ်နဲ့ ကဗျာ စကားဝိုင်းတစ်ခုမှာ ပြောခဲ့တဲ့ ဆရာရဲ့ ကဗျာနဲ့ ပတ်သက်တဲ့ ခံယူချက်တစ်ခုကိုလည်း တင်ပြချင်ပါသေးတယ်။ ဆရာနေမျိုးက ဘယ်လိုပြောခဲ့သလဲ ဆိုတော့ `ကျွန်တော်ကတော့ ကိုယ်တိုင် ကဗျာရေးသူဖြစ်နေပေမဲ့ ကဗျာဆရာဘ၀ ကိုတော့ ငြင်းပါတယ်။ ဒါပေမဲ့  ဘယ်လို အချိန်အခါမှာမဆို ကဗျာကို ပိုလို့ အဓိပ္ပာယ်ကြွယ်ဝစေလိုတဲ့သူသာ ဖြစ်တယ်´ တဲ့။ ဆရာ နေမျိုးဟာ တကယ်လည်း ကဗျာနဲ့ ဘ၀ကို ပိုကောင်းအောင် ပြုလုပ်နိုင်ခဲ့တယ်ဆိုတာ ဆရာ ရေးခဲ့တဲ့ ကဗျာတွေက သက်သေပါပဲ။ ဆရာနေမျိုးရဲ့ ကဗျာတွေဟာ ကျွန်တော်တို့ရင်ထဲက ဒေါသတွေကို နူးညံ့စေတယ်။ ကျွန်တော်တို့ရဲ့ ခက်ထန်နေတဲ့ စိတ်ကို ပျော့ပြောင်း ညင်သာ စေခဲ့ပါတယ်။ ပြီးတော့ ကဗျာတွေကို ချစ်တတ်အောင် ပျိုးထောင်ပေးနိုင်စေခဲ့ပါတယ်။ ဆရာနေမျိုးရဲ့ ဒီလိုကဗျာတွေဟာ ကျွန်တော့်တို့ရင်ကို လွယ်လွယ်ကူကူပဲ တိမ်းညွှတ်ယစ်မူးစေခဲ့ပါတယ်။  
သူအိပ်ပျော်နေတာလား
မနက်က ထမင်းစားသေးလား
လမ်းရော လျှောက်သေးလား
သူ့သားကို မေးသေးလား
ညည ငိုသလား။
( မေးခွန်းဟောင်းများ) ကဗျာမှ
ကျွန်တော့်ကို ကြည့်ပြီး လက်ခေါက်တရွှီရွှီမှုတ်ကြတယ်
တအုန်းအုန်းရယ်ကြတယ်
သူဟာ လူရွှင်တော်ပါ
သူနာကျင်တဲ့အခါ အားလုံးဝိုင်းရယ်ကြပေတာ။
(လူရွှင်တော်) ကဗျာမှ
ပိုက်ဆံပိုက်ဆံ မင်းဟာ တံခါးများကို ပွင့်စေတယ်
ပိုက်ဆံပိုက်ဆံ တိုးတိုးကလေးငါမေးမယ်
မင်းဟာ ငါ့လိပ်စာကို သိပါသလားကွယ်
(မင်းဘယ်ကလာသလဲ) ကဗျာမှ
            ယခုထွက်ရှိလာတဲ့ ဆရာ နေမျိုးရဲ့ တကယ်မရှိတဲ့ အရာ ခေတ်ပေါ်ကဗျာစာအုပ်ဟာ ဆရာရဲ့ ကဗျာလုံးချင်း အနေနဲ့ လေးအုပ်မြောက်ဖြစ်ပါတယ်။ ၂၀၀၆ မှာ ကဗျာဆရာဝံပုလွေ၊ ၂၀၀၈ မှာ လူဖြစ်ရတာ ကောင်းတယ် နဲ့ ၂၀၀၉ မှာ ထရပ်ကားပေါ်မှသစ်သီးတွေ ဆိုပြီး ခေတ်ပေါ်ကဗျာစာအုပ်သုံးအုပ်ထွက်ရှိခဲ့ပါတယ်။ အခု တကယ်မရှိတဲ့အရာ ခေတ်ပေါ် ကဗျာ စာအုပ်မှာ ၁၉၉၈ ကနေ့ ၂၀၁၁ အတွင်းရေးသားခဲ့တဲ့ ကဗျာများအတွင်းမှ ပြန်လည် ရွေးချယ်စုစည်းထားတာ ဖြစ်ပါတယ်။ ဆရာနေမျိုး ကိုယ်တိုင်အမှာနဲ့ အတွင်းသရုပ်ဖော် ရေးသားထားပြီး ကဗျာအပုဒ်ရေ (၃၅) ပုဒ်ပါဝင်တာကို တွေ့ရပါတယ်။ တကယ်မရှိတဲ့အရာ ခေတ်ပေါ်ကဗျာစာအုပ်မှာ Modren, Surrealism, Experimental, Prose, Minimalism စတဲ့ ကဗျာအမျိုးအစားတွေ ပေါင်းစပ်ပါဝင်ဖွဲ့စည်းထားတာကိုလည်း တွေ့ရပါတယ်။ ကျွန်တော့်အမြင် ပြောရရင် ပကတိအရှိတရားယုတ္တိကနေ ကျော်လွန်ပြီး စိတ်ရဲ့ အလိုအလျောက် ပုံဖော်မှုမျိုးတွေနဲ့ ၊ ဆင်ခြင်တုံ တရားရဲ့ ထိန်းချုပ်မှုလွတ်ကင်းတဲ့ အရေးအသားများနဲ့ ယှက်ဖောက် ရေးဖွဲ့ထားတဲ့ ဆူရီရယ်လစ်ဇင်ကဗျာတွေကို တကယ်မရှိတဲ့ အရာထဲမှာ အများဆုံးမြင်တွေ့မိပါတယ်။ ဆူရီရယ်လစ်ဇင်အရေးအသားများရဲ့ အရသာတစ်ခုဖြစ်တဲ့ အရှိတရား ဖြစ်နိုင် ချေရဲ့ ထိန်းချုပ်ကန့်သတ်မှုအောက်က ဖောက်ထွက်လွတ်မြောက်လိုက်ရတဲ့ ခံစားမှုမျိုးကိုလည်း ဆရာရဲ့ကဗျာတွေကနေ ကျွန်တော်တို့ အပြည့်အ၀ရရှိကြပါလိမ့်မယ်။
၁။
ကောင်းကင်ကြီးကို လူသတ်မှုနဲ့တရားစွဲလိုက်တယ်
မိုးကြိုးပစ်ချခံလိုက်ရတဲ့နွားကျောင်းသားလေးအတွက်
၂။
ကမ္ဘာမြေကြီးကိုသားဖျက်မှုနဲ့ တရားစွဲလိုက်မယ်
သေကျေပျက်စီးသွားတဲ့ မျိုးစေ့တွေအတွက်      (.......................) ကဗျာမှ
အိတ်ထဲကို လက်တစ်ဖက်ထိုးသွင်းနှိုက်ယူလိုက်တယ်
နှင်းတွေ ထွက်လာတယ် နှင်းတွေ
အိတ်ထဲကို လက်တစ်ဖက်ထိုးသွင်းနှိုက်ယူလိုက်တယ်
အမေကို ရှာနေတဲ့ မျက်လုံးလေးတွေ ထွက်လာတယ်
( အိတ်ကြီး) ကဗျာမှ
            ဆရာ နေမျိုး အနေနဲ့ စာဖတ်သူတွေ နားလည်ဖို့ လွယ်ကူမယ့် တိုက်ရိုက် အဓိပ္ပာယ်ရဲ့ တန်ဖိုးလည်း ပါဝင်တဲ့ ကဗျာတွေရေးချင်တယ်လို့ ၂၀၀၇  ရုပ်ရှင်တေးကဗျာမဂ္ဂဇင်းမှာ ပြောဖူးခဲ့တဲ့အတိုင်း ၂၀၀၇ နောက်ပိုင်းရေးဖြစ်ခဲ့တဲ့ ကဗျာတွေဟာ ရိုးရှင်းလှပ ချစ်စရာကောင်းပြီး ဆရာသွားချင်တဲ့ လမ်းကြောင်း တစ်ခုကို ပုံဖော်နိုင်ခဲ့တယ် လို့ ဆိုရမှာပါ။ Post Modern နည်းနာတစ်ခုဖြစ်တဲ့ စကားပြေကဗျာ( တကယ်မရှိတဲ့အရာ၊ သန်းခေါင်ယံကလပ်၊ သမိုင်းဝင်ပထ၀ီစာအုပ်) တွေမှာတောင်မှ ဆရာဟာ ရိုးရှင်းမြင်သာတဲ့ စကားလုံးဖွဲ့နွဲ့မှုနဲ့ စာဖတ်သူကို တိုက်ရိုက်နားလည် ခံစားမှုပေးနိုင်လို့ပါပဲ။ နောက်တစ်ခုကတော့ ဆရာဇော်ဇော်အောင်ရဲ့ သရဖူဆောင်းပါးများထဲမှာ ဝေဖန်ပိုင်းဆစ်ပြခဲ့ဖူးတဲ့ ကြေးဝါသော့ ကဗျာကို ပြန်ထည့်သွင်းပေးထားတဲ့အတွက်လည်း ကျေးဇူးတင်ရပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ တကယ်မရှိတဲ့ အရာကို ဖွင့်ကြည့်ဖို့ ကျွန်တော့်မှာ ကြေးဝါသော့ တစ်ချောင်းအမှန်တကယ်လိုအပ်နေလို့ပါပဲ။ တကယ်မရှိတဲ့ အရာကို ဖွင့်လိုက်တဲ့ အခါ ဘာတွေ ရှိမှာလဲ။ တကယ်မရှိတဲ့အရာကို ဖွင့်လိုက်တဲ့အခါ ဘာတွေ ထွက်လာမှာလဲ။ ဆရာနေမျိုးကတော့ တကယ် မရှိတဲ့အရာကို မြင်လိုက်ရတဲ့အခါ မိမိကိုယ်ရဲ့တည်ရှိမှုကို ပြန်မြင်နိုင်တာ မိမိကိုယ်ရဲ့ တန်ဖိုးကို ပြန်တွေ့နိုင်တာ မဟုတ်ပါလား ခင်ဗျာ တဲ့။ အခု တကယ်မရှိတဲ့ အရာကို ဖွင်ဖို့ ကျွန်တော့်လက်ထဲမှာ (နှစ်ပေါင်းများစွာ) ကြွေးဝါသော့ ဟာတချွင်ချွင်မည်လို့။
မင်းနဒီခ
ဓါတ်ပုံဆရာby Thetnyain Thit on Friday, November 9, 2012 at 4:26pm ·ငါလာတယ်
ဖျားချင်ယောင်ဆောင်နေတဲ့ ကျောက်တုံးဆီက
ငါလာတယ်
အစကို တစ်စချင်း ဆွဲထုတ်လိုက်တဲ့ အစဆီက
ငါလာတယ်
ဆီရယ်တဲလ်မြို့မှာဆိုရင် အမေရိကန်(သို့)
Native American (သို့) လူနီရိုင်း(သို့)
American Indian တွေ များစွာ နေထိုင်ခဲ့တာမို့
ငါလာတယ်
မူရင်း အမေရိကန် ခေါင်းဆောင်ရဲ့ နာမည်ကို
၁၈၅၂ ခုနှစ်က ဒေါ်လာတစ်သောင်း ခြောက်ထောင်ပေးပြီး
ဝယ်ခဲ့တာလေ
ငါလာပါတယ်
(ဘာလို့ ငါမလာရဲရမလဲ)
ငါလာခဲ့တယ်
မွေးခန်းဆီက၊ မေးခွန်းဆီက ဖြေလိုက်တဲ့ အဖြေတွေဆီက
ကျွန်မ Pop Art တို့၊ ဘာတို့ စိတ်မ၀င်စားဘူးဆိုတော့
ငါမလာဘူးလား
မင်း ပေါ့ပေါ့ပါးပါး ငိုနေတာလေ
ငါ လေးလေးပင်ပင်ကြီး ပြုံးပြလိုက်တာလေ
ငါ မလာဘူးလား
အိမ်သာကြွေခွက်ကြီးကို လျှာနဲ့ တို့တို့ပြီး အရသာ ခံနေတုန်းက
ငါမလာဘူးလား
ဘာတွေကို ၀ှက်ထားချင်တာလဲ ငါလာနေတယ်
တစ်ဘ၀မှာ တစ်ခဏတာမက ရောက်ဖူးချင်နေတဲ့
အရပ် လေးမျက်နှာဆီက
ငါလာနေတယ်
ဘီလ်ဂိတ်ရဲ့မြို့ပါပဲ
US ရဲ့ အနောက်မြောက်ဘက် အကျဆုံး မြို့ကြီးပေါ့
ငါလာနေတယ်လေ
ပျောက်ဆုံးသွားပြီ ဖြစ်တဲ့ ငါ့ဆံပင်ရှည်တွေဆီက
နားရွက်တွေ၊ နှာခေါင်းတွေ၊မျက်လုံးတွေဆီက
အသုံးပြုခဲ့တဲ့ မီးလောင် ဗုံးများကြောင့်
ကိုယ်လက်အင်္ဂါ အစိတ်အပိုင်းများ ပျက်စီး ယိုယွင်းမှုဆီက
ငါလာပါတယ်
သူဆွဲလိုက်တဲ့ ပုံက စစ်လေယာဉ်တစ်စင်းရဲ့
ဗုံးတွေ ကြဲချနေတဲ့ ပုံလေ၊ ငါလာတယ် ငါ့ကောင်ရ
အခု ဒီမယ်
ရှေ့မှာနံရံ ကျော်ကြည့်ရင် ကျောက်ထွင်း အလံတော်
ဒါမျိုး ငါပျော်သဟ ဆိုရင်ရော
ငါလွင့်နေတယ် အေးပါဟ ငါ လွှင့်နေတယ်
ပြုန်းနေတဲ့ တံခါး ပတ္တာဆီက
ငိုချင် နေမိတဲ့ ကိုယ့်ဘ၀ တစ်စိတ်တစ်ပိုင်း
ကိုယ် ဖျတ်ခနဲ မော့ချမိပါရဲ့
ဆွဲဖွင့်လို့ မရတဲ့ ဘူးဝဆီက
ရှိစေတော့ အမြဲ ထိန်းချုပ်ခဲ့ရတာ ရှိစေတော့
ထိန်းချုပ်ထားလို့ ရရှိခဲ့တဲ့ ရနံ့ဆီက
ငါလာပါတယ်
၁၉၈၅ ခုနှစ် ကိုလံဘီယာ နိုင်ငံ မီးတောက် ပေါက်ကွဲမှုမှာ
ချော်ရည်ထဲ နစ်မြုပ်နေတဲ့ ကလေးငယ်လေးရဲ့
နာကျင်မှုကို အန်တုနိုင်ခြင်းဆီက
ငါလာပါတယ်
ဘိလပ်မြေ၊ ရွှံ့နွံ၊ ချော်ရည်တွေကြားထဲ
၃ ရက်တိုင်တိုင် နစ်မြုပ် ပူလောင်နေတဲ့
၁၃ နှစ်သမီးလေးရဲ့ လက်ချောင်းလေးတွေဆီက
ငါလာနေပါတယ်
“နောက်ဆုံးတော့ သူ သေဆုံးသွားတယ်လေ”
ဝတ်ပြု ဆုတောင်းသံတွေဆီက
ငါလာပါတယ်
ကံကြမ္မာကို မသိရပေမယ့် နောက်ဆက်တွဲ ဝေဖန်မှုတွေကြောင့်
ဖိစီးမှုတွေဆီက ငါလာပါတယ်
မူလ အရသာ အတိုင်းဆီက
တဖြည်းဖြည်း ခွာယူသွားတဲ့
မွှေးမွှေးကြူဆီက ငါလာတယ်
ငါလာနေတယ်လေ၊ လာတာပေါ့ဟ
သိရှိဖို့ဆီက၊ မေ့လျော့ဖို့ဆီက
လာနေတယ် လာနေတယ်လေ
“ကျွန်တော် လုပ်ခဲ့တဲ့
အလုပ်နဲ့ ပတ်သက်ပြီး
ရိုးသား ဖြောင့်မတ်မှု
အပြည့် ရှိခဲ့ပါတယ်
ကျွန်တော် ယုံကြည်တာ
သည်ဓာတ်ပုံဟာ
နိုင်ငံတကာ အလှူငွေတွေ အများကြီး ရအောင်
ကူညီပေးနိုင်ခဲ့သလို ကိုလံဘီယာ ခေါင်းဆောင်များရဲ့
တာဝန်မဲ့မှုနဲ့ သူရဲဘောကြောင်မှုတွေကိုလည်း
ထင်ဟပ်ပြသ ပေးနိုင်ခဲ့ပါတယ်...”
တကယ် မလာဘူးလား
မလာကိုမလာသေးတာလား
ငါလာတယ်
ဖယောင်း သွင်းထားတဲ့ ဆံပင်တွေဆီက
တစ်နာရီကို ၄၀၀ မီးပျက်မီးလာတွေဆီက
Open Daily ဆိုတာတွေဆီက
သင့်ကျန်းမာရေး အတွက် ၂၄ နာရီတွေဆီက
Oded Balitty ၂၀၀၇ ခုနှစ်
ပူလစ်ဇာ ဓာတ်ပုံဆု ရရှိခဲ့တဲ့ ဓာတ်ပုံဆီက
အင်အားချည့်နဲ့ လာမှုတွေ
ပိုမိုအားကောင်း ပြင်းထန်လာမှုဆီက
သက်တမ်း အဆင့်ဆင့် ခွေးသွားစိပ်တွေ လွဲချော်မှုဆီက
ငါလာတယ်
သစ်ပင်ပန်းမန်တွေ စိမ်းစို တောက်ပနေတဲ့
ခြံဝင်းကျယ်ကြီး တစ်ခုဆီက
နောက်ထပ် ဘယ်တော့မှ မတွေ့ဆုံနိုင်တော့တဲ့
ဓမ္မဓိဋ္ဌာန်ကျမှုတွေဆီက
ငါလာပါတယ်
သည်ဟာကိုတော့
၂၀၀၆ ခုနှစ် ဖေဖော်ဝါရီလမှာ
ပါလက်စတိုင်းတွေ အနေများတဲ့
အနောက်ဘက် ကမ်းခြေဒေသရဲ့
ရာမာလဟ်မြို့အရှေ့ပိုင်း တစ်နေရာမှာ
ရိုက်ကူးခဲ့တာပါတဲ့
ငါလာတယ်လေ၊ ငါလာတယ်
အိပ်မက်တစ်ခုရဲ့
အရေးအပါဆုံးသော အစိတ်အပိုင်းဆီက
အမြန်ဆုံးရွေ့လျားနေတဲ့ ၀န်ထုပ်ဝန်ပိုးနဲ့ ကြံ့ကြံ့ခိုင်မှုဆီက
ငါလာတယ်
မေတ္တာဖက်၍ဆေးထက်သည်မှာ
အေးရိပ်သာဆီက အကျဉ်းခန်းထဲမှာ ကြီးပြင်းလာတဲ့ ပင့်ကူအိမ်တွေဆီက
ကင်းကွာ ကွေကွဲမှု၊ အာရုံချို့တဲ့မှု
ကြည်လင်ကျဲတောက်မှု၊ သင်္ကေတနဲ့ မသန်စွမ်းမှုဆီက
ငါလာနေတယ်(ငါ ဘာလို့မလာရဲရမလဲ)
ရုန်းမထွက်နိုင်ဘူးလို့ ပျို့ချင်အန်ချင်မှုဆီက
US သမိုင်းမှာ အတော်လေးနောက်ကျပြီးမှ
မြို့တည်ခဲ့တာပါဆီက
စီးပွားဖြစ်ထွန်းသူ ရွှေရှာသူတို့ကြောင့်
လူသိများ ဖွံ့ထွားတိုးတက်လာခြင်းဆီက
ပင်လယ်စာ လတ်လတ်ဆတ်ဆတ်တွေစား သောက်ဖို့ စိတ်ကူးနေတဲ့ ၀မ်းမီးဆီက
နယ်မြေကျွမ်းကျင်စွာ
ဖြတ်သန်းလှုပ်ရှားမှုဆီက
နှင်းခဲဖြူဖြူဖွေးဖွေးတွေရဲ့ မျက်နှာဖုံးဆန်ဆန်
လှပတင့်တယ်မှုဆီက
ငါလာပါတယ်၊ ငါ လိုအပ်တယ်လေ
မရှိမဖြစ် ရှိလို့လည်းမဖြစ်တဲ့
အကြောင်းအရာဆီက
ငါလာနေတယ် (ခြေထောက်တွေသာမက)
ဆီရယ်တဲလ်မျှော်စင်ကြီးဆီက
ငါလာနေတယ်
လူနည်းနည်းရှင်းတဲ့ဘက် အရှေ့မှာ
ငါလာနေတယ်
တပ်ကိုတက်ကာတဲ့ အမျိုးသမီးဆီက
သိပ်မတွေးနိုင်တော့ဘဲ
ပြေးပြီး ရင်ဆိုင်မှုဆီက
ငါလာနေတယ်၊ ဟေ့ ငါလာတယ်
ကမ္ဘာ့အချမ်းသာဆုံးသူဌေးကြီး ဘီးလ်ဂိတ်ရဲ့မြို့လေ
ပြန်ဆုံရတော့ ၀မ်းသာပါတယ်
ဒါပေမယ့် ငါလာတယ်၊ ငါလာတယ်လေ
အမည် .....
မိဘအမည် .....
မှတ်ပုံတင်အမှတ် .....
အရပ်အမြင့် .....
ကိုယ်အလေးချိန် .....
လူမျိုး .....
ကိုးကွယ်သည့်ဘာသာ .....
ပညာအရည်အချင်း .....
ဆက်သွယ်ရန်လိပ်စာ .....။ ။
သက်ငြိမ်သစ်
ဝန်ခံချက်- ၂၀၀၆ ခုနှစ်
ဇွန်လ Heart မဂ္ဂဇင်းပါ
ဆရာမမေတ္တာဦး၏ “ဆီရယ်တဲလ်ခရီး” ဆောင်းပါးနှင့် ၂၀၁၀ ပြည့်နှစ်၊ စက်တင်ဘာလ
teen (ဖူးငုံဆယ်ကျော်သက်)မဂ္ဂဇင်းပါ ဆရာမမသီတာ (စမ်းချောင်း)၏ “မှတ်တမ်းဓာတ်ပုံတွေထဲက ကလေးသူငယ်များ” ဆောင်းပါး၊ အယ်ဒီတာ၏ “တစ်ကိုယ်တော်စွမ်းပကား” ဆောင်းပါးတို့အား ခံစား၍ ၄င်းတို့အထဲမှစာသားအချို့နှင့်
ကဗျာအား
ပြုလုပ်တပ်ဆင်တင်ဆက်ပါသည်။
 ၂၀၁၁၊ဇန်န၀ါရီ၊ teen ဖူးငုံဆယ်ကျော်သက်မဂ္ဂဇင်း
သင့်အရေပြားပေါ်မှာလည်း ခေတ်ပြိုင်အာရုံ ကိုက်စားမှု
စာရွက်စာတမ်းတွေမရှိရင် လူတစ်ယောက်ဟာ အလေအလွင့် စာလုံးပျက်တွေပဲ
ကြိုးတမ်းပေါ်မှာ တက္ကနိ မပါ ဘာမပါနဲ့ လေဟာနယ်ကြီး
ရှုခင်းကိုမြေကြီးမှာ စို့ သပ်ထားရတယ်
အပြာရောင်အစက်အပြောက်လေးတွေနဲ့  အဖြူစွတ်စွတ်လိပ်ပြာလေး
အိမ်ရှေ့ ခန်းမှာ လာသေနေတယ်
ပဲ့ပဲ့ကျလာတဲ့ သံလမ်းတွေဟာ ရထားကို ကျောမပိုးနိုင်တော့ဘူး
မော့ကြည့်လိုက်စမ်း လဝန်းကြီးက အိပ်စ်ပါယာဒိတ်နဲ့ သာနေတယ်
မင်းရဲ့ တင်ပါးဆုံရိုးလေးဟာလည်း ကွန်တမ်ပိုရာရီ ကဗျာတစ်ပုဒ်ပဲ
လည်ချောင်းထဲ ကန့် လန့် ဖြတ် နင်နေတဲ့ ငါးရိုး
ငါးအဖြစ် သမုဒ္ဒရာဝမ်းထဲ ပြန်ခုန်ဆင်းသွားနိုင်တယ်
ရေတွေ ဒလဟောစီးဝင်လာတဲ့ ဒီပရက်ရှင်ချိုင့်ဝှမ်းက ရေအောက်ကျောက်ဆောင်တွေ
မိုးလေဝသဟာ နှလုံးနံရံထဲ စိမ့်ဝင်လာတယ်
စားသားဟောင်းမှ ပြန်လည်ပြုလုပ် စားသားနဲ့ ကမ္ဘာကြီး
မိုးပေါ်က ကျလာတဲ့ အမဟာ အမ ပီသတဲ့ အမပဲ
“အဲဒီ အိမ်ကလေးလှတယ်” ဆိုတဲ့ဝါကျဟာ အပြာရောင်နုနုလေး
ငန်းဖြူ ဘယ်နှသိန်းပဲ မြင်မြင်  ငန်းနက်တစ်ကောင် ပေါ်လာမှာပဲ
အပြင်မှာလည်း မုန်တိုင်းဟာ မျက်နှာသေနဲ့ 
မစားတဲ့ ငါးဟာ ရေထဲငုပ်သွားတယ်
ဒါနဲ့ ခင်ဗျားဟာ သက်သတ်လွတ်သမားဆို
ဟုတ်ကဲ့ ကျွန်တော် ဆီဦးထောပတ်ပဲ စားပါတယ်
ကမ္ဘာပေါ်မှာ လူတွေဟာ ခွေးတစ်ကောင် ကိုယ်ပေါ်က မွှားတွေလိုပဲ
ရွေးစရာ အခြား မလိုတော့တဲ့ စိတ်ခင်းပေါ်မှာ သိန္န္ဋ္ဋ္ဋဋာန်ကို တင်းလိုက်တယ်
အဲဒီ သားသတ်ရုံဟာ ဂျပန်ခေတ်တုံးကတော့ ဆေးရုံပေါ့
အမေရိကန်နဲ့ အပေါင်းအပါတို့ ရဲ့ ရေနံကရေစီစစ်ပွဲနှင့် ဒီမိုယဉ်ကျေးမှု
အားပြိုင်ပွဲမှာ ဓါးစားခံ မေတ္တာရှင် ဆဒ္ဒမ်
အကြမ်းတွေမြို့တက်ပြီး ချောကုန်ပြီတဲ့ စားပွဲထိုးလေး စကားလုပ်
မြင်ယောင်မိသေး သူကလေးဟာ ခရုခွံ နှစ်ခြမ်းလို ကြည်နူးလို့ 
နှုတ်ခမ်းသားဟာ ပန်းသီးရည် စီးလို့ 
တဒုန်းဒုန်း မြည်နေတဲ့စက်ထဲ ငါတို့ ဖက်ပြီး ခုန်ချခဲ့သလား
ထမင်းစားပွဲမှာ ရဲရဲတောက် မိန့် ခွန်းနဲ့ အာလူးတွေ ကျက်သွားတယ်
“လယ်စောင့်တဲ့” ကဗျာအကြောင်း ပြောရင်း ဘာသာစကားကို ပါးပိတ်ရိုက်ပစ်လိုက်တယ်
ဆစ္စီးဖတ်စ် လောက်တော့ ကျွန်တော်တို့ လည်း ပျော်တတ်ပါတယ် ကမြူးရယ် (ဟားဟား)
နားကပ်ကြီးကြီး ပန်ချင်ပြီး နားပေါက်ကျယ် တွဲကျမှာ စိုးရိမ်ပြန်သည်
ကျွန်တော့်နာမည် “ငါဗ”၊ အဖ ဦး“ဟို”၊ အမိ ဒေါ်“ပြု”
သွေးကြောနံရံမှာ ကပ်နေတဲ့ ဂျိုး
လူတဲ့ ဆိုက္ကားပေါ်မှာ လပေါ်မှာ လည်မြိုမှာ
ငါ့အမှာ အမိန့် မရှိ ပေးအပ်တာဝန် မရှိပေမယ့် သမိုင်းတာဝန် ရှိတယ်
UN တံဆိပ် တာလပတ်တွေ မှောင်ခိုဈေးမှာ ကြိုက်သလောက်
အေးစက်စက်ပြောင်းရဲ့ သဒ္ဒါကို ငါမသိမသာ အရသာပွတ် နေတယ်
နုနယ်တဲ့ ကဗျာသမားတွေဟာ တုပ ရေးတယ်
ရင့်ကျက်တဲ့ ကဗျာသမားတွေက ခိုးချတယ်
တောင်းဆိုးပလုံးဆိုးပေမယ့် လူဆန်း ကိုလည်း မပစ်ရက်ဘူး
ကင်းကောင်ကို သတ်လိုက်တာ တိုက်လေယာဉ်တွေ မဟုတ်ဘူး သူ့ နှလုံးသား
သဇင်/ ကိုယ့်ဘဝကို တူတစ်စုံနဲ့ လဲလိုက်ပါပြီ ပုံ/ သံချောင်း
မြို့သစ်သားအချင်းချင်းပဲ သားကြီးရာ
အသွားအပြန် ကားခလေးသာရှိရင် မြို့ကြီးကို အချိန်ပိုင်း တက်သိမ်းလို့ ရတယ်
ယဉ်ကျေးမှုကို ဘိန်းလို သုံးစွဲတယ် ကဗျာကို ဘိန်းလို သုံးစွဲတယ်
ငါ့ကို ကားစင်တင်ကြ ငါ့ကို ကားပေါ်တင်ကြ ငါ့ကို ကားခပေးကြ
ဝိုင်းစုလေးဟာ ရုပ်ဖျက်ပြီး ကလပ်ထဲက ထွက်လာပေမယ့်
သူ့ ညာဘက်ဒူးက အမာရွတ်လေးကို ကွက်ကွက်ကွင်းကွင်း မြင်လိုက်တယ်
မုန်တိုင်းဆေးကြော သန့် စင်ပြီး အသစ်စက်စက် သစ်စိမ်းတစ်ပင်လို
အရေပြားတွေထဲကနေ အကိုင်းအခက်တွေ တဆတ်ဆတ် ထွက်လာနေတယ်
ငါ့ကို ဘယ်မှာစိုက်မှာလဲ
ကဗျာဆရာရဲ့ ကိုယ်ခန္စာထဲမှာ ငှက်သေတစ်ကောင် တေးသီနေတယ်
အနုပညာဆိုတာ  တရားဝင် လက်ထပ် ထိမ်းမြားယူရတာ မဟုတ်
အဓမ္မ သိမ်းပိုက်ယူရတာ ဖြစ်တယ် အဂ္ဂါဒေဂါးစ် (၁၈၃၄-၁၉၁၇)
ကမ္ဘာကြီးဟာ ပြားသွားပြီး ငါတို့ မှာသာ ချိန်ကိုက်ပြီးသား အလုံးတွေ
ခေတ်ကို ဘိန်းလို သုံးစွဲတယ် ( သူ့ နာမည် “ခေတ်ကိုဘိန်း” )
စီးပွားရေးမပါတဲ့ အနမ်းနဲ့ ငါ့နှုတ်ခမ်းကို ကိုက်လှည့်ပါ
စီးပွားရေးမပါတဲ့ ဆက်စပ်ဝန်းကျင်ထဲမှာ ငါ့ကို ဖတ်ကြည့်ပါ
ဂြိုဟ်တုကနေ ငါတို့ ကို သရိုးသရီ ကြည့်နေမလား
ခေါင်းလောင်းသံ ပဲ့ပဲ့ ကို အနံ့ ဆိုးကြီးတစ်ခုလို ကြားကြားနေတယ် 
အလေအလွင့် မြက်ခြောက်နဲ့  အဆိပ်အတောက် ရေတွင်းပဲ
မှတ်မိလား ရုပ်မြင်သံကြားစက်ကို မဖြစ်နိုင်ဘူးလို့ အော်ခဲ့ တဲ့ ၁၉၃၀
ဘဲကင် မဖြစ်ခင်တော့ ဂတ်ဂတ်ဂတ်ဂတ် သွားပြီး ဘပ်လတ်ဘပ်လတ် ပြောနေတာ့တာပေါ့
မိမိကိုယ်မိမိ တစ်နေ့ ကို တစ်နာရီ ဖတ်ပါ
သို့ မဟုတ် မိမိကိုယ်မိမိ သုံးပိုင်းပိုင်းပြီး တစ်ပိုင်းကို မိနစ် နှစ်ဆယ်စီဖတ်ပါ
အချက်အလက်တွေဟာ ကောင်းကင်မှာ မျောပြီး
စာသားနောက်မှာ တဖြည်းဖြည်း နီမှောင်လာတယ်
အတ္တဘော်ဒီ ပြန်ထုဖို့ လိုနေတဲ့ အတ္တ ဘောပိန်ချိုင့်ကြီး
သူခိုးလက်ထဲက ငါ့နေ့ အချို့ ကို ဈေးကြီးကြီးနဲ့ ပြန်ရတယ်
တိန့် ရှောင်ဖိန်းရဲ့ //စကားပဲ//တရုတ်စကားပဲ//ကြွက်ခုတ်ရမယ့်//အချိန်မှာ//
အဖြူလား//အမည်း//လား//မေး//မနေ//နဲ့ //ဘိုသိန်းရဲ့//ကြွက်ခုတ်ဖို့ //ပဲ//ပေါ့
အဲဒီကောင်းကင်ကြီး လွတ် မသွားအောင် ကြိုးတစ်ချောင်းနဲ့ ဒီအပင်မှာ ချည်ထားတယ်
ဗျည်းနဲ့ သရ တွဲတတ်ရုံလောက်နဲ့ ဘာသာစကားထဲ မရောက်သေးဘူး
တောင်ထိပ်မှာ ရေနံ့ ရလို့  ကြာကိုပါ စိတ်ကူးပစ်လိုက်တယ်
ဘယ်သူမဆိုရဲ့ အရေးအသားဟာ စာသားတစ်ခု မဟုတ် တစ်ခုရဲ့
အပိုင်းအစ တစ်ခု မဟုတ် တစ်ခုနဲ့  သွားသွားငြိနေပါတယ်
လူအုပ်ထဲ အတင်းမောင်းဝင်လာတဲ့  ဘက်စ်ကားနဲ့ 
ဘက်စ်ကားထဲ အတင်းမောင်းဝင်သွားတဲ့ လူအုပ်
ကြွေရုပ်ကလေးရေ၊ အချစ်ရေ၊ ဘုရားရေ၊ ဓါတ်ကြီးလေးပါးရေ
သူတို့ ရဲ့ အစိမ်းတွေဟာ နေရောင်ခြည်အပြင် ငါ့ကိုပါ ဖိုတိုဆင်သီးစစ် ပြုကြတယ်
ဥရောပဟာ အမေရိကန်ကို အကြွေးတင်သလို
သူ့ လောဘဟာ သေအထိ ကံကို အကြွေးတင်တယ်
ဆာရာယေဗို ရဲ့ သေတွင်းတွေနဲ့ လင်းနေတဲ့ ခင်ဗျားရဲ့ စာအုပ်ဆိုင်လေး
ကျွန်တော် လာလည်ချင်လိုက်တာ “ဂိုရန်” ရာ
ဤအရပ်သည် ပင်မရေစီးခေတ်ပေါ်ကဗျာ ကင်းစင်နယ်မြေ ဖြစ်ပါသည်
လိုင်းစိမ်းတစ်လိုင်းဟာ ကဗျာမှာ စီရင်ထားတဲ့ အဖွဲ့ မှာ လာတိုးကြည့်တယ်
အရေးအသားရဲ့ အစွန်းဖျားမှာ အသံမဲ့ အက္ခာရာဝက်လို
အရိုးအသားရှာမတွေ့ ဘူးလို့ လည်း အရပ်က သဲ့သဲ့ထွက်တယ်လား
ဘာသာစကား ထပ်ဖန်တလဲလဲ မက်နေတဲ့ အိပ်မက်ထဲမှာ
ငါဟာ ထက်ဖန်တလဲလဲ ကြွက်ပဲ ဖြစ်နေတယ်
ကဗျာလေးနည်းနည်းပါမှ ဗိုက်ဆာတာ ပိုမလှဘူးလား ကိုချောရေ
ကမ္ဘာကြီးဟာ ပန်းသီးကို တစ်ခြမ်းကိုက်ပြီး တစ်ခြမ်းကို စိုက်နေတယ် တဲ့
လူချောလူလှ ငါဟာ လူငယ်လူရွယ် ကမ္ဘာကြီးကို သိမ်းပိုက်မယ်
ဤအရပ်သည် အရပ်တို့ ၏ သဘောသဘာဝအရ ရပ်နေမည် မဟုတ်ပါ
ရာဇဝင်ရဲ့ အရိုးပေါ်မှာ အသားတွေ တက်လာတယ်
ပစ္စုပ္စန်ကို ပြန်မထုတ်လုပ်တဲ့ အနာဂတ်ဆီသို့  ပေါင်းသင်တတ်ပြီလား
ဘယ်ဟာ အနုပညာပန်းသီးနဲ့ ပိုတူသလဲ
သွက်သွက်ခါ ဗင်ဂိုးပန်းချီကားထဲက လယ်သမားစီး ဘွတ်ဖိနပ်နွမ်း တစ်ရံနဲ့ 
ချာဂျင်ပြည့် အင်ဒီဝါးဟိုး ရဲ့ “စိန်မှုန့် စီဖိနပ်”
ဘာသာစကားရဲ့ ဆူးချွန်တွေပေါ် ငါ ပြုတ်ကျပြီ
အသွေးအသားထဲက အရေးအသားတွေ စီးထွက်ကုန်ကြပြီ
ဤကဗျာတွင် LP လုံးဝ (လုံးဝ) မပါရှိပါ
( ဆရာဇေယျာလင်း ရဲ့ “ ကဗျာဆိုတာ ပြုလုပ်ခြင်း ” ကဗျာစာအုပ်မှ
အာရုံကျရာ ကဗျာစာသား အချို့ ကို ကုလားဖန် ထိုးထားခြင်း ဖြစ်ပါတယ်)
                                                    လင်းလက်တာရာ
                                                              5,11,2012
· ဖြစ်စဉ်တစ်ခုမှာ အဆုံးသတ်ခဲ့ပြီးနောက် ခင်ဗျား + ကျွန်တော်
တလက်လက်တောက်ပနေဆဲ လွမ်းဆွတ်မှုတစ်စုံတစ်ရာက
နှစ်ယောက်လုံးရဲ့ ရင်ဘတ်ဟောင်းလောင်းမှာ ဒဏ်ရာများစွာနဲ့
စကားဆိုခဲ့ပြီးနောက် ၊
တဖျတ်ဖျတ်လှုပ်ခတ်နေဆဲ ရင်ခုန်သံကို ကျွန်တော်ကိုယ်တိုင်
သရုပ်ခွဲကြည့်ပြီးနောက် ၊ အဖြစ်အပျက်ဆိုတာ ဖြစ်ပြီးနောက် - ပျက်ပြီးနောက်
ကျွန်တော့် အသိဥာဏ်တွေထဲ ဒဏ်ရာအိပ်မက်တစ်ချို့ မပျောက်မပျက် စတင်အမြစ်တွယ်
စခဲ့နောက်          ဖြစ်ခဲ့နောက်        ပျက်ခဲ့နောက်      တစ်ဖန် ပြီးခဲ့နောက်
ခင်ဗျား ။
လူသိအောင်ဖွင့်ပြောရရင် ဗီလိန်ဇာတ်လမ်းတစ်ပုဒ် = ညီမျှခြင်းပဲ
တစ်ထောင့်တစ်ညပုံပြင် နည်းနည်း ( အနည်းငယ် ) [ ဆိုပါစို့ - မဆိုစလောက် ] ဆန်မယ်
လမ်းခွဲခြင်းစစ်အေးတိုက်ပွဲ မောပန်းလို့ ဟိုမှ သည်မှ ပြေးလွှားနေခြင်း
ဒီဇင်ဘာရဲ့ဆောင်းညများ ခိုက်ခိုက်တုန်လို့ ကျွန်တော့်တစ်ကိုယ်လုံး ချွေးပျံ
ရနေကျရေမွှေးနံ့တစ်ချို့ အခစားမ၀င်တော့တာ သက္ကရာဇ်တစ်ခု ကျော်လွန်သွားပြီ
အတူကြည့်ခဲ့ဖူးတဲ့ ရုပ်ရှင်တစ်ကားက ရူးသွပ်မှုတစ်ချို့ သယ်ဆောင်လို့
( မြို့မ - ရုပ်ရှင်ရုံ ) အနီးအနား ပတ်ဝန်းကျင် - 81 လမ်း အနီးတစ်ဝိုက် ပတ်ချာလည်
ဆယ်နာရီပွဲ မော်တော်ဆိုင်ကယ်စတန်းန် လျှို့ဝှက်သည်းဖို အက်ရှင် ဒရာမာ နိုင်ငံခြားရုပ်ရှင်
စွဲလမ်းခဲ့နောက်                အသားကျခဲ့နောက်           ခင်ဗျားကိုယ်သင်းရနံ့မှာ ပျောက်ဆုံးခဲ့နောက်
ကျွန်တော် ။
နက်စ်ပလိန်း = အညိုရောင်နှုတ်ခမ်းတစ်စုံ + ရူးသွပ်စွဲလမ်းခြင်း
ညီမျှခြင်းတစ်ချို့က အမှန်အမှားမခွဲခြားနိုင်အောင် တဖျတ်ဖျတ် အသက်ဝင်ပြောင်းလဲနေတယ်
[                                  ] ဟင့်အင်း အဲဒီစကားစုကို အခုထိ မေ့မရဘူး
အခုထက်ထိတိုင် မေ့မရသေးဘူး အဲဒီစကားစု [                                   ]
စီးမျောနေကျ အချစ်ရွာ ကဖေး၊ ကဖီးဆိုင်ခပ်ငယ်ငယ်၊ လမ်း 30 ယူနီစန် အပေါ်ထပ်အခန်းတွင်း
ရူးသွပ်မှုတစ်ချို့သယ်ဆောင်လို့ မရပ်တန့်သေးဘူး - မသိကျိုးကျွန်ပြုရင်း တွယ်ငြိဆဲစိတ်အခြေအနေ
အချစ်ရှိလား - အချစ်ရှိမယ် - ခေါ်သံကြားလား - ထွက်ခွာသွားပြီ ရထားတစ်စင်း တတူတူ
မလွမ်းဘူးလား မေးခွန်း - အလွမ်းဆိုသောအရာ  ရယ်မောခြင်း အကြိမ်ကြိမ်ဖြစ်ပေါ်တယ်
ပျောက်ကွယ်မသွားဘူး မန်းလေးမြို့ မြောက်အရပ်ယွန်းယွန်း ရတနာထွက်ရာ တောင်ပေါ်မြို့
မေ့မရခဲ့နောက်               လွမ်းဆွတ်ခဲ့နောက်           ခင်ဗျားရဲ့အဆိုမှာ ဗလာဖြစ်ခဲ့နောက်
ခင်ဗျား + ကျွန်တော် ။
စိတ်သွားတိုင်း ကိုယ် မပါတော့ဘူး -
ဗလာကျင်းသွားပြီ မျှော်လင့်ခြင်းငွေ့ငွေ့ အရာအားလုံးပြည့်စုံနေခြင်း
( အမြဲတမ်းပြုံးနေနော် ) ( အမြဲတမ်းပြုံးနေရမယ် ) ( အမြဲတမ်းပြုံးမနေနိုင်ခြင်း )
ေ၀၀ါးဝါးအသိဥာဏ် ရင်ခုန်သံက လှိုက်ဟာမှုများစွာနှင့် ဟာနေတယ်
ကသောကမျောစီးဆင်းမှု နေ့ရက်တိုင်း အရောင်တောက်နေတယ် ကျွန်တော်
အိပ်မက်က လန့်နိုးလာခြင်း ( အထီးကျန်မိုး R&B ) သံစဉ် ရက်ပ်စာသား ခင်ဗျား
ခင်ဗျားကိုယ်တိုင်ဖြစ်စေ ၊ ကျွန်တော်ကိုယ်တိုင်ဖြစ်စေ
အဆုံးသတ်ချိန် သတိရမှု သွေးရူးသွေးတမ်းရှာဖွေနေခြင်း တစ်စုံတစ်ရာ သက်ရှိ
နောက်ဆုံးအခြေအနေ စကားတစ်ခွန်း ခပ်တိုးတိုးညည်းဆို
မျက်ရည်  ။       ။
 ရွှေကိုယ်နတ်(UCSM)
 [ 07.11.2012 ]
  ( 10:54 AM )
ပါရမီမရှိစလောက်နဲ့ အတတ်ပညာချို့ငဲ့မှုတွေကြား
အသက်ကတော့ သူ့ဖါသာသူ ရှင်နေမှာပါပဲ ရေကလေးတိုက်
အမှန်တရားဆိုတာလေးဘာလေးနဲ့ အရူးဆေးကျွေးထားရုံပါပဲ
နာမည်တစ်ခုညှစ်ကြည့်ဖို့က မလွယ်ဘူး အထူးသဖြင့် ရေခမ်းကြယ်ကျွမ်း
အိတ်နွမ်းထဲက သံချေးစားစနက်တံကိုပဲ အာသာပြေ
ဆိုတော့ကာ ဘယ်သူ့ဩဇာ ငါဒကာခံရမလဲ လျက်စရာ ဘယ်သူ့ဘွတ်
ဆွဲလိုက်တဲ့ ပိုက်ထဲမှာ ရေသူမ အပျိုမှေးဆွေးနဲ့ ရေအောက်သင်္ဘောပျက်
မှတ်တမ်း အဲ့ထဲမှာ ငါ့နာမည်ဟာ ရေစားပွစိ ကြွေသွားတယ်ထင်ပေါ့
နောက်ဆုံးပေါ် ၁၀ နှစ်ဟောင်းကားနဲ့ ကမ္ဘာကြီးရဲ့ ကချေသည်တိုင်းပြည်
မထင်မှတ်ပဲ ဒီကို ငါရောက်ခဲ့တယ် မထင်မှတ်ပဲ ဆုလာဘ်ထဲမှာ ငါ့နှလုံးသား
အလန့်တကြားနဲ့ သေချာကြည့်လိုက်မှ မိတ်အင်ချိုင်းနား ရေဒီယိုစုတ်လေး
ဂျစ်ဂျစ်ဂျစ်ဂျစ်နဲ့ `အနာဂတ္တအသံ´ ပုရစ်တွေ ၀ိုင်းအုံကိုက်စားနေကြ
ဇာတ်လမ်းဖြစ်မလာဘူး ဇာတ်ညွှန်းဟာ ဒါရိုက်တာရဲ့ ကာရိုက်တာကို ဖတ်မရ
ကာဘရိုက်တာလည်းကွဲ ဂက်စကစ်တွေ ဘောစေ့တွေ ကြွေနေပြီ
ဖွတ်ချပ်တိုးတက်မှုနဲ့ ရှေ့ဘီး ၂ ဘီးစလုံးပြုတ်ထွက်တော့မယ်သားရေ
အဖေ့ကို ငွေလေးဘာလေး ဒီလမ်းပဲလိုက်တော့မယ် အာနာနဲ့ ဆားငံရေ
ဆိုကြပါစို့ မေးကြပြီ ဆိုကြပါစို့`ငါ´ရဲ့ ကာလပေါက်ဈေးနဲ့ သမိုင်းတန်ဘိုး
စာသားဟောင်းတွေ ရောင်းဝယ်ဖေါက်ကားခေတ်ပြိုင် အရေခြုံကုမ္ပဏီလိမိတက်
လေသံကတော့ ပြတ်သားပါရဲ့ ဈေးတည့်ပြီးမှ ဟိုဟာမကိုင်ရ ဒီဟာမထိရ မိန်းမလို
ဗဟိုချက်ရဲ့ ကြမ်းပြင်အောက်မှာ ဟူးဟူးဟူး လေဟာနယ်ကြီး
တစ်ချို့နှစ်တွေ လတွေဆို ကျွန်တော်/ကျွန်မ လုံးလုံး အသက်မရှင်ဘူး
နောက်ဆုံးဆိုခဲ့ရင်ပေါ့ နောက်ဆုံးတော့ (အကိုရေ) နောက်ဆုံးပျောက်ဆုံး
နေတယ် ဦးဏှောက်နဲ့ နှလုံးသားဆက်နွယ်မှု ဟန်ဒဲလ်ရဲ့ စုံညီသီအိုရီ (၁၈၆၁)
နံရံတစ်ချပ်ပဲ ခြားကြတယ် ပိုးကိုက်ပေါက်လေးတွေကနေ ဆက်သွယ်တယ်
ကြိုးစားရဦးမှာပဲပေါ့ သမုဒ္ဒရာထဲက ကျွန်းထီးထီးလေးတွေလို
ခေတ်ကြီးဟာ ငါ့ကို မနာလိုဖြစ်နေတာ ရေဆန်လမ်းပဲ နိုင်ချင်တယ် win ချင်တယ်
စကားလုံးနဲ့ စိတ်ဆက်ကြောင်းလွဲမှု ကြည်ပြာရောင်ကောင်းကင်ကြီးအလား
ဒီအချိန်မှာ ငါ့ကို အရုပ်လိုထောင်ပြီး သူတို့သားရေကွင်း ပစ်တမ်းကစားနေမလား
ငါဒီနေရာက မရွေ့တော့ဘူး ဆူးချွန်တစ်ခုမှာ ငါ့ကိုငါစိုက်ထားတယ်
ခေတ်ဆိုတာကြီးဟာ ကွင်းပြင်မှာ ကိုယ်တုံးလုံးနဲ့ အော်ဟစ်ပြေးလွှားနေတယ်
`ငါ` ဆိုတာလေးဟာ ကွင်းပြင်မှာ ခေတ်တုံးလုံးနဲ့ အော်ဟစ်ပြေးလွှားနေတယ် ။                 ။
                                                                                                ဇေယျာလင်း
                                                                                                25 – Oct – 12
ကျွန်တော်တို့ဟာ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းဖြစ်သင့်တာပါ
မင်္ဂလာမရှိတဲ့ ဟဲ့ အခေါ်အပြောဆက်ဆံရေးကြား လှည့်မကြည့်နိုင်အား
ဝေါဟာရရဲ့ ဟဲ့ နွား
အဆီအနှစ်ကို စုပ်မယူဘူးလို့ ဘယ်သူမှ မပြောနိုင်ဘူး
ဖိုတိုရှော့ပ်ရဲ့ မဖွယ်မရာ ပြင်ဆင်အင်ဂျင် တောင်ပံတစ်ဖက်ပြုတ်နေတဲ့ ချိုးငှက်လေးရဲ့ တောင်ပံကို
အထူးဖြည့်စွက်ဆင်ယင်လိုက်ခြင်းဖြင့် ပျံသန်းသွားနိုင်ပြီလို့ လီဆယ်မယူဆသင့်ဘူး
အင်အားချို့တဲ့မှုနှင့် သိပ်ကြီးမားမှုကြား မှန်ကန်ခြင်းမရှိမှုဖြင့် ညီမျှခြင်းချလို့ မရဘူး
သင့်ရဲ့ ဖုံးကွယ်ထားတဲ့ အစိတ်အပိုင်းရှိခြင်းအားဖြင့် တစ်ချိန်ချိန်မှာတော့ ပေါ်မှာပါပဲ
အရောင်ရောနှောမှုနဲ့ မဖြူတဲ့ အဖြူ
နေရာအမှန်မှာကို မနေခြင်းအားဖြင့် အဖြူဖြစ်မှာလည်း မဟုတ် အမည်းဖြစ်မှာလည်း မဟုတ်
ဘာမှ ဖြစ်လာမှာလည်း မဟုတ် သွေးလဲခြင်းအားဖြင့်လည်း နွံက ကြာဖြစ်လာမှာ မဟုတ်
ကျားဟာ သိုးမဟုတ် ဓူဝံကြယ်ကို သင့်အိပ်ကပ်ထဲ ထည့်ထားပြီး မြောက်အရပ်ကို ဖျောက်ထားချင်လို့ ဖြစ်ပါ့မလား
ကျက်သရေယုတ်မှုများ ညှီနံ့များ ရှက်စရာ
မြစ်ဟာ နိမ့်ရာက အမြင့်ကို စီးဆင်းသွားပါ့မလား မတော်မတရားဖိနှိပ်လာတဲ့ ဖိစီးမှု
သွေးကြောထဲက သွေးသားများတော်လှန်
ခင်ဗျားရဲ့ နံဘေးမှာ အချိန်ပြည့်ရပ်ပြီး ခေါင်းငုံ့မထားနိုင်ခြင်းအတွက်ကတော့ ဆောရီးပဲ
မင်္ဂလာပါ မင်္ဂလာရှိကြရင်ပေါ့လေ အမင်္ဂလာက လွဲလို့ မှားနေတဲ့ အမှန်မျိုးက လွဲလို့
အားလုံးကို ကြည်ဖြူလက်ခံနိုင်တယ်
မှောင်နေတဲ့ အမှောင်ထက် အလင်းထဲက အမှောင်က ပိုကြောက်စရာ ကောင်းတယ်
ငါတို့တွေးဆသင့်တယ် သံဆူးကြိုးခြားထားရမယ့် အရာတွေ စွန့်ပစ်သင့်တဲ့ အရာတွေ
မသုံးသင့်တဲ့ အရာတွေ အဆိပ်ရည်
အလုံသွတ်သွင်းထားခံရခြင်းအားဖြင့် ခွန်အားသုံး ဖောက်ထုတ်ပစ်ရမှာလေ
အမှန်ဟာ အမှန်ပဲ ဖြစ်သင့်တယ် ငါ့လာရိုက်ခတ်နေတာတွေဟာ ငါ့မျက်ကွင်းကို ညိုလို့
ငါ့လာစားနေတဲ့ အရှိုးရာတွေ
9:35 AM 6/22/2012
စိုးမင်းအောင်
    Author
    ကျွန်တော်ကြိုက်နှစ်သက်သလို စာဖတ်သူများလည်းနှစ်သက်မယ်ထင်ရာလေးတွေကို တစ်စုတစည်းထဲဖတ်နိုင်စေဖို့ရည်ရွယ်ပါတယ်။
    Archives
    November 2012
    Categories
    All