(၁)
နှစ်ပေါင်းအတော်ကြာကြာ မတွေ့ဖြစ်ခဲ့သော ဆရာဟောင်းတစ်ယောက်ကို မန္တလေးမြီု့ရှိ စာအုပ်အရောင်းဆိုင်တစ်ဆိုင်ရှေ့တွင်ကျွန်တော်ပြန်တွေ့ခဲ့ရသည်။ လွန်ခဲ့သည့်
(၂၆)နှစ်ခန့် ကျွန်တော် (၁၀)တန်းကျောင်းသားဘ၀က အင်္ဂလိပ်စာကို ကျောင်းသင်ရိုးအပြင်
အတတ်ပညာ တစ်ခုအဖြစ် ထဲထဲဝင်ဝင်အသုံးချနိုင်သည်အထိ သင်ကြားပေးခဲ့ပါသော ဆရာ့ကို
ကျွန်တော် မည်သို့မေ့နိုင်ပါမည်နည်း။ ဆရာ့ကို ပြန်လည်တွေ့ချင် ကန်တော့ချင်နေသည့် ကျွန်
တော့်ဆန္ဒသည် ကျွန်တော့်စိတ်ကို မကြာခဏ နှိုးတိုးလှုံ့တုံ့လုပ်နေခဲ့ပါသည်။ယခုလို မထင်မှတ်သောနေရာတွင် မမျှော်လင့်ဘဲ နဖူးတွေ့ ဒူးတွေ့ဆုံလိုက်ရသည့်အခါ ကျွန်တော့်
လောက်ပျော်ရွှင်ဝမ်းမြောက်သူ မရှိဟုပင် ဆိုလိုက်ချင်ပါသည်။ဆရာသည် ယခင်က စလင်းမြို့
သား၊ယခု မန္တလေးမှာ။ကျွန်တော်ကမူ ယခုလည်း စလင်းမြို့နှင့် မိုင် (၂၀)ကျော် ဝေးသော ရွာ
လေးမှာ။
ကျွန်တော်၏နှုတ်ဆက်သံကိုကြားသည်နှင့် ဆရာသည် ကျွန်တော့်ကို နံမည်နှင့်
တကွချက်ချင်းတုံ့ပြန်နှုတ်ဆက်ပါသည်။ကျွန်တော် ဆရာ့ကို မမေ့သလို ဆရာသည်လည်း
ကျွန်တော့်ကိုအမှတ်တရရှိနေသေးဟန်။တစ်ယောက်ကို တစ်ယောက် ၀မ်းသာအားရ ဖက်လဲ
တကင်းပြုကြရင်းမှ ဆရာသည် ကျွန်တော့်လက်ထဲရှိ ၀ယ်ရန် ကျွန်တော်ရွေးချယ်ထားသော
အက်ဆေးပေါင်းချုပ် စာအုပ်ကို ကြည့်ရင်း --မင်း၊ဒါတွေ ဖတ်တုန်းလား၊ကဗျာတွေ စာတွေ ရေးနေတုန်းပဲလားကွာ----တဲ့။
ကျွန်တော့်ကို ဆရာ ကောင်းကောင်းကြီးမှတ်မိနေသေးသည်မှာ သေချာပါတော့
သည်။(၁၀)တန်းကျောင်းသားဘ၀ကတည်းက ကျွန်တော်သည် ကျောင်းစာတွင် အများထက်
ပိုမို ကြိုးစားခဲ့သည့်နည်းတူ ကဗျာတို စာတိုလေးများကိုလည်း တခုတ်တရ ရေးဖွဲ့လေ့ရှိသူဖြစ်
ကြောင်းဆရာ အသိဆုံးဖြစ်ပါသည်။ထိုစဉ်က ကျွန်တော် ရေးဖွဲ့လေ့ ရှိသော ကဗျာလေးများကို
ဆရာသင်ပေးသော အင်္ဂလိပ်စာဖြင့် ကိုယ်တိုင် ဘာသာပြန်ဆို၍ဆရာ့အားကျွန်တော်ပြသခဲ့လေ့
ရှိပါသည်။
ကျွန်တော်နှင့်ဆရာသည် ဘ၀အခြေအနေခြင်းတူခဲ့ကြသည်ကိုလည်း ကျွန်တော်
သတိရနေမိပါသည်။ကျွန်တော်သည် လက်လုပ်လက်စား ပန်းဘဲသမားတစ်ယောက်၏ သားသမီး
ငါးယောက်ထဲမှ အကြီးဆုံးသား၊ဆရာက အငယ်တန်းစာရေးဖခင်၏သားသမီး(၅)ယောက်ထဲမှ
အကြီးဆုံးသား။ထိုအချိန်က ဆရာသည် ဘွဲ့ရရပြီးချင်း ကျွန်တော်တို့ရွာ တွဲဘက် အထက်တန်းကျောင်းသို့ အငှားပြဆရာအဖြစ် လုပ်ကိုင်ရင်း မိသားစု ၀န်ကို မျှ ငင် ရုန်းကန်နေရသူ
တစ်ဦး။ ဆရာသည် ထိုစဉ်ကတည်းက ကျွန်တော်၏ စာပေ၀ါသနာကို အားပေးအားမြှောက်မပြုခဲ့။
ဘာ့အတွက်ကြောင့်ဟု ရေရေရာရာ မရှင်းမပြောခဲ့သော်လည်း ဒါတွေက အရေးမကြီးလို့ပါကွာ-
ဟုသာ ပိတ်ပင်တားမြစ်ခဲ့သူဖြစ်သည်။
ယခုထိ ဆရာသည် ကျွန်တော့်ကို အားမလို အားမရ ဖြစ်နေဟန်ရှိသည်။ထိုနေ့က-
-ဒါတွေနဲ့ပဲ အချိန်ကုန်နေတာ ဆိုရင်တော့- မင်း ရှေ့ရေးအတွက် ငါ ပူတယ်ကွာ-ဟုနှုတ်ဆက်
စကားဆိုကာ မှန်လုံကားလေးကို ကိုယ်တိုင်မောင်းရင်း လက်ပြ ခေါင်းငဲ့ကြည့်သွားခဲ့ပါသည်။
(၂)
တွေးလက်စ ၀န်ထုပ်ဝန်ပိုးကြီးနှင့် မနိုင်မနင်းဖြစ်နေသော ကျွန်တော်သည် ဆရာ့
ကိုပင် ပြန်လည်နှုတ်ဆက်ရန် တွေတွေဝေေ၀ဖြစ်ကျန်ခဲ့ပါသည်။ဆရာသည် ယခုအချိန်အထိ ကျွန်တော့်အပေါ် အမြင် မပြောင်းလဲသေးသည်လား။ဆရာ၏ ဘ၀ ယုံကြည်ချက်က ပင်လျင်
ခိုင်မာနေလေသည်လား။ကျွန်တော်ကိုယ်တိုင်က ဆရာမြင်သလို မပြောင်းမလဲ ဖြစ်နေသည်လား။
လူတစ်ယောက်၏ အသိ အတတ်ပညာတို့သည် အချိန်နှင့်နေရာကို မူတည်လျက် အပြောင်းအလဲ
ရှိနေရမည်လား။ရှိနေရန်လည်း မဖြစ်မနေ လိုအပ်ပါသလား။လူတို့သည် မပြည့်မစုံရာမှ ပြည့်စုံမည်ထင်သောအရာဆီသို့ပြောင်းလဲနေကြခြင်းလား။အသစ်အသစ်ကိုလိုလားတောင့်တ၍
ပြောင်းလဲနေကြခြင်းလားး။
ကျွန်တော်၏စိတ်သည် တငုံ့ငုံ့ တနုံ့နုံ့။ရုန်းရင်းဆန်ခပ် မေးခွန်းများနှင့်အပြိုင်
စိတ်နှင့်လူနှင့်ပင် မကပ်ချင်သလိုလို။-နက်ဖန်ကျ ဒီလိပ်စာအတိုင်းလာခဲ့ဦး-ဆိုကာ ဆရာပေးသွားခဲ့ပါသော လိပ်စာကဒ်လေးကို ကြည့်ငေးရင်း ကျွန်တော်၏ငယ်ဘ၀များဆီ
သို့ငေးတရီရီ။ကျွန်တော်နှင့်ဆရာ့ကို ပိုမိုရင်းနှီးကျွမ်းဝင်စေခဲ့သည်မှာ ကျွန်တော်၏ ကဗျာကလေးများကြောင့်ဖြစ်၍ ထိုကဗျာများအကြောင်းကို ပြန်လည်စဉ်းစားနေခြင်းဖြစ်သည်။
(၃)
ကျွန်တော်ရေးဖြစ်ခဲ့ပါသော ကဗျာတိုင်းကို ဆရာအား မပြပါ။ အင်္ဂလိပ်ဘာသာသို့
စမ်းသပ်ပြန်ဆိုကြည့်သော ကဗျာတချို့ကိုသာ ဆရာ့ထံ အမှန်အမှားပြသသင်ယူရင်းပြလေ့ရှိ
ပါသည်။ ဆရာကကြိုက်တယ်ဟု ဖွင့်ဟမပြောခဲ့သော်လည်း နှစ်သက်သည့်အမူအရာပြခဲ့သော ကဗျာလေး(၃)ပုဒ်အကြောင်းကို ကျွန်တော်ပြန်စဉ်းစားနေမိပါသည်။ ကဗျာတိုနံ့နံ့လေးများဖြစ်၍
ယခုထိ ကျွန်တော်ရနေပါသေးသည်။ပထမကဗျာတိုလေးမှာ-
မုဆိုး
ရှဉ့်လည်းလျှောက် ပျားစွဲသာ
အဘိ ဓမ္မာ သူ့မှာ မရှိ ။
သူ့လက် သူ ယုံ
စက်ဝိုင်းပုံ ဗဟို စက်
ပစ်ချက် ကွက် တိ ။ ။
ဆရာသည် ထိုကဗျာကိုဖတ်ပြီးကျွန်တော့ပခုံးကို သူ့လက်ဖြင့် ညင်သာစွာ တဖတ်ဖတ် ပုတ်ခပ်ရင်း----ဘ၀ကို ဖြတ်သန်းတဲ့ အခါ၊ အဲလို တိကျ ပြတ်သားပါမှ ၊လိုချင်တဲ့ သားကောင်ကို ရမှာကွ------ဟု ပြုံးပြုံးကြီးပြောခဲ့ဖူးပါသည်။
ဒုတိယတစ်ပုဒ်မှာ-
မဟာဗျူဟာ
ထိုအမဲကို
သဲနဲ့လည်း ငါမပက် ။
ငါကူညီ ပြုတ်ကျော်ချက်လို့
စား တယ် ည မ နက် ။ ။
-မီးစင်ကြည့် ကတယ် ဆိုတာထက် လေးနက်တဲ့ သဘော ပါတယ်ကွ။
ကိုယ်လည်း အကျိုးရှိ။သူ့အကျိုးလည်း မပျက်မစီးတဲ့ အပြင်၊အပိုဆုအဖြစ် အမဲသားဟင်း
တောင် မြိန်မြိန်ကြီးစားရဦးမဲ့ သဘောပဲ--ဟု အားပါးတရ ၇ယ်မောရင်း ဆရာပြောခဲဖူးသည်။
တတိယ ကဗျာကိုတော့ ဆရာက ဖတ်ပြီးပြီးချင်းတုံ့ပြန်မပြောခဲ့။ဒီဇင်ဘာကျောင်း
ပိတ်ရက် အိမ်မှပြန်လာသည့်တစ်ရက်တွင်- မင်းရဲ့ ဖျာသည် ကဗျာလေးကို ပြန်ရွတ်ပြပါဦး-ဟုဆိုလာခဲ့ပါသည်။ ကျွန်တော်ပြန်ရွတ်ပြခဲ့သော ထိုကဗျာမှာ-
ဖျာရောင်းတဲ့ ကမ္ဘာ
လာ လေ
လာ ထိုင်
ဖေါ် ရွေ လှိုင်နေ
ဖျာ ဆိုင် ဖွင့် တဲ့ မိတ်ဆွေများ ။ ။
ကျွန်တော်ရွတ်ဆိုနေသည်ကို ခေါင်းတငြိမ့်ငြိမ့်ဖြင့်နားထောင်ပြီးမှ ---------
လူပျော့ သူညံ့တွေဟာ ကိုယ်မှာ လိုအပ် မလိုအပ် ကို မစဉ်းစားပဲ ဆိုင်ရှင်ရဲ့ အကျိုးလိုလို့ ညောင်ရေလောင်းမှုအောက်မှာ ဖျာတစ်ချပ် ၀ယ်ပြန်ကြရသလို-
လူပါးဝတဲ့ဒဏ် မခံကြရအောင်၊ငါတို့ဟာ လိမ္မာပါးနပ်နေရမဲ့သဘောပေါ့ -ဟုဆိုခဲ့ပါသော ဆရာသည် စာပေအနုပညာကိုခံစားနားလည်တတ်သူဖြစ်သည်ကတော့ သေချာခဲ့ပါသည်။ သို့သော်-
ထိုနေ့မှစ၍ ကျွန်တော်ကဗျာရေးခြင်းအလုပ်ကို ဆရာခွင့်မပြုတော့ပါ။ စာမေးပွဲကြီးမပြီးမချင်း မရေးရဟု ချော့သလို ခြောက်သလို တားမြစ်ခဲ့ပါသည်။
(၄)
ဆရာ လုံးလုံးကြီးကိုပြောင်းလဲသွားပြီဟု ကျွန်တော်ယူဆရတော့မည်လား။
ယခင်က ကျောင်းဆရာသာဖြစ်သော ဆရာသည် ယခုအခါ စီးပွားရေးလုပ်ငန်းတစ်ခုတွင် အောင်မြင်မှုရနေပြီတဲ့။အချိန်နှင့်နေရာ ပြောင်းလဲရုံမျှဖြင့် လူသားတစ်ယောက်အတွက် အပြောင်းအလဲသည် ပြီးမြောက်သွားပါသလား။မဖြစ်မြောက်နီုင်ဟုကျွန်တော်ထင်ပါသည်။ အတွေ့အကြုံသာ ပြောင်းလဲရင့်ကျက်လာနိုင်ပါမည်။ ထိုမှတဆင့် အတွေးအကြံ မြင့်တက်လာရမည်။ထိုအခါမှသာ ဘ၀ရပ်တည်မှုဟန်သည် ပြောင်းလဲ တိုးတက်သွားမည်ဟု
ဆိုလျင်မူ ရတန်ကောင်းပါသည်။ယခုလိုကျွန်တော်တွေးဆနေခြင်းသည် မှန်ကန်ပါသည်ဟု
ဆိုနိုင်ပါသလား။တကယ်တော့ ကျွန်တော်တို့သည် အကောင်းအမှန်ကိုမဆိုက်မရောက်ကြသေး၍ သာလျင် အရွေ့အပြောင်းတွေလုပ်နေကြခြင်းဟု ကျွန်တော်မြင်ပါသည်။
အကောင်ဆုံးအမှန်ဆုံးသို့သာ ဆိုက်ရောက်သွားပါလျင် ကျွန်တော်တို့၏ပြောင်းခြင်းရွေ့ခြင်း စိတ်ပိုင်း ရုပ်ပိုင်းဆိုင်ရာ အမှုကိစ္စတို့သည်ရပ်တန့်သွားပါလိမ့်မည်။လူတို့ထုပ္ပတ်၊လောကီဇာတ်၌ အကောင်းအမှန်ဆုံးဆိုသောအရာသည် ရှိပါမည်လား။လောကီဇာတ်ဖြစ်သည်နှင့်အညီ လောကဓံ တရားများအကြား စားဝတ်နေရေး ရန်သူကြီးကိုသာ တွန်းလှန် ရုန်းကန်ရင်း ပို၍ပို၍ကောင်းရာ မှန်ရာဆီ မျှော်ရင်း မှန်းရင်းရွေ့နေပြောင်းနေကြဦးမည်ဟုကျွန်တော်ဖြေဆိုကြည့်လိုက် ချင်ပါသည်။
(၅)
မြန်မာအက်ဆေး ၁၀၁ ဆိုသော စာအုပ်၏ရှေ့စာမျက်နှာ ညာအပေါ်ထောင့်တွင် ဆရာနိုင်၏အမှတ်တရ လက်ဆောင်ဆိုသောစာသားလေးကို ဆိုင်ထဲ၌ပင်ကျွန်တော်ရေးမှတ်ထား လိုက်ပါသည်။ထိုနေ့ကကျွန်တော့်အတွက်စာအုပ်ဖိုးကိုပါပေးရှင်းလျက်ဆရာဝယ်ယူသွားခဲ့ပါသော စာအုပ်၏ အမည်မှာ -မိုးကုတ်ဝိပဿနာ-ဒုက္ခမြင်မှ နိဗ္ဗာန်ရ-ဟူ၍ဖြစ်သည်။
(၆)
မနက်ဖြန်တွင်ဆရာနှင့်တွေ့ဆုံရန်ကျွန်တော့်မှာအားအင်မကျန်တော့သလိုခံစားနေ ရသည်။ ဆရာချိန်းခဲ့သော မနက်ဖြန်မနက်(၉)နာရီသည် ကျွန်တော့်လိုနယ်မြို့အသီးသီးမှ ကဗျာရေးသူများအချင်းချင်း မန္တလေးတွင်လာရောက်စုစည်းတွေ့ဆုံရန် ချိန်းဆိုထားသော အချိန်ဖြစ်နေပါသည်။ ကျွန်တော်မည်သို့စီစဉ်ဆုံးဖြတ်ရပါမည်နည်း။ဆိုင်းဆိုင်းဆို့ဆို့ဖြစ်နေသော မိမိကိုယ်ကိုလည်း အားမလိုအားမရ။
လူလန်း (၇-၁၀-၂၀၁၂ )