ကြီးကျီးကြယ်ကျယ် ကဗျာ (၂)
ရုပ်မမြင် အသံမကြားလည်း ပစ်မှတ်ကို ဒုတ်ကနဲထိရင်ပြီးတယ် လို့
ကျွန်တော်ကဗျာရေး ခဲ့တယ်။
စနစ်တကျ အမှန်တရားအာဟာရတွေ ငတ်နေသူအချင်းချင်း
တစ်ဇွန်းတစ်ယောက်မ ဖြစ်ဖြစ် ပြည့်စေ စုံစေ ငှ ဝေ စားစေချင်လို့
ကျွန်တော် ကဗျာရေးခဲ့တယ်။
ပြည်သူ့အသံပြည်သူ့ဆန္ဒဆိုတဲ့
မသိမေး မစင်ဆေး လွှတ်တော်ကြီးတွေထက် သာချင်နေလို့
ကျွန်တော် ကဗျာရေးခဲ့တယ်။-------။
အားကိုးရာဟာ အားကိုးသူထက် အမြော်အမြင်ကြီးစေချင်လို့
ကျွန်တော် ကဗျာရေးခဲ့တယ်။
ဥပဒေရဲ့အထက်မှာ အောက်လမ်းနည်းကိုယ်ဖော့ပညာနဲ့
လက်နက်ပုန်းထုတ်သုံးနေသူတွေကို ထင်သာမြင်သာဖြစ်စေဖို့
ကျွန်တော် ကဗျာရေးခဲ့တယ်။
ရှုးံထွက်ပွဲမို့ တားမြစ်ဆေးတွေ ဗုံးပေါလအောသုံးတဲ့
နရူးရှူးထိုး တိုက်စစ်ခံစစ်တွေကို ကွင်းပြင်ထုတ်ဖို့
ကျွန်တော် ကဗျာရေးခဲ့တယ်။
တရားဓါတ်မရှိပေမဲ့ အမှားမှတ်အပြည့်နဲ့ ဂုဏ်ထူးတန်းဝင်
ဘွဲ့လွန် ကျမ်ပြုပညာရှင်တွေကို မင်နီတားပစ်ချင်လို့
ကျွန်တော်ကဗျာ ရေးခဲ့တယ်။
ထမင်းတစ်လုပ်အတွက် ငရဲမှာ သစ်ငုတ်လုပ်မဲ့
မသိဆိုးရွား ထားရာနေ စေရာသွားတွေကို ကျွတ်တမ်းဝင်စေချင်လို့
ကျွန်တော် ကဗျာရေးခဲ့တယ်။
သမိုင်းဆိုတာ အင်းစိန်နဲ့ နီးတာပေါ့ကွာဆိုတတ်တဲ့
ဝက်ဖြစ်မှ မစင် ကြောက်သူတွေကို အမိုက်ဇာတ်သိမ်းပေးချင်လို့
ကျွန်တော် ကဗျာရေးခဲ့တယ်။
တိုတိုပဲ ပြောမယ်ဗျာ
သမ္မတကြီးဟာ ကျနော့်ထက် မသာရင် ဖြစ်ကိုမဖြစ်လို့
ကျွန်တော် ကဗျာရေးခဲ့တယ်။
ဒါပေမဲ့ ကျွန်တော် ကဗျာ မရေးတော့ဘူး
ပြည်သူ့ ဘ၀ ကို မျက်ချေမပြတ်ကြည့်နေရလို့
ကျွန်တော် ကဗျာမရေးတော့ဘူး------။
ပြည်သူကို ဘယ်လို နားပါးလှည့်ရမလဲလို့ ခေါင်းစားနေသူတွေများလွန်းလို့
ကျွန်တော် ကဗျာ မရေးတော့ဘူး-------------------။
ကြောင်ပီပီ ကြာကြာရေမငုတ်နိုင် သူတွေ ဇာတိရုပ်ပေါ်လာလို့
ကျွန်တော် ကဗျာမရေးတော့ဘူး---------။
ကြိုးရှည်ရှည်နဲ့ လှန်ထားလည်း ခွါရာတွေ ဗရပွနဲ့ စိုက်ခင်းပျက်ထဲ
သူခိုးက လူလူဟစ်သံကို သိမခံနိုင်တော့လို့
ကျွန်တော် ကဗျာ မရေးတော့ဘူး။
နောက်ကျောကဓါးကို ကြောက်နေရပါတယ် ဆိုသူတွေကို ချော့မော့ဖြောင့်ဖျပေးနိုင်ဖို့
ကျွန်တော် ကဗျာမရေးတော့ဘူး။
ရှင်းရှင်းပဲပြောမယ်ဗျာ
တစ်နေ့ကောင်းနိုးပြင်နိုးနဲ့ မျှော်ကိုးပေါင်းသင်းလာခဲ့ရတဲ့ လင်ဆိုးမယားလို
အထုအထောင်းခံ ဒဏ်ရာတွေ ဗရပွနဲ့ လုပ်ကိုင်ကျွေးမွေးနေရတာကို ငြီးငွေ့လှပြီ
ကျွန်တော် ကဗျာမရေးတော့ဘူး
ကဗျာမရေးတော့ဘူး။
မရေးတော့ဘူး မရေးတော့ဘူး
မရေးတော့ဘူးလို့ အချိန်တွေမောင်းတင် စုဆောင်း
ဘာလုပ်ရင်ကောင်းမလဲဆိုတာ
ဒီကဗျာထဲမှာ
တစ်ခါတည်း ကြေညာလိုက်တော့မယ် ။
လူလန်း(၆-၁၂-၂၀၁၂)