ပွင့်သွားလို့ ဖွင့်ပေးရ သဘော တောနက်နက်ကြိးထဲ
လမ်းပေါက်ပြီလား တောသုံးတောင်ဖေါက်ဆဲ အလျှိုလျှိုအမြောင်မြောင်
စီမံစိမ့် စမ်းမြိုင်ဂနိုင် အရှုးံမပေး သံသယ သံသရာ
အလိုမပြည့်စွာ ဂယက်ဝဲကတော့တွေဟာ ကိုယ်စီလင်းမှုခြင်းမှု ဗိုလ်လုပွဲအမီ
ခုမိထားတာ ကျနော်ကျမတို့ ထောင်ထားတဲ့ယုန်ကို
ခိုးယူစားသုံးနေတဲ့ ကြောင်ဖား ကြီးပါလားဆိုသလို
ကြီးခဲ့သမျှ မျက်ရည်ပေါက်ပေါက်တွေနဲ့ ပုံတူကောက်ကြောင်း သရုပ်မှာ
လူရုပ်မပီချင်ချင် တည့်တည့်တိတိလင်းလင်းထဲ
ကြယ်ဟာကြယ် ၊ တာရာဟာတာရာ ၊ဆိုလိုတာက
ဂြိုဟ်တွေမှာ ဂျို အမြီးပါမပါ မသေမချာသလိုမျိုး
အစုန်ခရီးသက်သက်ပီပီ အကြုံစီးသူတွေနဲ့အတူ၊
ဒဏ်ရာရ ပွဲနားသမားတွေများသလောက် အရံပလေယာတွေကိုယ်တိုင်လဲ
ထိုင်ခုံနာမိဆိုတော့ ၊နည်းနဲ နဲ့ ကြဲကျဲဝိုင်းနေကြတဲ့နေ့
အဲဒီနေ့က မ------- ဟာ ထမင်းမနပ်သေးဘူး။
ကျနော် က သတင်းမကြည့်လိုက်ရဘူး။
သမီးက စာမဖတ်လိုက်ရသလို ဂိမ်းမဆော့လိုက်ရတဲ့သားကလဲ တဆဲဆဲတဆိုဆို။
လိုအပ်ရင် ကွန်ချက်တွေ ပြကြပါစို့ဆိုဆို၊
လိုအပ်ရင်လိုအပ်သလို လက်ဝင်လျှိုပေးပါ့မယ်ဆိုဆို။
သွေးလှူမယ်။နာရေးကူညီမယ်။သစ်ပင်စိုက်မယ်။ဟိုတစ်ဖွဲ့မယ်။ဒီတစ်သင်းမယ်။
ကူချင်သူတွေကစပြီး ကယ်ပါကူပါ တစာစာမယ်။
အဆက်နဲ့ အရှက် ပြတ်သွားတဲ့အနာဟာပြဿနာ။
အကျနာခဲ့ကြပါတယ်။ အတက် ကြာခဲ့ကြပါတယ်။အထိမ်းအမှတ်ပွဲသံအကြား
ခင်ဗျားတို့ဟာ ကျနော်ကျမတို့ကို ရှာဖွေတွေ့ရှိခဲ့ကြ။
မျှော်ခဲ့ရ။စောင့်ခဲ့ လက်ဝါးဖြန့်ခဲ့ရ။
အရသာကို ရှာဖွေခံစားတတ်ခဲ့ကြပါပြီ။
ချက်နည်းပြုတ်နည်းကြားဖူးနားဝမှာသာ ခြစ်ခြစ်တူးကျွမ်းခဲ့ရ။
ငါးကြော်ကဒီမှာ ။ငါးကင်က ဟိုမှာ ။လက်ဝါးပြ လျက်ဆားရခဲ့
နှစ်ရှည်လများ စေတနာကမ်းပါးထဲ
ကွန်ချက်တွေ မပြ/မရ လေသမျှ ဘ၀ဆိုတာ ခေါင်းတခြားကိုယ်တခြား ပွင့်လင်း
လင်းလင်းချင်းချင်းနီ ရောင်စုံ လက်သီးလက်မောင်းတဗွက်ဗွက်
ကိုယ့်အူအခွေကြီးကိုပဲ အထွေးလိုက်ပွေ့ပိုက် အခြေ(က)ခံ
လူလန်း(၃-၁-၂၀၁၃/၁၁း၃၄)