ဦးအောင်တိုးနဲ့ဒေါ်တိုးတိုးမြင့် အစ
မောင်တိုးကျော်နဲ့မနိုင်နိုင်တိုး အဆုံး
နောက်ထပ်တိုးလာတဲ့မောင်နောက်တိုး အပါအ၀င်၊
တပိုင်တနိုင်မွေးထားတဲ့ဝက်ကလေး(၂)ကောင်က တိုးမောင်နဲ့ မိတိုး၊
(စိုက်ခိုင်းထားတဲ့စပါးအမည်က
ရတနာတိုးအစား ပုလဲသွယ်-အထူးအထွက်တိုး-)
တိုးကို တိုးချင်နေကြတဲ့အခြေအနေဆိုတော့
ဥဒဟို တိုး၊ဇွတ်အတင်း တိုး၊
တကိုယ်တော် တိုး၊အစုအဖွဲ့နဲ့ တိုး၊
ပါတီထောင်လို့မှိုလို တိုး၊
ရေးရာကော်မတီတွေနဲ့တိုး၊
တွန်းရင်းတိုးရင်း အိုနင်းခွက်နင်း ကြက်ပျံမကျ တိုး၊
(စည်းကမ်းမဲ့တိုးပါက ကြိမ်ဒဏ် ၅၀ )
တွန်းရင်းကြေကြေ၊တိုးရင်းသေသေ၊
တိုးမယ်တက်မယ်ဆို သားကောင်ချ နင်းလို့ တိုး၊
ဖောင်ကိုဖျက်လို့ တိုး၊
ဘ၀တွေကို ပုံအောလို့ တိုး၊ဖုံးမရ ဖိမရ တိုး
၊ထိမ်းမနိုင် သိမ်းမနိုင် တိုး၊
စိတ်လွတ် ကိုယ်လွတ် တိုး၊
တိုး တိုး တိုး၊
တိုး ဖို့တိုး၊တက်ဖို့ တိုး၊ ပွားဖို့ တိုး၊
တိုက်ဖို့ တိုး၊တွန်းဖို့ တိုး၊ ဝှေ့ဖို့ တိုး
၊ရည်ရွယ်ချက်အမျိုးမျိုးနဲ့ တိုး၊
ကြော်ညာအားနဲ့ တိုး၊ ကံစမ်းမဲနဲ့ တိုး၊
အမိန့်ညွှန်ကြားချက်နဲ့ တိုး၊
ကြီးနိုင်ငယ်ညင်း တိုး၊
သူခိုးက လူ လူဟစ်လို့ တိုး၊
တန်းစီ တိုး၊ကြားဖြတ် တိုး၊
အရေးပေါ်အခြေအနေနဲ့ တိုး
၊(လာဘ်ပေးလာဘ်ယူ တိုးသူများ
တရုတ်နိုင်ငံတွင်သေဒဏ်)
ဒါကြောင့် တိုးတိုးတစ်မျိုး ကျယ်ကျယ်တစ်မျိုး တိုး၊
ငစွေလည်း တိုး၊
ငမာလည်း တိုး၊
မောင်မောင်လည်း တိုး၊
အောင်ကျော်လည်း တိုး၊
မောင်ပုလဲ လည်း တိုး၊
(တချို့ ကြက်ကန်း ဆန်အိုး တိုး၊
တချို့ ကံဆိုးမသွားရာ မိုးလိုက်လို့ တိုး၊)
ဟိုဘက် တိုး၊ဒီဘက် တိုး၊
အလယ် တိုး၊အရှေ့ တိုး၊အနောက် တိုး
၊အထက် တိုး၊အောက် တိုး၊
အရပ်ဆယ်မျက်နာ ဖြန့်ကျက်လို့ တိုး၊
မြေပေါ် မြေအောက်မကျန် တိုး၊တိုးပြီးရင်း တိုး၊
ခုလည်း တိုး၊ နောင်လည်း တိုး၊
သက်တမ်းကုန်ရင် တိုးဖို့ နှမ်းဖြူးလို့ တိုး၊ ဆားခပ်လို့ တိုး၊
ထောင်မြင် ရာကိုစွန့်လို့ တိုး၊
ဘာလုပ်ပေးမယ် ညာလုပ်ပေးမယ်
ပါးစပ်ထဲက ကတိက၀တ်တွေနဲ့ တိုး၊
တိုး တိုး တိုး ၊တိုးမဲ့ တိုး ကုတို့ရောက်အောင် တိုး၊
(တိုးမောင်နဲ့ မိတိုးကတော့
စွန့်ပစ် ထမင်းသိုး ဟင်းသိုးတွေကို မြိန်ရည်ရှက်ရည် တဗွမ်းဗွမ်း၊
ဦးတိုးနဲ့ဒေါ်တိုးဟာလည်း
အသားတိုးတော့မယ်ဆိုတော့ ပီတိတွေ တရွှမ်းရွမ်း၊)
ဆက်စပ်ပူးပေါင်း တိုးနေကြတယ်ဆိုတော့လည်း
ငွေတိုး ရွှေတိုး၊အိမ်ခြံမြေတွေတိုး၊
စက်ရုံ အလုပ်ရုံတွေ တိုး
(အလုပ်လက်မဲ့တွေလည်း တိုး)
သွေး တိုး၊ ဆီချို တိုး၊
အနာရောဂါ တိုး၊
(ကုရာနတ္ထိ ဆေးမရှိတွေလည်း တိုး၊)---
ဒီလောက်တောင် တိုး=တက်=တွန်း=တိုက်နေတဲ့အထဲ
စိတ်ကောင်း စေတနာကောင်းတွေ ဘယ် ကျန် နေ ခဲ့ သ လဲ----။
လူလန်း (၂၉-၈-၂၀၁၂ )
ဟောဒီ ရုံပွင့်/ရုံဖွင့် ရုံလျှံ အရှုံးခံ ဇာတ်လမ်းမှာ
ကျွန်တော့်အပြင် မ နိုင် နဲ့ မ နင်း ဆိုတဲ့ ညီအမနှစ်ဦး။
ပဏာမအဖြစ်အငုံအဖူးတွေနဲ့ ဖုတ်ပူမီးတိုက်များ ဆိုသီ
ခေတ်ပေါ် အငမ်းမရ အရှောင်အတိမ်းများနဲ့ယိမ်းအလှ အကများ
တမြည့်မြည့်ပြည်ဖုံးကားကြီးအကျမှာ
နောက်တစ်လှမ်းဆုတ်ဟာ တရွေ့ရွေ့အားယူရင်း
အဲသည် ကမ်းနဖူးယောင်္ကျားရဲ့ ကန်းနားသစ်ပင်
ဆိုတဲ့ခုထိပတ်တုတ်မရပါသောရေစီးကြမ်းတွေနဲ့ ဇာတ်ရုပ်စ
ထုံစံအတိုင်း ဇာတ်လိုက်ကောင်လေးက စရိုက်(၂)မျိုးနဲ့
ထင်းတွေကို ထမင်းလုပ် စားနေတဲ့ ရာဇ၀င်နောက်ခံမှာ
၁၄-၅မိုင်ခရီးပြင်း၊ ရေစည်လှည်းအိုတွေ ရေသောက်ဆင်း။
အဲဒီ ရောမဆန်ဆန် ခပ်ပြင်းပြင်းရှုခင်းထဲ
ကျတ်ကုန်းခေါင်ခေါင်ပေါ်မှတဆင့် ရွာကိုပြန်ကျောင်းနေပါသော
နှုတ်ကြမ်းအာကြမ်း ဆိတ်အုပ်များပါဝင်
(နောက်ခံ ကားလိပ်-ရွာဦးကန် ကိုယ်တိုင်က
ရွာကို ပြန်လည် သောက်သုံးနေဟန်-အဖြူအမဲ (၂)ရောင်သုံး )
-မခို့တရို့ ပတ်ကြားအက်နေကြသော တောင်သူယာခုတ်တချှို ဖြတ်လျှောက်ကြစေ-
ဖုန်တထောင်းထောင်း လမ်းခယောင်းတချို့လွယ်အိတ်ကိုယ်စီ
-တစ်ဦးစနှစ်ဦးစ မိုးတိုးမတ်တပ် မေ့နေဟန်ပြ-
ထိုစဉ်မျက်လုံးပြားပြား ထနောင်းပန်းဝါးဝါးနှင့်
ခေါင်းရွက်ဗျတ်ထိုး နေ့တဓူဝများသီချင်းသံဆူညံ။
နောက်တစ်ခန်း-မီးလုံးရဲ ရဲ အဖွင့်မှာတားဆေးထိုးချင်လို့ပါ
ဆရာ ဆိုပြီး ညီအမနှစ်ယောက် သဲသဲမဲမဲ ၀င်လာ။
၁။တစ်နွေပြီးတစ်နွေကို နို့ချိုမှန်မှန်တိုက်ပါ
၂။တစ်မိုးပြီးတစ်မိုးကို ကိုးလလွယ်ပါ
၃။တစ်ဆောင်းပြီးတစ်ဆောင်းကို ဆယ်လ ဖွားပါ
ဆေးပတ်လည်အောင် သံသရာလည်ပါဟု
ဆရာဝန်သံ ခပ်မှန်မှန်ဖြင့်ကျွန်တော်ပြော
(ရုတ်တရက် မီးမှောင်ကြီးချ။-ရုတ်တရက်ပဲ-
အဖြူခံ အစိမ်းရေး-၉၆ပါးနံပါတ်ပါ အိမ်တစ်လုံးကို ဆလိုက်နီ ထိုးပြ-
နောက်တဖန်ရုတ်တရက်ပဲ-ပြဇာတ်နာမည်ကိုကြေညာရန်-)
အချိန်နှင့် တပြေးညီစွာ အောက်ပါတစ်ပါးသွားသီချင်းကို
ိုတစ်ခွန်းဈေး ဆိုင်းဘုတ်သံဖြင့် မြိန်ရည်ရှက်ရည်-
ကမ္ဘာ မကြေ×××မြန်မာ××ပြည်×××××
လူလန်း(ပိတောက်ပွင့်သစ် -အောက်တိုဘာ/၂၀၀၈ )
အိုးမျိုး (၁၀၁)ပါးအနက်
အိုးအမျိုးမျိုး၏ သူ့သမိုင်းသူ အိုချင်းထား၊
အိုးချင်းညိနေသော အိုးစာရင်း-
မိုးလွန်မှ ထွန်ချတဲ့ အိုး။
ဘောင်ဘင်ခပ်တဲ့ အိုး။
အိုးစားခွဲတဲ့ အိုး။
သူခိုးက လူလူဟစ်တဲ့ အိုး။
ဟာမိုနီလိုက်တဲ့ အိုး။
ကိုယ့်ရှူးကိုယ့်ပတ်အိုး။
ဘုတ်မြေက် ကျီးမြောက် အိုး။
ငါးစိမ်းမြင် ငါးကင်ပစ်တဲ့ အိုး။
ကြောင်ရေချိုးတဲ့ အိုး။
ရူးချင်ယောင်ဆောင်တဲ့ အိုး။
အိမ်ကြက်ချင်း အိုးမဲသုတ်ခွပ်တဲ့ အိုး။
+ နှုတ် × စား အိုး။
အမဲရိုးတောင် အားမနာတဲ့ အိုး။
အိုးနင်း ခွက်နင်း အိုး။
သီဟသူရ ကြောက်ချေးအိုး။
ယုန်ကတောင်ပြေးတော့ မြောက်ကိုလိုက်တဲ့ အိုး။
ဆင်ကို ခ၀ါချတဲ့ အိုး။
အိုးကြီးရောဂါကြီးတဲ့ အိုး။
ဆင်စွယ်လို ၀င်လိုက်ထွက်လိုက် သူငယ်နှပ်စား အိုး။
ဆီးချိုသွေးတိုးနဲ့ နိုင်ငံရပ်ခြားဆေးကုတဲ့အိုး။
လူမစွမ်းနတ်မတဲ့ အိုး။
နှုတ်ခမ်းပဲ့ချင်း မီးမှုတ်တဲ့ အိုး။
ဖိတ်ခြင်းဖိတ် ကိုယ့်အိတ်ထဲ ဖိတ်တဲ့ အိုး။
ရေးလိုက် ဖျက်လိုက် မူကြို အိုး။
စလောင်းရွဲ့နဲ့ ကွက်တိ အိုး။
မြွေပွေးခါးပိုက် ပိုက်တဲ့ အိုး။
ခြိမ်းကား ခြိမ်း၏ မရွာတဲ့ အိုး။
မခြိမ်းမရွာ မလုပ်မရှုပ် အိုး။
ခြိမ်းခြိမ်းရွာရွာ ကွက်ကြားတော် အိုး။
ဒေါင်းယောင်ဆောင်တဲ့ အိုး။
ဖွတ်ထွက်လာတဲ့ အိုး။
ထိုင်ရမလို ထရမလို အိုး။
ငါ့လှေ ငါထိုး ပဲခူးဆား အိုး။
အစရှိသဖြင့် အိုးအမျိုးမျိုး ဘယ်လောက်ရှိရှိ--
-ကျွန်တော်သိသလောက်တော့
တုတ်ထိုး
အိုး ပေါက်။
လူလန်း (၁၇-၈-၂၀၁၂)
လဘက်ရည်ဆိုင်ကလည်း ကျေးဇူးတင်ပါတယ်။
နေ့ပျောက်ညမြင်တွေကလည်း ကျေးဇူးတင်ပါတယ်။
ပညာရှင်ဆိုတဲ့ ဆရာဝန်တွေကလည်း ကျေးဇူးတင်ပါတယ်။
ခေါင်းပေါင်းစိတ် တလူလူတွေကလည်း ကျေးဇူးတင်ပါတယ်။
Shopping centre ကအစ Super hotel တွေအဆုံး
ကျေးဇူးတင်ပါတယ်တွေနဲ့ လုံးထွေး ရစ်ပတ်။
၅၀-၁၀၀ စွန့်ကျဲလိုက်တဲ့နေ့မှပဲ ကျေးဇူးတင်ပါတယ်ဟာ
ဘွားကနဲ ရုပ်လုံးကွဲတော့တယ်။
နောင်လည်း ပေးနိုင်လှူနိုင်ပါစေ တဲ့။
ဒါဆို-ကျေးဇူးတင်ပါတယ် ဆိုတာ အားပေးကြပါဦး -သဘော။
ခင်ဗျားတို့ကို ပေးစရာ အား ဆိုလို့
ကျွန်တော်တို့ပိုင်ဆိုင်သမျှဆိုတာလဲ
ခင်ဗျားတို့ ဗုံးပေါလအော ပေးကမ်းထားတဲ့
ကတိက၀တ်တွေနဲ့ ကျေးဇူးတင်ပါတယ်တွေ။
ဒေသတွင်းမှာကလည်း ကျေးဇူးတင်ပါတယ်တွေ အနှံ့အပြားနဲ့
ဟုတ်ကဲ့ဟုတ်ကဲ့ ပြီးပြီးပျောက်ပျောက် ပြောက်တိပြောက်ကျား။
ပြောက်ကျားဆိုတာကို ပြားကြောက်လို့ မဖတ်မိပါမှ
ရက်တွေကို ရေတွက်ရင်း အပျောက်အရှုံးတွေနဲ့
ပြုံးလျှောက်နေရတဲ့ဆက်တင်-
ဆက်တင်ကိုလည်းဆင်တက်လို့မမှားမယွင်းကြပါရန်။
ဆင်တက်ရင် စင်အပျက်မှာ ဗဟုပြိုလို့
ဗဟိုပြုတွေကိုပြန်လည်ပြင်ဆင်ရမည်ဖြစ်ပါသဖြင့်
Dလမ်းထဲမှာ သူလဲရင်ကိုယ်ကထမ်းလို့ ကိုယ်လဲရင် သူကထူ။
သတိ-လု ထူ ဆိုသောစကားလုံးကိုလူ ထု ဟုသတ်ပုံမှန်မှန်။
ထိုကဲ့သို့ များနေတဲ့ အမှန်တွေဟာ မြန်နေတဲ့ အမှားတွေလား။
ပြည်တွင်းဖြစ် အိုင်ဒီယော်လော်ဂျီ ဘာဘာညာညာတွေထဲ။
ဘာဘာညာတဲတွေကို တိုက်ဖြစ်စေရေးဆိုသော--။ဆို့သော---။ဆိုးသော---
အုတ်ရောရော ကျောက်ရောရော ပါဝင်တပ်ဆင် တင်ဆက်နေသူများ။လူတန်းစားမရွေးလာရောက်အပန်းဖြေ
နားနေရန်အကောင်းဆုံး ဖွင့်လှစ်ထားသည့် နောင်တ ။
အဲဒီခမ်းမထဲမှာ Top tenနေရာကတစ်ရက်မှမဆင်းတဲ့
အောက်ပါသီချင်းကို နားဆင်ကြည့်-----
×××ကြီးနိုင်ငယ်ညှင်း××အချင်းချင်း××ကင်းရှင်းကြပါစေ×××--×××လိုအင်ဆန္ဒ××ဆေးပေါင်းခ××ပြည့်ဝကြပါစေ×××--×××အားလုံးမြန်မာ××ဘေးရန်ကွာ××ချမ်းသာကိုယ်စိတ်မြဲပါစေ×××--
--------------------ကျေးဇူးတင်ပါတယ် ---
ဟာ--လာပြန်ပြီ ဒီကျေးဇူး။
ကျေးဇူးတင်ပါတယ်တွေနဲ့ ဝေးရာ လွတ်ရာရှောင်ပြေးလာပါတယ်ဆိုမှ-။နယ်စည်းမခြားကျေးဇူး။
တိုးလို့တန်းလန်းကျေးဇူး၊
အတင်းအဓမ္မကျေးဇူး၊ပျောက်ပျောက်ပျက်ပျက်ကျေးဇူး။
ပြိုးပြိုးပြက်ပြက်ကျေးဇူး၊
ဟိုလိုလိုDလိုလို နားလှည့်ပါးလှည့် ကျေးဇူး၊
အားလုံးသောကျေးဇူးတွေနဲ့ဝေးရာကျွန်တော် ထွက်ပြေးရပြန်ပါတယ်။-
-ကျန်နေရစ်ခဲ့ကြတာက-
-စားပွဲနံပါတ်(၁)မှအစ--အားလုံးအားလုံး-
အားလုံးဟာ-တွေဝေ (၆ /ချောက် )ဆ၊ ငေး မော (၃ / သုန်း )ဆ နဲ့
ကော့တေး အစီအမံ တစ်ခွက် ပြီး တစ်ခွက်။
အထူးသတိ---အဲဒါ--ကျွန်တော်တို့ကို ကျေးဇူးတင်ပါတယ်ဆိုပြီး
နားလှည့်ပါးရိုက်နေသူ ကြီးများ။
လူလန်း (၁၈-၈-၂၀၁၂ )
အထွေထွေ အာရောဂျံဟာ အိပ်ယာထဲမှာ အေးစက် လို့ အရေးပေါ်အမြန်
ဘာဆို ဘာမှန်းမသိအောင် စီမံ မှောင်မဲထားတဲ့
အထူးမှောင်မှောင်မဲမဲထဲမှာခြေခေါက်လဲရာက ဆေးရုံပေါ်ရောက်ခဲ့ရသူ---။
ဗဟိုအာရုံကြောပဲ ထိခိုက်သွားသလိုလို-၊
ဦးနှောက်ထဲပဲ တစ်စုံတစ်ခုရိုက်သွင်းခံရသလိုလိုနဲ့--။
မြင်တယ် ကြားတယ် သိတယ် ကျွေးရင်စားတယ်
ဒါပေမဲ့ တုံးလုံးပက်လက်--။
ဒီလိုနဲ့ နေမကောင်းဘူးဟာ နှစ်ပေါင်းအစိတ်ကျော်ကျော် နေမကောင်းရာက
နာတာရှည် ဘ၀ထဲကို အတင်းအဓမ္မအကျဉ်းချခံရသလိုမျိုး
ဆေးရုံးပေါ်ရောက်တော့ တုံးလုံးပက်လက်-။
ခုဆို--တုံးလုံးပက်လက် နှစ်တွေတောင်မှ ငွေရတု ကြိုခဲ့ပြီ။
ခုထိ တုံးလုံးပက်လက်။
နေမကောင်းဘူး ဟာ မလျှော့နဲ့ မတင်းကို သွေးလို သွင်းခဲ့သလောက
်အကျိုးနဲ့ရလဒ်ကို ဓါတ်စာ လို ငတ်ခဲ့ရသူ--။
ဒီလိုနဲ့ နယ်လှဲ့နေမကောင်းဘူးဟာ သွေးတိုးနဲ့ နှလုံးနဲ့--။
လုံးလုံးမှ နလန်ထပါတော့မလားလို့
လွန်ခဲ့တဲ့နှစ်တွေကလို မတွေးမမျှော်ချင်တော့ပါဘူးတဲ့။
တကယ်တော့ နေမကောင်းဘူးဟာ
အဆီလွန် အဆိမ့်လွန်သ၀တွေကို သူ့အသိနဲ့အမျှမသုံးမစားခဲ့ဘူး။
သူ့ပတ်ဝန်းကျင်က ဟိုသစ်ကိုင်းလွတ် ဒီသစ်ကိုင်းမမီတွေနဲ့ဝေးရာမှာ သူနေ။
(ယခုထိ-မယ်လမင်းနဲ့ စာအုန်းဆီတွေကို နေ့စဉ် သုံးဆောင်မှီဝဲနေရတာကလွဲလို့--)
နေမကောင်းဘူးဟာ ကျန်းမာရေးနဲ့ မညီညွတ်တဲ့
ရေလိုက်ငါးလိုက်တွေကို မမြည်းမစမ်းခဲ့ဘူး။
ခေတ်မီမီ ကမ္ဘာကြည့် ကြည့်မြင် Exercises တွေနဲ့ ကိုယ်လက်လှုပ်ရှားတယ်။
တစ်ပတ်တစ်ကြိမ်ဆိုသလို အတွေးပေါင်ကို မှန်မှန်ချိန်တယ်။
ဒါလောက်တောင် ကိုယ်စိတ်နှစ်ပါးကိုပြုစုပျိုးထောင်တဲ့ကြား---
ဝေဒနာခံစားနေရတာ သချာင်္လို စုစုပေါင်းရင်
ရွှေရတု တိုင်တော့မယ် တဲ့။
ကျွန်တော် နေမကောင်းဘူးနဲ့တကွ
အခြားအခြားသော နေမကောင်းဘူးများရဲ့
နေ့စဉ် ဆေးထိုးဆေးသောက်စာရင်း----
--ခင်ဗျားတို့ စိတ်ဝင်စားရင် ဖတ်ကြည့်ဖို့-
-၁။မိမိကိုယ်သာ ကိုးကွယ်ရာ ကို ညအိပ်ယာဝင် မှာ (၁)ခြမ်း
၂။သန်းခေါင်းကျော် (၁)နာရီထိုးရင်
မျက်စိလည်းဖွင့် နာလည်းစွင့် ကို (၁)ပြား
၃။အစာ မစားမီ မှာ မည်သို့ပင် ဆိုစေကာမူ ကို (၁)တောင့်
၎။နောက်(၁)နာရီခြားပြီးမှ
သူတည်းတစ်ယောက် ကောင်းဖို့ရောက်မူ က (၁)လုံး
၅။နေ့ခင်း(၁)နာရီ တိတိမှာတော့
တို့ပြည်ကြီးကို ကာကွယ်မလေ ဒဏ်ကျေလိမ်းဆေးကို အနှံ့အပြားလူး
၆။ညီအကို မသိတသိအချိန်ရောက်ရင်တော့
ခွင့်သာခိုက်မှ မလိုက်ချင်လျင် ဆိုတဲ့ ဆေးခါးကြီး (၁)ခွက်
နေ့စဉ်ရက်ဆက်မှ နေ့စဉ်ရက်ဆက်-။
ကြာတော့လည်း--နေမကောင်းဘူးတွေဟာ
ဆေးရုံတက်ရတာရှက်လို့ ဆိုပြီး---
တုံးလုံးပက်လက်အချင်းချင်း
ဆရာဝန် လုပ်တမ်း ကစားကြသတဲ့-။
ကိုင်း--ဒီမှာ-တုံးလုံးပက်လက်တွေနဲ့
အတုံးအရုန်းဖြစ်နေပါတယ် ဆိုမှ-
ထပ်တိုး တုံးလုံးပက်လက်(၂)ယောက်
ထမ်းစဉ်ကြီးနဲ့ ရောက်လာပြန်ပြီ။
တစ်ကိုယ်လုံးလည်း ချင်းချင်း ကို နီလို့။
ဝိုင်းရိုက်လိုက်ကြတာ တဲ့-။
သူတို့နာမည်တွေ ခေါ်သံ ကြားလိုက်ရတာက-
- ကို ထူ နဲ့ ကို ထ ။
လူလန်း (၂၀-၈-၂၀၁၂)
နဖားကြိုး ဘွဲ့ သီချင်းကိုနစွန်နဖျားကြားပြီး န၀ံ ပီယံ ဖြစ်ရာက စတယ်။
နံကိုင်းပေါ်မှာလည်း နှင်တံရာ အလျှိုးအလျှိုးနဲ့ နာရကျင်ရကောင်းမှန်း မသိ။
နေထွက်ပြီဆို ထမ်းပိုးကိုယ်စီနဲ့ မနိုင်မနင်း၊နေ၀င်ချိန် စားကျက်ပြန်တော့ နွမ်းလျခြံဝင် နေမြဲ။
စားမြဲ သောက်မြဲ စားမြှုပ်ပြန်မြဲ ခိုင်းရင် ရုန်းမြဲ နဲ့ သတ်ရင် သေမြဲ ဆိုတာ သူတို့ရဲ့ နှစ်ကာလများ။
နင်ပဲ ငဆ ၊ ဟဲ့ ငေါက်သံတွေနဲ့ မအေနှမ မခံသာတွေကို
နေ့တဓူဝနာခံလို့ နေသားတကျ နိုးကြား။
မနက်ဖန်ဆိုတာ အဲဒီ နွားမှာ မရှိ။
နွားမဒန်းသားမခင်၊ နွားသိုးကြိုးပြတ်
၊ဂျိုကုပ်ရှိရာ ဂျိုထောင်မလာနဲ့နရူး ရှူးထိုး ဆိုတာ သူတို့နိယာမ။
ခွင့်တူညီမျှဆိုတာ မရှိ။နွံနစ်နေတဲ့နွားအချင်းချင်း ကူရကယ်ရကောင်းမှန်း မသိ။
နေ့တွက်တွေ လခတွေ နစ်နာကြေးတွေကို နမော်နမဲ့နဲ့
တန်၏ မတန်၏ တွက်ရချက်ရကောင်းမှန်း မသိ။
မျက်မှန်စိမ်းတပ်ခံနေရတာ မသိ။
(ကောက်ရိုးဆိုပြိးရော့ ခြောက်ခြောက်စိုစို ၀ါးမြို၊နုပ်နုပ်စင်းပေးရင်တော့ပိုကြိုက်)
နားလှဲ့ ပါးရိုက်ခံနေရတာတွေ မသိ။
ဆင်းရဲမွဲတေမှုတွေ မသိ။
နွားအချင်းချင်းမှာ လိုင်စင်ရသားသတ်သမားတွေရှိတယ်ဆိုတာ မသိ။
အိုင်တွေ့ရင် နွားငတ်ရေချ၊ ကြီးနိုင်ငယ်ညှင်း၊
ရေများရေနိုင်နဲ့စားကျက်စိမ်းစိမ်းဆို ခွါကြီးကြီးနဲ့ အုပ်ထားလိုက်ချင်တာကလွဲလို့
တော်မတော် သင့်မသင့်တွေ မလို။
အမျိုး ဘာသာ သာသနာတွေ မလို။
အချိန်တန်လို့ နပိန် ကန်ကန်) အနိုင်မခံ အရှုံးမပေးတွေ မလို။
နှလုံးရည် လက်ရုံးရည်တွေ မလို။
ဇောက်မှန်း ကမ်းမှန်း၊ကျောင်းမှန်း ကန်မှန်း သိဖို့ မလို။
လွတ်လပ်စွာ ပြောဆိုနိုင်ခွင့်ရှိတာလည်း မသိတဲ့နွား။
ဘွတ်အဲကလွဲပြီး ဘာတစ်ခုမှ ဖွင့်ဟ ဖေါ်ထုတ်ခြင်း မပြုတဲ့နွား။
အကြောင်းအမျိုးမျိုးနဲ့ သင်းကွပ်ခံရလဲ ဘွတ်အဲ။
အလိုမတူဘဲ အဓမ္မခိုင်းစေခံရလဲ ဘွတ်အဲ။
တစ်ကောင်နဲ့တစ်ကောင် ရန်လို မာန်ထနေရင်လဲ ဘွတ်အဲ။
လေးဂွနဲ့လက်ဆော့ ပစ်ခံထိရင်လဲ ဘွတ်အဲ။
စားချိန်တန်လဲ ဘွတ်အဲ။
ရုန်းကန်ရပြီဆိုရင်လဲ ဘွတ်အဲ။
ရရစားစား ၀ါးဝါးမြို မြို နွား။
အနာဂတ်ကို မြက်ခြောက်လောက်မှ စိတ်မ၀င်စားတဲ့နွား။
မြေစာပင်ကို အလယ်မှာထားပြီး အချင်းချင်း ဝှေ့ခတ်နေတဲ့နွား။
မိခင်နို့တောင် ကိုယ့်ရင်သွေးကို ၀၀လင်လင်တိုက်ကျွေးခွင့်မရှိဘဲ နို့ညှစ်ထုတ်လုပ် ရောင်းခံနေရတဲ့ နွား။
မိုးကျရွှေကိုယ် ကုဋေရှစ်ဆယ်သူဌေး နွား။
ကျားဆွဲအောင် အသင်းခွဲ ပညာတတ်တဲ့ နွား။
မှတ်ပုံတင် ပြီး ဂုတ်သွေးစုပ်တတ်တဲ့ နွား။
နွား ပီပီ တစ်ဘို့ တည်းရှိတဲ့ နွား။
နဂါးမှန်းသိအောင် ကဗျာကို ဂျိုလိုသွေးနေတဲ့ နငယ် နပင်းပိတ် ကျွန်တော်ဟာ နွားးးးးးးးးးးးးး။
လူလန်း (၇-၆-၂၀၁၂ )
ရင်ဘတ်ကို ဖိထားတဲ့ အားကျမခံတွေက တစ်ရွက်ပြီး တစ်ရွက်။
ကိုယ်တိုင် မှတ်တမ်းတင်ရန်မလိုသော သမိုင်းတွေနဲ့
ဝင်ခွင့်လျှောက်လွှာတွေက တစ်လိပ်ပြီးတစ်လိပ်။
ဖုတ်ဖက်ခါ သီလဆိုတာ ဖွင့်ဖေါက်လိုက်ကတည်းကတချွင်ချွင်
တချွမ်ချွမ်နဲ့။(သုံးစားခွင့်ရှိသေးတယ်ဆိုပေမဲ့
လက်ခံသုံးစွဲသူမရှိတော့တဲ့အကြွေစေ့မျှသာ။)
တစ်နေ့ပြီးတစ်နေ့၊တစ်ရွက်ပြီးတစ်ရွက်၊တစ်လိပ်ပြီးတစ်လိပ်
၊တချို့ တိတ်ကပ်၊တချို့ပလာစတာ အဖွေးသား၊
တချို့ခေါက်ရိုး ကျိုးကြေ။
အဲဒီလို ကသောင်းကနင်း စုဆောင်းမှုတွေထဲမှာ
ကိုင်းကူးကိုင်းဆက် အမောတကောပညာရပ်တွေပါတယ်။
အကွပ်မရှိသေးတဲ့ ဖရို ဖရဲ ဘ၀ အာမခံ ကြမ်းခင်းဝါးတွေ ပါတယ်။
ဧည့်ခန်းဆောင်သုံး ဘွဲ့လက်မှတ်တွေကတော့
မျက်စိသူငယ် နားသူငယ်နဲ့ အရွယ်မရောက်သေးတဲ့
ကလေးလုပ်အားတွေလို လို
၊တစ်ကျပ်တန် ခပ်နွမ်းနွမ်းလေးလိုလို
ဟိုတစ်ရွက် ဒီတစ်ရွက်။ဆေသားပွန်းကွာနေတဲ့
အဖြူအမဲဓါတ်ပုံဟောင်းလေးလို
စမ်းတ၀ါးဝါး နည်းနာတွေကအစ၊
ကာလဒေသကို ခုန်ပျံ ကျော်လွှားချင်နေတဲ့
လစ်ဘရယ် အာရုံခံစားမှုတွေအဆုံး
တစ်ခန်းလုံး ပြန့်ပျံ့ကြဲလို့။
ဒါတွေကြောင့်များ စုဘူးအမှတ် (၃၉)ဟာ မဆန့်တော့ဘူး
မရတော့ဘူးဖြစ်နေတာလား။
ဟိုဟာ တွေကလည်း ရှိသေးတယ်ဆိုတော့
စုဘူးအမှတ်(၄၀)သို့ ကျွန်တော် ပြောင်းရွေ့စုဆောင်းခဲ့ရ။
ဒီနေ့လို အစစအရာအရာ ပေါက်ကွဲမှုတွေအထဲ
(၃၉)မှ (၄၀)ဆီ ကျွန်တော် ပြောင်းလဲ လိုက်ရသလ
ိုစုဘူးတွေမှာလည်း အပြောင်းအလဲ
။နောက်ဆုံးပေါ်စုဘူးအသစ်အဆန်းတွေထဲ
မော်ဒယ်နိမ့် စုဘူးအဟောင်းတွေလဲ ရှိမြဲ။
ဆိုလိုတာက-စုဘူးမှာလဲ စုဘူးအခွင့်အရေးနဲ့။
စုဘူးချင်းစာနာရေး၊
စုဘူးတိုင်း လွတ်လပ်စွာ ထုတ်ဖေါ်ခွင့်ရှိရေး။
စုဘူးအသင်းအဖွဲ့ အမြန်ဖွဲ့စည်းနိုင်ရေး။
စုဘူးအားလုံးရဲ့ ( ၁%)သောမဲတွေကို
ထိရောက်စွာ အသုံးချနိုင်ရေး။
ဟိုအရေး ဒီအရေးတွေနဲ့ စုဘူးမှာလည်း စုဘူးအပူနဲ့ ဆိုသလို။
ထိုကဲ့သို့ စုဘူးတွေ အချင်းချင်းလက်ချင်းချိတ်တွဲလို့။
လှည်းနေ လှေအောင်း မြင်းဇောင်းမကျန်
စုဘူးဆိုင်ရာ အသိပညာတွေကို
စုဘူးခေါင်းဆောင်ဟာ ဖြန့်ဖြူးလို့။
ရရစားစား ၀ါးဝါး မြိုမြိုတွေအကြား၊
စုဘူးဟာ အတော်အတန် ခရီးပေါက်ခဲ့ပြီလား။
မစုရဲဘူး-မစုရဲဘူး အသံတွေအကြား
စုဘူးဟာ ဒီမိုကရက်တစ် ဖြစ်ပြီလား။
စုဘူးရဲ့ လောလောဆယ် ကြေညာချက်တစ်ခုမှာ
-စုဘူးဆိုတာ- မစုဘူး စုဖူး၊စုဆောင်း အသုံးပြုလိုတွေ အတွက်သာဖြစ်ပြီး
၊ ဘဏ် ဆိုသော အမည်နာမ၊
အနက်အဓိပ္ပါယ်နှင့်လုံးဝ (လုံးဝ) မသက်ဆိုင်ပါဆိုသလို-။
စုဘူးနဲ့ ကျွန်တော်ဟာ-ဖွတ် မိကျောင်းဖြစ် အိမ်တစ်လုံးထဲမှာ
ဟိုဟိုဒီဒီ ဘာကိုမှ လက်ခံ မယုံကြည်ရဲသေးတဲ့ ဥစ္စာစောင့် တစ်ကောင်လို-။
အပြောင်း အလွဲတွေကို မျက်စိ ဒေါက် ထောက်။
စုဘူးလောက်မှ ဇောက်မနက်သူတွေထဲ
ပြိုင်တူ စုလျှင် တွန်းနိုင်ပါတယ်ဆိုတာ
ပြိုင်တူ တွန်းလျှင် ရွေ့နိုင်စေ ရေး
လူလန်း (၂၃-၈-၂၀၁၂)
(ရေမြောရင် တင်စရာ ကမ်းရှိပေမဲ့ ဇာတ်မျောရင် စုန်းစုန်းမြုပ်တတ်တာကြောင့်)
ဇာတ်ဆရာဟာ ဇာတ်လမ်းကို ဇယော်ဇယ ဇာတ်ညွှန်းတွေနဲ့
ဇဝေဇ၀ါ ဇာတ်မျောမခံနိုင်ဘူးလိုလို။ကြိုးရှုပ်တာထက် ဇာတ်ရှုပ်ဟာ
ဖြေရှင်းလို့မရနိုင်တာကိုသိနေလို့ပဲ့ ဇာတ်လမ်းဟာ ဇာတ်ရှုပ်ကို
ဇွတ်တိုးလို့ ဇာတ်ရည်လည်အောင် ကြိုးစားနေလေသလား။
ခင်း-ခက်-ဖြေတွေနဲ့ ရီဝေေ၀ ရေချိန်မမီ ဇာတ်လမ်း၊
ဇိကုပ်လို့ နတ်ပြည်တင်နေကြတယ်ဆိုတော့
ဇောချွေးတွေနဲ့ အသက်ရှူကြပ် ပြာနှမ်းနေတဲ့ ဇာတ်လမ်း။
ပတ်တုပ်သံတညံညံနဲ့ ဇောက်ထိုးမိုးမျှော် ဇာတ်လမ်းကျီးကန်းတောက်မှောက်ဇာတ်လမ်း။
မရောင်ရာ ဆီလူး အကွက်အကွက်တွေနဲ့ ၀တ်လဲတော် ရွှေပုဆိုးဇာတ်လမ်း။
ရေနစ်ရာ ၀ါးကူထိုးတဲ့ ဆင်းရဲမှုလျှော့ချေ၇းဇာတ်လမ်း။
နှဲကြီးကိုမှ တက်နင်းမိသူတွေရဲ့ ကျွဲပါးစောင်းတီးဇာတ်လမ်း။
အိပ်မက်ဆိုးတွေနဲ့ သေလုမြောပါးဖြစ်နေပေမဲ့
အိပ်မက်ထဲမှာ ဘယ်ခါမှ မသေဆုံးသူဟာ
အိပ်မက်ရှင်ပါဆိုတဲ့ မျှော်လင့်ချက်ဇာတ်လမ်း။
ဲဒီလို ဇာတ်လမ်းမျိုး(၉၆)ပါးဟာ ဆင်သွားရင်းဖြစ်တဲ့
တောတိုးသံတွေအကြား ဘွားကနဲ -။
သူအစမ်းသူ့အထင်နဲ့ သူမြင်ရာ ဆွဲဖြိုချနေတဲ့
ဇာတ်ညွှန်းဟာ တတောလုံးမွမွကြေနေတဲ့ ဇာတ်ကွက်ထဲ ဘွားကနဲ။
ကြွေးကြော် တက်ခေါက်သံတွေက တို့ေ၇မြေပြုတ်ပြုတ်ပြုန်းမယ် လိုလို-
ထူးခပ်ကြဥိး လိုလို နဲ့ ဇာတ်လမ်းမျိုး(၉၆)ပါးဟာ
ဟိုမီ ဒီတွဲနဲ့ အခန်းဆက်ဇာတ်လမ်းတွဲ။
(ကျေးဇူးပြုပြီး ပြီးခဲ့တဲ့ ဇာတ်လမ်းအကျဉ်းကို နားဆင်ပါ)
ပရိတ်သတ်ဆိုတာ ဇာတ်လိုက်တွေကိုပဲ အားပေးနေတာတာမဟုတ်လို့
ဇာတ်ပို့ဇာတ်ရံတွေလဲ အော်စကာဆုတွေ ရသလိုမျိုး။
ကျေးဇူးပြုပြီး မိမိအလုပ်ကို ငြိမ်သက်စွာ အားပေးကြပါရန်။
(ဒါဟာ ထုံးစံအတိုင်း တမင်ကြံစီ ရည်ရွယ်လွှတ်လိုက်တဲ့ ဖားပြုတ်တစ်ကောင်ပါ)
ဒီလိုနဲ့ ဇာတ်လမ်းဟာ မစုံမလင် ဆက်တင်၊မတိမကျဇာတ်ညွှန်း၊
မလုံမလောက် ဇာတ်ကောင်၊တပေပေတတေတေ ပညာခန်းတွေနဲ့ ခပ်ရဲရဲ တင်ဆက်။
(မကြာခဏ ဇာတ်ညွှန်း(ဆရာ)ဆိုသူဟာ ဇာတ်ခုံပေါ် မချင့်မရဲ ဖြတ်လျှောက်ပြေးတက်လာတတ်တာကလွဲလို့)
ဒါကြောင့်လဲ ဇာတ်လမ်းကို သရုပ်ဖေါ်တင်ဆက်နေသူတွေဟာ ဇာတ်ကောင်တွေဖြစ်သလို၊ဇာတ်ကောင်တွေကပဲ
ဒီဇာတ်လမ်းကို ပူးဝင်လုပ်ကြံ သတ်ဖြတ်တတ်သလိုလို
ခုထိ ဇာတ်လမ်းဟာ ဇက်သပ်မရ ဘာမရနဲ့ နှစ်ရှည်ဇာတ်လမ်းတွဲပီပီ
ဇာတ်ကောင်တွေကလည်း ဆွေ(၇)ဆက် မျိုး(၇)လီ။
Bottom to up ကိုအခြေခံပါတယ်ဆိုတဲ့
ဇာတ်ကွက်တွေကလည်းခါးလယ်ကဖြတ်တက်လိုတက်။
အာဆီယံလယ်ဗယ်အတွက် Special Effectsတွေနဲ့ စီစဉ်တင်ဆက်လေမလား။
ဂီတမှူးကြီးကတော့ ဇာတ်ဝင်တေးကို ကမ္ဘာမကြေကလွဲပြီး ဘာသီချင်းမှမသုံးဘူးဆိုလား။
ကျေးဇူးပြုပြီး-ပတ်မကြီးကို ထိုးမဖေါက်လိုက်ပါနဲ့။
ဇာတ်လမ်းမှာ ဇာတိ ရှိသလို ၊ဇာတ်လမ်းဆီ တရွေ့ရွေ့ လာနေတာ ဇရာ ။
လူလန်း (၂၇-၈-၂၀၁၂)
စူးထိသွားတဲ့ မြားဦးမှာပဲ န၀ရတ် ကိုးပါး စီခြယ်ထားသလိုလိုအပ်သည်များကိုလမ်းညွှန်ကြားရေးမှူးချုပ်လျင်
ဒဏ်ရာကိုနေ့စဉ်အရိပ်တကြည့်ကြည့်လေရာရာပန်းတွေပွင့်ပြီး
သကာလသာညများမှာငေးမောအိပ်ပျော်ပျော်နေသေခဲခဲယဉ်းရင်းနှီးနှီးနှော
ဖလှယ်ခြင်းတွေထဲထဲဝင်ဝင်လာမစဲတသဲသဲ.com web ဆိုက်ကို
လော်geovernanceရှေ့မှာကောင်းမွန်သောထည့်ရန် မရှိ
ရန်ရှာသူခိုးရွှေရတပြပြဿနာကိုမီးခွက်ထွန်းရှာရေးတေးတေးသီချင်း
ဆိုပါဦးဆောင်စီမံထားရာနေစေရာသွားများအရိုးကြည့်ရှောင်လေ
ဝေးဝေးပြေးသွားသက်ထားဒါလီဆယ်လုပ်ကြံရည်ဖန်ရည်ဆေးကျောတစ်ရာ
ရင်တစ်ရာကြိမ်ဒဏ်ကြေလိမ်းဆေးပွတ်လေလေ
ဂူရွှေမှာအရောင်ထွက်တော်မူနန်းကခွာရာချင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ခြယ်တားမြစ်ကြီးငါးရာ
မြစ်ငယ်ငါးရာရာစစတုတ္ထမန်ဒိုင်လူကြီးလက်ထဲမှာ
အနီကဒ်သီးကတ်သပ်သပ်ရပ်ရပ်-ကြည့်-
သွားသတိစားသတိတိပပစောက်မှန်းကမ်းမှန်းမသိမေးမစင်ဆေးမှန်
မှန်သောက်သောက်စားစားလူမင်းသားကြီးမလုပ်ရလို့
ပတ်မကြီးထိုးဖေါက်သယ်တွေဟိုဟိုဒီဒီမိုကရေစီစီရီရီပုံပြင်ပြောစရာ
ဘာတစ်ခုမှတဆင့်ပြီးတစ်ဆင့်အကောင်အထည်ကြီးပျက်အစဉ်
ပြင်ခနမော်နမဲ့လုပ်နေရင်ထဲမှာနာ(၃)နာရေးကူညီမှုအဖွဲ့အနွဲ့ကဗျာဆရာမကောင်း
တပည့်ပန်းကောင်းအညွန့်ချိုးရေသုံးရေသန့်ရှင်းသောအစိုးရရစားစားဝါးဝါးဝေရီ
မှောင်ညသန်းခေါင်မှာကြယ်ရောင်ရေးရေးသားမှတ်တမ်းတင်
ဂုဏ်ပြုသူအသစ်ဖြစ်သူအဟောင်းလောင်းပေါက်ပေါက်ရောက်ရောက်လေရာ
ဘ၀သဟဠအအမေတို့တိုင်းပြည်ငါတို့ချစ်တဲ့မြေရေလေမီးဘေးရှောင်
မလောင်ခင်တားမြစ်နယ်မြေယာသိမ်းဆည်းသူတလူငါတမင်းကျင့်တယား
လူလန်း (၂၄-၈-၂၀၁၂)
အရိပ်တွေ ကိုယ်ပျောက်နေတာ နေပူထဲ မထွက်လို့
လာပြီ-----(တနည်းအားဖြင့် သွားပြီ---)
အရိပ်ကို စောင့်နေပါတယ် ဆိုမှ မခြိမ်း မရွာ ရာသီဥတု ကို အရိပ်အဖြစ် ချီးမြှင့် တယ်။
မိုးရိပ် လေရိပ်က ရွာရန်ကွက်ကျားနဲ့ တပြည်လုံး ရေကြီးေ၇လျှံ အနှံအပြား။
ဆိုလိုမှာက နေပူ မိုးရွာ သူခိုးလာ )
(မြေမဲ့ယာမဲ့တွေနဲ့ ရွေ့ပြောင်းလုပ်အားတွေလည်း နေပူထဲမှာ
၊တပိုင်တနိုင် ကူမယ် ကယ်မယ်တွေနဲ့ ပြန်မပြောနားမထောင်တွေလည်းနေပူထဲမှာ၊
လွတ်လပ်ရေးကျောက်တိုင်တွေလည်း နေပူထဲမှာ၊
တက္ကသိုလ်ကြီးတွေလည်း နေပူထဲမှာ၊
မန္တလေးကျုံးကြီးကအစ ဧရာဝတီ မြစ်ကြီးအဆုံး အားလုံး နေပူထဲမှာ၊
နေရိပ်အလာ နေပူကစောင့် နေပူထဲမှာ။
အလိုအလျောက် ရောက်လာတဲ့ အရိပ်ဆိုတာ နေ၀င်အိပ်တန်းတက်။
တကယ်တော့ နားခို မှေးစက်ခွင့် မရနိုင်သေးသူတွေ
မျှော်နေတာ ချွေးသိပ်စရာ အေးရိပ်ဆာယာ။
ညတာရှည်အိပ်မက်ဆိုးတွေနဲ့ပဲ နေပူကစောင့်ရင်း နိုးထရုန်းကန်။
နေလောင်ဒဏ်ရာကိုယ်စီနဲ့ အပူချိန်တွေကျီးလန့် စာစား၊
အနာဂတ် တံလျပ်တွေ ကောင်းကင်ဆီ တရိပ်ရိပ်။
အများမျှော်လင့်နေတဲ့ အရိပ်မှာ အပူတွေရှိတာအရိပ်ကို စောင်းစားနေသူတွေကသိပါတယ် ။
အရိပ်ဆိုတာ ပေးဝေလိုသူထက် အပိုင်စားလိုသူသာများတဲ့အကြောင်း။နေပူပူကတင်မြောက်လိုက်တဲ့
အရိပ်တွေဟာ နေပူဆီ အလည်အပတ်တောင် ပြန်မရောက်ကြသေးတဲ့အကြောင်း။
အရိပ်ပေးရေး အစီအမံတွေနဲ့ လုံးချာလည်နေကြတဲ့အကြောင်း။
ထောက်ခံကန့်ကွက်တွေနဲ့အရိပ်မျှရေး အဆိုအတင်တွေဟာလည်း
အဲယားကွန်းခန်းထဲမှာ နှာစေးအအေးမိနေတဲ့အကြောင်း။
ခုတော့ အရိပ်တွေ ဘယ်ပျောက်ကုန်ပြီလဲ၊အရိပ်တွေမှာ ကိုယ်ပျောက်ဆေးရှိသလား။
(အရိပ်တွေ ကိုယ်ပျောက်နေတာ နေပူထဲ မထွက်လို့ ။ထွက်မဲ့ထွက်တော့ ထီးတော်မိုးနဲ့-)
တနေ့တစ်လံ အရိပ်ဘယ်ပြေးမလဲ ဆိုရအောင်လဲ၊
နေပူမှာစောင့်နေသူတွေဟာ ကိုယ့်ခြေကိုယ့်လက်မှ အနိုင်နိုင်။
တစ်ဦးကို တစ်ဦး မေးထူးခေါ်ပြောတောင် မပီမသနဲ့
ဘ၀တွေဟာ ခြောက်ကပ်အက်ကွဲ။
ကိုယ့်အရိပ်ကို ကိုယ်တိုင် စိုက်ကြပျိုးကြမယ်ဆိုတော့လည်း
ကိုယ်ပိုင်မြေက တစ်လက်မ မရှိ။
ဒီမှာတော့ တစ်ယောက်အရိပ်နဲ့ တစ်ယောက်ကိုတစ်ယောက် မစို့မပို့ချွေးသိပ်ရင်း နေပူထဲမှာ။
အရိပ်တွေက သမင်မွေးရင်း ကျားစားရင်း။
လူလန်း (၂၈-၈-၂၀၁၂)