မြန်မာ နိုင်ငံ ကဗျာ ဆိုင်ရာ အရေး အသား
တ ညောင် ရွာ၊ စ လင်း မြို့ နယ်
စာ အ မှတ်၊ ၀၀၀၀၀၁ / ကဗျာလုံးချင်း(၂၀၁၂)
ရက် စွဲ ၊ ၂၀၁၂ခု နှစ် နိုဝင်ဘာ လ (၂၆) ရက်
သို့
လူကြီးမင်း
ကဗျာကို အစမှအဆုံးထိ ဖတ်ဖြစ်သူ
မြန်မာနိုင်ငံ
အကြောင်းအရာ။ နာမည်မမှည့်ရသေးတဲ့ဘီလူးတစ်ကောင်ရဲ့ အတ္ထုပ္ပတ္တိ´
ရည်ညွှန်းချက် ။ စက်ခေါင်းအသစ်တင်ထားတဲ့ မြို့ပတ်ရထားပေါ်မှာ လူလန်းကို
တော်ပါတော့ တွေနဲ့အတူ တွေ့လိုက်ပါသလား
ကျွန်တော့် စာအုပ်နဲ့ထုတ်ခြင်းနဲ့ပတ်သက်ပြီး အမှတ်(ဒဏ်ရာလည်းဖြစ်နိုင်ပါတယ်)တရ
ပြောစရာတွေတော့ ရှိပါတယ်။
ဥပမာ-
၁၉၈၇ခုနှစ် ကတည်းက ကဗျာဆိုင်ရာတွေကို ရေးသားခဲ့တဲ့ ကျွန်တော်ရဲ့ ပုံနှိပ်ဖေါ်ပြခံကဗျာ
အရေအတွက်ဟာ ၁၉၉၅ခုနှစ် အောက်တိုဘာ မြားနတ်မောင် မင်္ဂလာမဂ္ဂဇင်းမှာ စတင်ပုံနှိပ်
ဖေါ်ပြခံခဲ့ရတဲ့ကဗျာအပါအ၀င်မှ ယနေ့ထိ (၂၀)ကျော်မျှသာရှိပါသေး တယ်လို့
ကျွန်တော်ပြောချင်တာမျိုး၊
ပြီးတော့-
၁။ လူ့စရိုက်သဘာဝကို ပြဇာတ်အရေးအသားနဲ့ ဖွဲ့သီတတ်တဲ့ဆရာ ဦးပုည
၂။ နိုင်ငံရေးစပ်ကူးမပ်ကူးကာလမှာ အမျိုးသားနိုင်ငံရေးကို ကဗျာနဲ့ အောင်မြင်ထိမိစွာ
ဖေါ်ကျူးနိုင်ခဲ့ တဲ့ ဆရာကြီး မဟာမှိုင်း
၃။လောကအတွေးအမြင်တွေကို ကဗျာနဲ့ ပီပီပြင်ပြင် ချဉ်းကပ်သွာခဲ့သူ ဆရာဇော်ဂျီ
၎။မြန်မာ့ခေတ်ပေါ်ကဗျာတစ်ခတ်ကို ပိုင်ပိုင်ကြီး ပန္နက်ချပေးနိုင်ခဲ့တဲ့ ဆရာ မောင်ချောနွယ်
၅။ မြန်မာ့သမိုင်း တလျှောက်လုံးမှာ အမြဲလို နှစ်ပေါင်း ၅၀လောက်နောက်ကျနေခဲ့ရမှုတွေနဲ့
ကြီးပြင်းခဲ့ရပေမဲ့ ခု ကျွန်တော်တို့မြန်မာကဗျာကို နိုင်ငံတကာနဲ့ ပခုံးချင်းယှဉ်နိုင်အောင်
စွမ်းဆောင်ပေးခဲ့တဲ့ ဆရာဇေယျာလင်း
၆။ ကျွန်တော့်ကို ကဗျာဆိုင်ရာတွေနဲ့ ခုလိုလုံးထွေးရစ်ပတ်လာအောင်စတင်မျိုးစေ့ရစေခဲ့တဲ့
၁၉၈၅ခုနှစ် အ.လ.က တညောင်ရွာ၊မြခွါညို လက်ရေးကဗျာများဖန်တီးရှင် ဆရာတေဇာ(ခ)
ကျွန်တော်ရဲ့ မြန်မာစာပြဆရာ ဦးမော်တာ (ယခု-မြောက်-ဒဂုန်)
ကျွန်တော်ရဲ့ ကဗျာဆိုင်ရာအရေးအသားတွေနဲ့ ပတ်သက်ရင်ဖေါ်ပြပါ ဆရာ(၆)ယောက်ကို
ကျွန်တော့်ဆရာပါလို့ ကျွန်တော်ပြောချင်တာမျိုး၊
ပြီးတော့-
ယခု ကျွန်တော်ရဲ့ ကဗျာဆိုင်ရာ အရေးအသားတွေဆိုတာ
၁။သြကာသ လောကကြီးအကြောင်းကို ကြဲကြဲ
၂။သင်္ခါရ လောကကြီးအကြောင်းကို ကွက်ကျား
၃။ သတ္တလောကကြီးအကြောင်းကို အနှံ့အပြား ရှုမြင် ရေးဖွဲ့ထားတာဆိုတော့
တိုက်ဆိုင်မှုရှိရင်သာ ခွင့်လွှတ်ကြပါလို့ ကြီးကျီးကြယ်ကျယ် ကျွန်တော်ပြောချင်တာမျိုး၊
ပြီးတော့-
၂၀၀၈ခုနှစ်မှ ဒီစာအုပ်ထုတ်ချိန် ထိ ရေးသားဖြစ်တဲ့ ယခုစာအုပ်ပါ အရေးအသားများကိုသာ
ကျွန်တော်ကြိုက်ပြီး ကျွန်တော့်ရဲ့ ယခင် အရေးအသားများကို ကျွန်တော် မကြိုက်ပါလို့
ကျွန်တော်ပြောချင် တာမျိုး၊
ဒါပေမဲ့ စကားဆိုတာမျိုးက ကဗျာလို မဟုတ်ဘူးလို့ ကျွန်တော်ထင်မြင်မိတာကြောင့်
များများစားစား မပြောတော့ပါဘူး ။ဒါကြောင့်လည်း အနည်းအကျဉ်းပဲပြောရတဲ ကဗျာဆိုင်ရာ
အရေးအသားတွေကို ကျွန်တော်စိတ်ဝင်တစားဖြစ်နေလေသလားတော့ မသိပါ ခင်ဗျာ-။
ဘာပဲပြောပြော-ကဗျာဖတ်ပရိတ်သတ်ဆိုတာ-
ကျေးဇူး တင်ကို တင်ရမဲ့ စာဖတ်သူတွေပါ လို့ တော့ ပြော ကြည့်ချင် ပါသေးတယ် ။
လေးစားစွာဖြင့်
လူလန်း
လူလန်း(၂၇-၁၁-၂၀၁၂)
ဗျာ-ခင်ဗျားရဲ့ ကျားကုတ်ကျားခဲကို ကျွန်တော်တို့ဆီသို့ လက်ဆင့်ကမ်း၊
ဗျာ-ကျွန်တော်တို့ရဲ့ တောရမ်းမယ်ဖွဲ့ကို တူရာပေါင်းလို့ သဲလွန်စဖျောက်၊
ဗျာ-အိန္ဒိယမှာ တရုတ်ထက် ဘီလျံနာ နှစ်ဆများ(ကျီးဖြူကျီးမဲ တစ်ကောင်တည်း)
ဗျာ-သူ့ကိုယ်သူ ဘာမှ မဟုတ်ဘူးလို့ ၀န်ခံဖို့ဝေးစွ၊သူမှ သူ၊
ဗျာ-၇ံဖန်များစွာ သုံးသပ်စိစစ်စူးစမ်းတင်ဆက်မှသည် တဖန်သုံးသပ်စိစစ်စူးစမ်းတင်ဆက်ပြီး
ဗျာ-ပြန်လည်၍ သုံးသပ်စိစစ်စူးစမ်းတင်ဆက် ခဲ့သည့်တိုင် အပြန်ပြန်အလှန်လှန်၊
ဟုတ်-မပြီးနိုင် မစီးနိုင် မလုံးနိုင် မခဲနိုင် ကျလိုက် တက်လိုက် ဖြစ်လိုက်ပျက်လိုက် ငြင်းလိုက်ခုန်လိုက်၊
ဟုတ်-အတိတ်လိုက် ပစ္စုပ္ပန်လိုက် အနာဂတ်လိုက် လိုက်လေ ပြေးလေ ဝေးလေ ဝေလေ၊
ဟုတ်-ကြုံရာကျဘမ်း မြို့တည် ရွာတည်စနစ်၊တော်သလိုသင့်သလို ဖြစ်သလို လမ်းကြိုလမ်းကြား
ဟုတ်-မျဉ်းကျားမနိုင် မီးပွိုင့်မနိုင် အတွေ့အကြုံများသည် အချင်းချင်းစေ့စပ်၊
ဟုတ်-အချင်းချင်းတိုက်ရိုက်ကုန်စည်ဖလှယ်၊ သူမသာကိုယ်မသာ ကွင်းကွင်းကလေး ၀င်းဝင်းသီအိုရီ၊
ရှင်-အချင်းချင်းလွတ်ကျွတ် ဘေးမသီရန်မခ အထူးတန်းပွဲကြည့်စင်၊
ရှင်-သတင်းအစုံအလင်မှာ ခံယူချက်ဟူသည် ဖြတ်သန်းခဲ့ အတွေ့အကြုံများနှင့် တိုက်ရိုက်အချိုး၊
ရှင်-ရခိုင်ပြည်နယ်(ဆား)ကို ဘင်္ဂလားမှဝယ်ယူရန်၊
ရှင်-မြစ်တိမ်ကောလာမှုကြောင့် သင်္ဘောများ အချိန်ကြာမြင့်စွာ မောင်းနှင်ရ၊
ရှင်-အကူအညီပေးမဲ့ ဂျပန်နိုင်ငံမှာ ဂျပန်အလုပ်သမားများ သေလုမြောပါး အလုပ်လုပ်ကိုင်နေကြရ၊
ရှင်-အိုဘာမား လာသွားလို့ ညစာတောင် တစ်အိမ်လုံးမစားလိုက်ရဘူးဆို။
ဟုတ်- မြစ်ဆုံကို သမ္မတကြီးက သူ့လက်ထက်မှာ ရပ်နားထားတာပါ၊
ဟုတ်-တရုတ်က သားတို့ရဲ့လယ်ယာသားငါးပို့ကုန်တွေကို အရည်းအသွေးအကြောင်းပြပြီးပိတ်ထားလို့၊
ဟုတ်-ကားဈေး ဖုန်ဈေးတွေ ခုမှ ဘာကြောင့်ကျတာမသိသလို အိမ်ခြံမြေဈေး မကျတာကိုလည်းမသိဘူး၊
ဟုတ်-ရန်ကုန်တက္ကသိုလ်ကြီးကို အဆင့်ပြန်မြှင့်တော့မယ်တဲ့၊
ဟုတ်-ပီရူးနိုင်ငံတွင် အ.မ.က ကျောင်းသားများ လက်ပတော့ကိုယ်စီသုံးစွဲ သတဲ့၊
ဤနေရာတွင် အခမဲ့ကြော်ညာနိုင်ပါသည်။ဥပမာ-
၁။ကိုရီးယားနိုင်ငံတွင် အလုပ်အကိုင်ရရှိရေး ၀န်ဆောင်မှုပေးနေသည်။
၂။ထိုင်းနိုင်ငံမှ အကောင်းဆုံးဆေးရုံရှိ သမားတော်ကြီးများနှင့်ကုသနိုင်ရေး ကျွနိုပ်တို့ထံဆွေးနွေးပါ။
၃။အင်္ဂလန်နိုင်ငံရှိ တက္ကသိုလ်ကြီးများတွင် တိုက်ရိုက်တက်ရောက်နိုင်မည့်ဒီပလိုမာလက်မှတ်ရ သင်တန်း၊
စသဖြင့် စသဖြင့် စံချိန်စံညွှန်းမကိုက်ညီသော လမ်းဘေးဆိုင်းဘုတ်များကို မြို့တော်စည်ပင်မှဖယ်ရှား၊
ဟာကနဲ ဟင်ကနဲ ဗျာကနဲ ရှင်ကနဲ ဟုတ်ကနဲ
ဟုတ်- ဘာရယ်လို့မဟုတ်ပါဘူး
သူ့အလုပ် သူလုပ်တော့
ကိုယ့်အလုပ် ကိုယ်လုပ်တယ်ဆိုပြီး ကဗျာတစ်ပုဒ် ပြုလုပ်ကြည့်ခြင်းမှတဆင့်
လူလန်း
၁။
ကျွန်တော်တို့အိမ်သို့ ယခု ရောက်ရှိနေသောကြောင်သည်
ယခင်အကျင့်စရိုက်ဟောင်းများကို သိမ်းဆည်းသိုဝှက်ထားခဲ့လေသည်လားမသိ။
၂။
ယခင်က ထိုကြောင်သည် ကြွက်ဆိုလျင် ဖြူသည်မဲသည်မရွေး
တစ်ချက်ခုပ် တစ်ကောင်မိ၊ ကွက်တိ ဆရာကြီးဖြစ်သည်။
၃။
ခြင် ယင် ပိုး မွှားမှအစ ဖားနှင့်မြွေအဆုံး မထင်လျင် မထင်သလို
သခင့်အကြိုက် လက်ရဲ ဇက်ရဲ ၊စိတ်ထင်တိုင်းကြဲခဲ့သူဖြစ်သည်။
၎။
ကျွန်တော်တို့အိမ်သို့ရောက်ရှိပြီး တစ်နှစ်ကျော်လာသောအခါ
ကျွန်တော်တို့ ကျွေးမွေးသော ကျန်းမာရေးနှင့်ညီညွတ်သည့်အစာများနှင့်
နေ့စဉ်ရေချိုးသန့်စင်ပေးခြင်းတို့ကိုငြီးငွေ့လာပြီး သည်းခံနိုင်စွမ်းရှိဟန်မတူတော့ပါ။
၅။
ထိုကြောင်သည် အသုံးမပြုရသည်မှာကြာပြီဖြစ်သော သူ၏
လက်သည်းခြေသည်းများကို လူမြင်သူမြင်ထုတ်ဖေါ်ကြည့်ရှုလာပြီး
သူ၏ ချွန်မြသော သွားများကိုလည်း တစမ်းစမ်းလုပ်လာပါသည်။
၆။
ယနေ့တွင်မူ မစောင့်မစည်းနိုင်ဖြစ်ဟန်ရှိနေသော ထိုကြောင်သည်
သူ၏လက်သည်းချွန်ချွန်ကြီးများကို တချွင်ချွင်အသံပေးလျက်
သူ၏အမြီးအား မမှီစမ်းစမ်း တဖြောင်းဖြောင်းလိုက်လံခုတ်ဖြတ်ရင်း
လေပွေရိုင်းတိုက်ခတ်နေသည့်ပမာ ဒလမန်းကြမ်း ချာချာလည်နေပါသည်။
၇။
သူ့ကို ထိန်းချုပ်တားဆီးရန် တိရစ္ဆာန်ဆေးကုဆရာဝန်အား ခေါ်ယူပြသကြည့်သောအခါ
ဆရာဝန်သည် ဖရိုဖရဲဖြစ်နေသော ဧည့်ခန်းထဲမှ ၀ုန်းဒိုင်းကြဲနေသည့်ထိုကြောင်ကြီးကိုကြည့်ရင်း
ကြောင် မှာလည်း ခွေးရူးရောဂါရှိတယ်ဆိုတာ သတိထားကြပါဟု ပြောလိုက်သည်။
၈။
ဤစကားကိုကြားသွားဟန်ရှိသော ထိုကြောင်သည်
သူ၏ စက်ဝိုင်းပုံလုပ်ငန်းကြီးကို ခေတ္တ ဆိုင်းငံ့လျက်
ကျွန်တော်တို့အားလုံးကို စူးစူးစိမ်းစိမ်း ကြည့်လာပါသည်။
၉။
ကျွန်တော်တို့လည်း ထိုကြောင်ကို မျက်ခြေမပြတ်စတမ်း တန်ပြန်စောင့်ကြည့်ရင်း
အသင့်အနေအထားဖြင့် ရရာလက်နက်ကို ကိုင်စွဲလိုက်ရပါသည်။
၁၀။
သို့သော် ကြောင်ဖားကြီးကား သူ၏ စက်ဝိုင်းပုံလုပ်ငန်းကြီးကိုသာ
ပြန်လည် အာရုံစူးစိုက်လျက် တခွီးခွီး တဖြောင်းဖြောင်း---
လူလန်း(၂၂-၁၀-၂၀၁၂)
ခုတလော စိတ်ဟာ တပိန်ပိန်တလိမ်လိမ်နဲ့ ကြောင်လိမ်လှေကားပေါ်မှာ
ဆင်းမယောင် တက်မယောင်နဲ့ တာထွက်မှာ တက်မကိုထောင်လို့
ပန်းဝင်တော့ မယောင်ယောင်။ ၀င်လေထွက်လေမှာ သမာဓိခိုင်ဖူး သယောင်ယောင်။
နဖူးက အမာရွတ်ကိုပဲ ရုပ်နာမ် ခွဲနေသယောင်ယောင်။မရှူနိုင်မရှိုက်နိုင် အပုတ်နံ့ကိုပဲ
နံရင် နံတယ် မှတ်နေသယောင်ယောင်။ကိုယ့်ဂုတ်ပေါ် သွေးတက်စုပ်နေတာ
သမုဒယ ပါလားလို့ တရားကျနေသယောင်ယောင်။ပုဂ္ဂိုလ်ခင်ရာက မင်နေတဲ့တရားဟာ
မမှားတော့သယောင်ယောင်။ပြုသူအသစ် ဖြစ်သူအဟောင်းလို့ပဲ နှလု့းသွင်းထားသယောင်ယောင်။
ဟိုယောင် ဒီယောင် တွေးလိုက်ပြေးလိုက်နဲ့ ခလုတ်တိုက် တိုက်နေတဲ့စိတ်။
စိတ်လောင်ရာ လေပင့်လို့ စိတ်နစ်ရာ ၀ါးကူထိုးတဲ့စိတ်။
လှေမရှိ စိတ်နဲ့ လှော်လို့ ဖိတ်ချင်းဖိတ် ကိုယ့်စိတ်ထဲ ဖိတ်တဲ့ စိတ်။
သူ့စိတ်ပေါ် တုတ်ကျတော့ အနာရှိတယ်တဲ့။ရုပ်မကွဲ နာမ်မကွဲနဲ့
ဝေဒနာတွေကို မပြတ်မှီဝဲနေရသလောက် အာဟာရ ပြတ်နေတဲ့ စိတ်။
စိတ်အချင်းချင်း စိတ်သင်းကွဲနေတာက တစ်ကြောင်း၊စိတ်တစ်ယောက်ကို
စိတ်လိုက်မာန်ပါ ချေမှုန်းပစ်လိုက်မိတာကတစ်မျိုး၊ စိတ်ဟာ
ပိုးမျိုးတစ်ထောင်နဲ့ မီးကို ထပ်ထပ်တိုးတယ်။မြေမှန်မျိုးမှန် စိုက်နည်းမှန်ပေမဲ့
စိတ်ဟာ ရာသီကို မသိလို့ပဲ စိုက်သလောက် မရိတ်မသိမ်းရသလိုလို။
စိတ်အချင်းချင်း တစ်မူးသာသာနေလို့ပဲ စိတ်ဟာ အ၀တ်မကပ် ဖြစ်နေရသလိုလို။
သူကို သူလည်းမမြင် ၊ဘေးဘီဝဲယာ အသာထား၊ မျက်နှာမူရာကိုပဲ မသဲမကွဲနဲ့စိတ်ဟာ
လမ်းကျဉ်းထဲကို ဆူးလှည်းကြီးမောင်းလို့ဝင်ပြန်တယ်။မထိမညိဘူးတဲ့ အရာ မရှိသလို
ကိုယ်တိုင်ကလည်း မကျိုးမပဲ့ဘူးတဲ့ အရိုးမကျန်တော့ဘူးဆိုတော့
စိတ်ဟာ မီးများ မီးနိုင် သမားဆို အိုတယ်။(သတိမေ့မေ့ပြီး-
လူနာဗိုက်ထဲ ကတ်ကျေးတစ်လက်စီ ချန်ထားတတ်တာကလွဲလို့-)
သူ့ကိုယ်သူလည်း ခွဲလိုက် စိပ်လိုက်နဲ့ ဒဏ်ရာပေါင်း သောင်းခြောက်ထောင်ကို
ပလတ်စတစ် ဆာဂျရီ(အတူနေ စိတ်တွေကတော့ ကြွပ်ကြွပ်အိတ် ဆာ ဂျရီပါတဲ့)
အဲဒီလို ဟိုတစ်စိပ်ဒီတစ်စိပ်နဲ့ အစိပ်စိပ် အမွှာမွှာ။ဒီစိတ်ထဲမှာတောင်
ကိုယ့်မင်း ကိုယ်ချင်း သူနိုင်ကိုယ်နိုင်၊ ဟိုစိတ်ကို ဒီစိတ်က ပြိုင်လို့။
သွားသတိ လာသတိနဲ့ စားလည်း ဒီစိတ်
သတိ (၁၀၈)လုံးပုတီးကြီးကို တစ်စိပ်စိပ်။
ကမ္မဌာန်းလိုလို ကျီးကန်းတောင်းမှောက်လိုလိုနဲ့
ခုတလော ပျောက်နေတဲ့ စိတ်ကို
ဆိတ်သိုးတစ်ကောင်ရဲ့ ပေါင်ကြားမှာတွေ့လိုက်တယ်။
လူလန်း (၅-၁၀-၂၀၁၂ )
ဖြစ်ခဲတယ်၊ဖြစ်ခဲ့တယ်၊ ဖြစ်နေတယ်၊ဖြစ်နိုင်တယ်၊ဖြစ်မှာလား၊
ရှင်းကြ လင်းကြ၊မရှင်းလို့ လင်းကြ၊မလင်းလို့ ရှင်းရ၊
ရှင်းရုံ လင်းရုံနဲ့  အမှိုက်ဟာ ပြယ်ပြီ ပျောက်ပြီလား။
အရေးထဲ ရွာသွန်းမြဲနဲ့ တွေ့နေသေး၊
ယခုရွာမြဲလား။ယခင်ရွာမြဲလား၊ အလားတူရွာမြဲလား။
မရှင်းမလင်းတွေဟာ တစ်ခုပြီး တစ်ခု။
ရေကြီးသူတွေ နစ်မြဲလား၊ မိုးခေါင်သူလည်း နစ်မြဲလား။
ဆိုင်ကလုံး ဒဏ်ရာတွေ မကျက်တကျက်ဟာ ပြည်တစိုစိုမြဲလား။
ပိုးလောက်တွေ တဖွေးဖွေး မြဲလား။ရှင်းပါ လင်းပါ။
ရှင်းကြ လင်းကြ။ မသန့်မရှင်းကို ရှင်းကြ လင်းကြ။
ရှင်းမှ လင်းမှ။ရှင်းလေ လင်းလေ။ ရှင်းတိုင်း လင်းတိုင်း
ရှင်းလင်းတယ်ဆိုတာ တကိုယ်ရည် သန့်ရှင်းခြင်းလား။
မိသားစုလိုက်လာ။ ဂိုဏ်းဂဏအလိုက်လား။
ရောဂါ ရှာဖွေနည်းလား။ကုထုံးလား။ဆေးမြီတိုလား။
တစ်ရက်ဆို တစ်ရက် ဆွဲဆန့်နေကြတာလား
ကိုယ့်ရင်ခွင် ကိုယ်ရှင်း။ကိုယ့်အိမ် ကိုယ်ရှင်း။
ကိုယ့်စားပွဲပေါ် ကိုယ်ရှင်း။ကိုယ့်ကုလားထိုင် ကိုယ်ရှင်း။
ရင်ပြင်ကြီးကိုရှင်း။ခန်းမကြီးကိုရှင်း။ဘက်ဂရောင်းကြီးကို ရှင်း။
ရှင်းလင်းပွဲဆိုင်ရာ အသင်းအဖွဲ့၊ကော်မတီ၊ပါတီ၊ရှင်းမည် လင်းမည်။
အရှေ့နည်းနဲ့ ရှင်း။အနောက်နည်းနဲ့ ရှင်း။ယူရိုနည်းနဲ့ ရှင်း။
အမှောင်ထဲမှာ ရှင်း။အရောင်ထဲမှာ ရှင်း။ ကျောသပ်ရင်သပ် ရှင်း။
ခေါင်းငိုက်စိုက်နဲ့ ရှင်း။ကောင်းကင်ကို ငေးမော့လို့ရှင်း။
တချို့ တပိုင်တနိုင် ဗော်လန်တီယာ။တချို့ စပွန်ဇာတွေ တအုပ်တမနဲ့။
တချို့ လစာရိက္ခာ အပြည့်နဲ့။မိုက်ကြီးနဲ့ ရှင်း။လော်ကြီးနဲ့ ရှင်း။
တချို့ မြေပုံကြီး တထောက်ထောက်နဲ့။
တချို့ ပရိုဂျက်တာကြီး တကားကားနဲ့။
အစိုကို အခြောက်။အမဲကို အဖြူ။ရည်ရွယ်ချက်အမျိုးမျိုးနဲ့ ရှင်း။
တစ်ယောက်ဆင်း တစ်ယောက်တက် ရှင်း။ ဆက်လက်ထွက်ခွါ ရှင်း။
ပြီးခဲ့တဲ့ အမှိုက်နှစ်တွေကို ပြန်လည်သုံးသပ်လို့ ရှင်း။
လာပါဦးမဲ့ အမှိုက်တွေကို ရည်ရွယ်လျာထားလို့ ကြိုတင် ရှင်း။
ဆင်က ရှင်း။ ကျားက ရှင်း။ရှဉ့်ကို ရှင်း။ ပျားကို ရှင်း။
ဆင်းပြီး ရှင်း။ တက်ပြီး ရှင်း။ ရှင်လည်း ရှင်း။ သေလည်းး ရှင်း။
ဟိုလို ဒီလိုရှင်း။ ဟိုလူ ဒီလူ ရှင်း။တောရောက်တောင်ရောက် ရှင်း။
မြေပေါ် မြေအောက်မကျန် ရှင်း။ စည်းမဲ့ ကမ်းမဲ့ အလုအယက် ရှင်း။
နည်းလမ်းမျိုးစုံနဲ့ ရှင်း။ ရှင်းရင်း ရှင်းရင်းးး
အမှိုက်တွေ နဲ့ လင်းနေတဲ့ ကမ္ဘာ--။
အမှောင်ထဲမှာ တံမြက်စည်းတွေ။
လူလန်း (၄-၉-၂၀၁၂ )
ဆိုခဲ့ ငိုခဲ့ ဖူးသမျှ ပြည့်လို့ စုံလို့ နားပြီ ရပ်ပြီလား
ဒါမှမဟုတ် Stable ဆိုလား Smartဆိုလား နို့ဝလို့ အငိုတိတ်နေတာလား။
ခပ်တောင့်တောင့်ကြီး မလှုပ်မယှက်နဲ့ခုတလော ကဗျာတွေကအစ ကဗျာကိစ္စပြီးသွားလို့ပဲ
တည်သွား ငြိမ်သွားတာလား။ဝေ့ကာ ၀ဲကာ ပြောစရာ နိမိတ်ပုံတွေ ကုန်လို့လား၊ ဂယက်အနက်တွေနဲ့
စောင်းပါး ရိပ်ခြည်နေ့ရက်များ ပန်းတိုင်ဆိုတာ တွေ့သွားတာလား။ခေတ်ပေါ်ကိုလွန်ခဲ့တဲ့
ခေတ်ပေါ်လွန်ကပဲ ခေတ်တွေထဲ ကျွံလွန်သွားလို့လား။ဒါမှမဟုတ် ဘ၀ရှင် မင်းတြားကြီး
သိကောင်းစရာ ကဗျာအရေးအသားတွေနဲ့ ဦးပုညလို ခေတ်မဟုတ်လို့လား။
မဟာမှိုင်းလို ဆုပေးဒဏ်ပေး တခမ်တနားအရေးအဖွဲ့တွေကို ခေတ်ကမတောင်းဆိုလို့လား။
ရေးသားတင်ဆက်စရာ မလိုအပ်တာလား။ခေတ်စမ်းကဗျာလို ခေတ်ကိုစမ်းသလိုလိုနဲ့ အတွေး
အမြင်သစ်တွေကိုဆွဲဖွင့်စရာ တံခါးတွေ ပွင့်နေပြီးလို့လား။ ဒါမှမဟုတ် ငါတို့ရှိသေးတယ်လို့
ရင်ဘတ်ကို တဘုတ်ဘုတ် ပုတ်လို့ ဖွင့်ထုတ်ရေးဖွဲ့စရာ ငါတွေ မရှိတော့လို့လား။
ပလေယာ-ငါ-တွေကိုပဲ ဝေဒနာ-ငါ-တွေက ပြောရေးဆိုခွင့် အပ်လိုက်လို့လား။
တန်းတူညီမျှ လှူုအခွင့်ရေး ဆာတီဖီကိတ်တွေနဲ့ ပဲ ကဗျာဟာ အိမ်ဦးခန်းမှာ နေရာ ရသွားလို့လား။
ဗဟိုခွါရွေ့အားတွေကြောင့်ပဲ ဖြန့်ထွက်ခဲ့ အဓိပ္ပါယ်တွေဟာ ထိမ်းမနိုင်သိမ်းမရတော့တာလား။
ထင်တိုင်းမပေါက် ဘာသားစကားတွေကိုပဲ အလိုမပြည့်စွာ ရှာဖွေ တူးဆွနေရလို့လား။ဒါမှမဟုတ်-
ဖတ်သူကိုယ်တိုင် ပါဝင်နည်းနာကြီးထဲ တစ်ယောက်တစ်ပေါက်တွေနဲ့ ခြေချင်းလိမ်နေလို့များလား။
လွတ်လပ်စွာတွေကိုပဲ လွတ်တွေ လပ်တွေ စွာတွေနဲ့ ခွဲထွက် ပွဲစည် တည်ထောင်ပြီးလို့လား။
ဒါမှမဟုတ်- ခွင့်ပြုချက်မပေးဘဲ ဆန္ဒထုတ်ဖေါ် စီတန်းလျှောက်လို့ အမှုပေါင်း ၂၀ ကျော်နဲ့ နေထွက်
နေ၀င် ရင်ဆိုင်နေရလို့လား။လုပ်ခလစာတွေပဲ လယ်ဘယ်တူ အာဆီယံဆိုတာနဲ့ တန်းဝင်မယ်မှာ ငေးမော
မင်သက်မိနေလေသလား။ဒါမှမဟုတ် အိမ်ရှိလူကုန် အူမချေးခါးမကျန်တစ်နေ့လုပ်တစ်နေ့စား နေရသလား။
ယခင့်ယခင်အောင်မြင်စွာ ရင်းနှီး မြှုပ်နှံခံလှူုစွမ်းအားတွေ ထဲ အလုပ်အကိုင်အခွင့်အလမ်းတွေနဲ့ လူလူ
သူသူဖြစ်သွားလို့လား။ဒါမှ မဟုတ် အတည်ပြုပြီးဥပဒေတွေလိုပဲ လိုအပ်တဲ့ နည်းဥပဒေညွှန်ကြားချက်တွေ
ပြည့်စုံ ခန့်ခိုင်ဖို့ ရှာဖွေ တွက်ချက်နေရလို့လား။
ဒါမှမဟုတ်- ဘာမှမဟုတ်တော့ဘူးလို့ ခံယူတိမ်းရှောင်ပစ်ချင်တာလား။
ထားပါတော့-
-ခုတလော-ကျွန်တော့်ကို ကျွန်တော် ပြန်ပြန်မြင်နေရပုံက ၊
ကဗျာဆရာလိုလို ၊
ရေခဲတိုက်ထဲက ပိုင်ရှင်မဲ့ အလောင်းကောင်ကြီးလိုလို။
ဒါမှမဟုတ် -
ဘာမှ မဟုတ် ------တဲ့ -----
လူလန်း (၁၆-၁၁-၂၀၁၂)