မေး + ခိုင် × ပိုး - ကြီး = by Lu Lann on Sunday, September 2, 2012 at 9:18am ·
တက်နိုင်သလောက် နက်ရှိုင်းတယ်
ဒါကြောင့် ကျောပိုးအိတ်တွေ ကို လွှတ်ချခဲ့ သူ
ဝန်ထုတ် ၀န်ပိုး မှန်သမျှ တစ်လွှာ ချင်း တစ်လွှာချင်း
အညစ်အကျေး စွန့်အိုးကြီးလို အဲဒီခေါင်းကြီးကို
ဖြုတ်ချထားခဲ့ ရင်၊ သတ္တ၀ါတွေ ဘေးကင်းရန်ကွာ မယ်
ဖုံးတုန်း လုံးတုန်းတွေကိုမှ အားမနာ
သီးထပ် သီးညှပ် ကြွေးမြီတွေကိုမှ မျက်နှာမထောက်
ဟေဒီ အလယ်ချုပ်ရိုးက မကျက်သေးဘူး
မနက်ဖန်ဟာ ပိုးဝင် ငန်း မန်း
လိုအပ်ရင် လက်ညှိုးတစ်ချောင်းတော့ စတေးပစ်ရမှာပေါ့
( ခု လာ နေ တာ မေး ခိုင် ပိုး ကြီး )
တောက်မည့်မီးခဲ ကြီးကတော့ တရဲရဲနဲ့ လွတ်သွားပြီ။
လပ်သွားတဲ့ ပြာကြွင်းပြာကျန်နေရာမှာ အစားထိုးထည့်ဦးမှာလား။
( ပြူးတူး ပြဲတဲ ကြီးက ထွက်ပေါက်မှာ မိန့်မိန့် ကြီးရပ်နေတော့
လွှတ်ထားတဲ့ငှက်ကလေးတွေဟာ ပျံမထွက်ရဲသေး)
မနေ့ကဇာတ်အိမ်ကို ထပ်လိမ်နေမဲ့ အစား၊ ဖြစ်နိုင်ရင်-
စပွန်ဆာတွေခွင့်ပြုပြု မပြုပြု -ဇာတ်သိမ်းကို ယခုပြောပါလား
ခွင့်ပြုချိန်က ပြည့်တော့မယ်
ဟိုမှာ ဟိုမှာ- ဘင်သံကြီး တဒုန်းဒုန်းနဲ့ မျက်လှည့် ဆရာ
ခိုတွေထုတ်ပြလိုက်၊မြွေတွေထုတ်ပြလိုက်နဲ့ ၊
သာသနာပြုတာပါဆိုပြီး သစ်မြစ်တွေ ရောင်းတော့မယ်-
(အသက်ဝင်လိုက်တာ-ပလတ်စတစ် ပန်းလေးအတိုင်းပဲ)
ခင်ဗျား ရောက်ရှိနေတာ-ချဉ်ချဉ်တူးတူး မူးပြီးရော့ ကာလ ဒေသ
ရေလျှံရေနစ်နေတဲ့ စပါးတွေ ပျက်စီးခြင်းနဲ့ အပြိုင်
ရေရှား မိုးခေါင်နေလို့ ပျိုးမထောင်ရသေးတဲ့ ဘ၀တွေ တနံတလျား
သမီးရဲ့ ခဲတံကလည်း
ချွန်နေရတာနဲ့ -ခဲဖျက်ပဲ ကျန်တော့သလို-
အဖေရဲ့ ဓါးကလည်း
သွေးနေရတာနဲ့ - ဓါးရိုးပဲ ကျန်တော့သလို-
ဆိုတော့-
ယခုပင်လျင် ၊မနာ ခင်က ၊ကြိုတင် ကောင်းမှု၊ကြိုးစားပြုလော့--
ဟုတ်တယ်-
ခု လာ နေ တာ မေး ခိုင် ပိုး ကြီး
လူလန်း (၂-၉-၂၀၁၂)