မိဘပြည်သူ (၁၃)ပါးတွင် ကျွန်တော်က နံပါတ်ဘယ်လောက်
-----------------------------------------------------------
မိဘပြည်သူ(၁)
ပိုး ဖလံမျိုး ။မီးကို တိုး
ကိုယ်ကျိုး နည်းလှပြီ ဆိုကြ ။
ကခုန် ပျော်ပါး။ထိုမီးကြားသို့
လူစားဝင်ခွင့် မရ။
မိဘပြည်သူ(၂)
လူး မနေနဲ့
ကူး ဆိုတော့
မြူး နေ တာ ပါ တဲ့။
မိဘပြည်သူ(၃)
အမှိုက်ကစပြီး
ပြာကျတော့ တတောလုံး။
မိဘပြည်သူ(၄)
တနေ့ကောင်းနိုး ပြင်နိုး ပေါင်းရ သင်းရ
အထုအထောင်းခံ ဒဏ်ရာတွေ ဗရပွနဲ့
လင်ရှိ မုဆိုးမ
မိဘပြည်သူ(၅)
အုတ်တစ်ချပ် သဲတစ်ပွင့်လည်း ပေးပါမယ်
ရေတစ်မှုတ်လောက် တိုက်ပါကွယ်။
မိဘပြည်သူ(၆)
ခွပ်ဒေါင်းတွေ အမျှ ဝေနေတယ်
ချိုှးှုလေးရေ သာဓု ခေါ် နိုင်ပလား။
မိဘပြည်သူ(ရ)
သံလွင်ခက်ကြီး အစား
စပါးနှံများကိုသာ သယ်ဆောင်ပေးပါရန်။
မိဘပြည်သူ (၈)
ရာသီဥတုတွေ ဖေါက်ပြန်နေလေ သမျှ
မုဆိုးမ ထင်းခုတ် ဓါးလို
မည်သည့် ယောကျာင်္း မဆို သွေးပိုင်ခွင့် ရှိသည်။
မိဘပြည်သူ(၉)
စလယ်ဝင် ဖင်မမဲခင်က
တစ်ပင်ကိုလဲလို့ တစ်ပင်ကိုထူ
ရေသာများ၍ ငါးမတွေ့သူ လား ။
မိဘပြည်သူ(၁၀)
ရေ ၊မီး၊ မင်း၊ ခိုးသူ၊
ထို မချစ် မနှစ်သက်အပ်သောသူများလက်မှ
လွတ်မြောက်ရပါလို၏ အရှင် ဘုရား။
မှတပါး
အခြား အခွင့်ထူး မရှိ သူများ ။
မိဘပြည်သူ(၁၁)
စလုံးကိုရေးပြီး
စလုံးနဲ့ ပြန် သတ်
ထိုကဲ့သို့ မနား မရပ်
အချင်းချင်း ကျား ကျား မီးယပ်
မိဘပြည်သူ(၁၂)
မြေ ရေ လေ မီးက အစ ချို့ချို့ ငဲ့ ငဲ့
ဘုရားစူး ဓါတ်ကြီးလေးပါး အစု အဖွဲ့
ဖေါက်ပြန် ဖျက်ဆီး ခံခဲ့ ရတော့ စနစ်တကျ ။
မိဘပြည်သူ (၁၃)
အတိတ် မသိဘူး
အနာဂတ် မရှိဘူး
ပစ္စုပ္ပန်နဲ့သာ ဝန်ပိနေကြ
ဥပမာ-
လက်လှုပ်မှ ပါးစပ်လှုပ်ရတယ်ဆိုသလိုမျိုး
ကိုယ်ရေး အတ္ထုပ္ပတ္တိ အကျဉ်း(၁၇)ပိုဒ်မှာ ကျနော်ဟာ အပိုဒ်တော်တော်များသွား
ကိုယ်ရေး အတ္ထုပ္ပတ္တိ အကျဉ်း(၁)
ကျရှုံးခဲ့ သမျှ အဆီတ၀င်းဝင်း
အောင်မြင်ခဲ့သမျှ သဲတရှပ်ရှပ်
သွားလေသူ အမှတ်မရှိ တစ္ဆေ ။
ကိုယ်ရေး အတ္ထုပ္ပတ္တိ အကျဉ်း(၂)
ညာ မှာ ထမင်း
ဘယ် မှာ ဟင်း ဖြင့်
သွတ်သွင်း မြို ဝါး
အာ လျှာ သွား မှ
ဝမ်း ကြား မဟာ သမုဒ္ဒရာ ဆီ သို့
ကိုယ်ရေး အတ္ထုပ္ပတ္တိ အကျဉ်း(၃)
စိုက်ပျိုး တူးဖော်ပြီး ခဲ့ ပါသော ၎င်းမြေကို
(၁၀)နှစ်ကြာသည် အထိ
ထပ်မံ စိုက်ပျိုး မရနိုင်တော့ပါသဖြင့်
ဂျင်ဆင်း ဆိုသော ထိုဆေးမြစ်ကို ငါ မသောက် ။
ကိုယ်ရေး အတ္ထုပ္ပတ္တိ အကျဉ်း(၄)
ပေါက်ပင် ကိုင်းတောကြီး အဖြစ်သော်လည်းကောင်း
အကြောင်းကြောင်းသော အကြောင်းများကို
အကြောင်းပြုပြီး ။
သစ်တောကြီး မဖြစ်ခဲ့ပါသော်လည်း
အပူလွန်ကဲ သူများ အေးစေသတည်း ။
ကိုယ်ရေးအတ္ထုပ္ပတ္တိ အကျဉ်း(၅)
ဆူးကို ဖက်နဲ့ ထုပ်မိတဲ့ အခါ
ပလိုင်းထဲမှာ
ဖားတစ်ကောင်မှ မရှိတော့
ကိုယ်ရေးအတ္ထုပ္ပတ္တိအကျဉ်း(၆)
မြားတစ်စင်းလို ချွန်ခဲ့သမျှ
ရေတခွန်ကြီးလို ဇောက်ထိုး ကျခဲ့ပြီလား
စမ်းရေတစ်ပေါက်အဖြစ်တော့ တိုက်ကျွေးသွားချင်တယ်
ကိုယ်ရေး အတ္ထုပ္ပတ္တိ အကျဉ်း(ရ)
မပွင့်မလင်း၊
ရှုခင်းဟာ ည၀ါးဝါး။
အိပ်မက်ကြွေ တ၀ုန်းဝုန်းမှာ ၊
ငါ ရှုံးပြီ လား ။
ကိုယ်ရေးအတ္ထုပ္ပတ္တိ အကျဉ်း(၈)
မနက်စောစောနိုးလာတဲ့ သားကမေးတယ်
တိုဟူး တိုဟူး နဲ့ အော်နေတဲ့
ဒီငှက်လေးဟာလည်း သားသားလို
တိုဟူးကြော်ကို ကြိုက်သလား ဖေဖေ တဲ့။
သမီးကြီး ငယ်ငယ်ကလည်း
နေ့စဉ်နဲ့ အမျှ
ဗုဒ္ဓေါ ဗုဒ္ဓေါနဲ့ မမောတမ်း ရွတ်ဆို
ဒီငှက်လေးကို သမီးချစ်တယ် တဲ့။
ဖေဖေ့မှာသာ
ဥသြ ဥသြ ဆိုတဲ့အသံအပြင်
အခြားသော အသံကို ဘာကြောင့် မမြင်ခဲ့ ။
ကိုယ်ရေးအတ္ထုပ္ပတ္တိ အကျဉ်း(၉)
ထိုအမဲကို
သဲနဲ့လည်း ငါမပက် ။
ငါ ကူညီ ပြုတ် ကျော်ချက်လို့
စားတယ်ည မနက်။
ကိုယ်ရေး အတ္ထုပ္ပတ္တိ အကျဉ်း(၁၀)
ဖြစ် ပျက် ပျော် ပွဲ စား
ရှု မျှော် ခင်း အကြို အကြား
လှေ တွေ မျော ပြီ လား
ကိုယ်ရေး အတ္ထုပ္ပတ္တိ အကျဉ်း(၁၁)
ဆွဲ ကြမဲ့ ခြူ ကိုပဲ
ရွှေလား ကြေး လား
ခွဲခြား ငြင်းခုန်
တစ်မြုံလုံး ကုန်လုပေါ့ ။
ကိုယ်ရေး အတ္ထုပ္ပတ္တိ အကျဉ်း(၁၂)
စက်ခေါင်းအသစ်တင်ပြီးတဲ့နောက်
လမ်းချော်တိမ်းမှောက်ခြင်းဆိုတာ မရှိ
ခုထိလည်း ဒီဇယ်ဆီက မထည့်ရသေး။
ကိုယ်ရေး အတ္ထုပ္ပတ္တိ အကျဉ်း(၁၃)
သမီးရဲ့ ခဲတံကလည်း
ချွန်နေရတာနဲ့ -ခဲဖျက်ပဲ ကျန်တော့သလို-
အဖေရဲ့ ဓါးကလည်း
သွေးနေရတာနဲ့ - ဓါးရိုးပဲ ကျန်တော့သလို-
ကိုယ်ရေးအတ္ထုပ္ပတ္တိအကျဉ်း(၁၄)
သစ်ဝါးတွေ အစုန် အဆင်းများတဲ့အခါ
မြစ်ချောင်းတွေအဆန် အဆုတ်မြန်ကြသလို
ရွာဦးရေကန်ကြီးကို အရောင်းအ၀ယ် တည့်ပြန်ပေါ့
ကျွန်တော်မျိုးကြီး သေသင့်ပါတယ်။
ကိုယ်ရေး အတ္ထုပ္ပတ္တိ အကျဉ်း (၁၅)
ပတ္တမြား မှန်ရင် နွံမနစ်ပါဘူးကွ
သား မ စမ်းရဲဘူး ဖေ ဖေ
ဖေကြီးရှိပါတယ် မောင်လေးရာ ကလေးတွေကို မြှောက်ပေးနေမဲ့အစား
ရှင် ကိုယ်တိုင် ခုန်ဆင်း ကြည့်ပါလား
ကိုယ်ရေးအတ္ထုပ္ပတ္တိအကျဉ်း(၁၆)
ကျွဲနှစ်ကောင်ခတ်
ကြားရပ်မှာ ကျွနိုပ်
မြေဇာပင် မဟုတ်
အင်ကြင်းငုတ်
ကိုယ်ရေးအတ္ထုပ္ပတ္တိအကျဉ်း(၁၇)
ဓါးဦးကိုသာ စွတ်စွတ်ရွတ်ရွတ်ကြီးရွေးချယ်
အနှောင့် အသွားတော့ လွတ်ခဲ့ပါတယ်
အိမ်မှာ ဥမမယ် စာ မမြောက်တွေနဲ့ ။
လူလန်း(၄/၂၀၁၃)
ကာ/ကွယ်/ထိုး/သူ/ငါ/ခင်ဗျား/ဆေး/----------မှတဆင့်------------(လူလန်း)
ဥပမာ-ကျန်းမာရေးရှုထောင့် အရ/သုံးမှန်းချေ မဟုတ်ဘူးပေါ့။
ပိုးအရှင် ကာကွယ်ဆေးတွေလို ရောက်ရှိလို့ လာပါပြီ ကူ ကယ် အစီ အမံများ။
အညွှန်းအရ 2-8ံC တွင်သာ ထားရှိပါဆိုတော့ ခင်ဗျား ရေခဲသေတ္တာကြီး ပြင်ပြီး ပလား။
ပြီးပြီ။မိုင်ပေါင်း၄၀၀ကျော်အကွာ ကျွန်တော့် လက် အရေပြားထဲ ထိုးပြီးပြီ။
(အဲဒီနေ့က မြွေဆိပ်ဖြေဆေးအတုတွေလို ကျေးဇူးရှင်တွေ ဖမ်းဆီးရမိတယ် ဆိုတဲ့နေ့)
စကားမစပ်-၂၀၁၂ခုနှစ်တွင် ခွေးရူးပျံရောဂါနဲ့ သေဆုံးသူ ဦးရေ ၂၀၀ ကျော်ခဲ့ သတဲ့။
ဒါဆို ဒီနေ့ထိ ကျွန်တော် B ပိုး ၀င်/မ၀င် ပြန်စစ်ရဦးမယ်။
အာမခံတယ်။ အာမခံပါ။ ဘယ်သူမမှု မိမိပြုကြီး များခင်ဗျာ ။
ခေတ်အဆက်ဆက် လှေကားလုပ်ပြီ တက်နင်းခံရမှုကြီးနဲ့အတူတူ
မိဘပြည်သူ စိတ္တဇနာမ်ကြီးနဲ့ ဟောဒီဝါကျကို လှိုင်လှိုင်ကြီး တည်ဆောက်လို့ ။
ကျေးဇူးပြုပြီး-နေရောင်ထိမှန် ခင်ဗျား ကာကွယ်ဆေးပုလင်းတွေကို ဖျက်သိမ်းပေးပါ-
-ဆိုတော့-ဆရာဝန်သည် အတတ်ပညာကိုသာ အာမခံတယ် ခေတ်ကြီးထဲ-လာပါပြီ ဗျာ-
အထူးအစီအစဉ် အရေးကြီးအဆို တင်သွင်းရသလိုမျိုး
(ကာကွယ်ခြင်းသည် ကုသခြင်းထက် ထိရောက်ပါသည်)
ကျွန်တော်တို့ ထမင်းတစ်နပ်လျှော့စားရင် ချမ်းသာမည် ဆိုသလိုမျိုး
(အသန့်ကြိုက်လွန်းခြင်းသည်လည်း ရောဂါ တစ်မျိုးဖြစ်သည်)
D ပိုးဟာ ငါ သူတပါး ယောင်္ကျား မိန်းမ မရွေး ပါးစပ်ပေါက်မှတဆင့် ကူးစက်သွားသလိုမျိုး
ဓလေ့နဲ့ ထုံးစံနဲ့ ခေတ်စနစ်နဲ့ ရေလိုက်ငါးလိုက်နဲ့ ငါးခုံးမတစ်လှေနဲ့
မြန်မာ မြန်မြန်မာစေရေးးးခင်ဗျားရေခဲသေတ္တာကြီး ကောင်းကောင်းအေးစေကြောင်း
မျက်စိနဲ့ ကြားမှတော့ နား နဲ့လည်း မြင်တတ်ပါပြီ ရက်လွန်ကံကြမ္မာများ ။
လူလန်း(၂၁-၂-၂၀၁၃)
နှစ်ဦးသဘောတူဟန် လက်မှတ်ထိုးကြ ဟောဒီ ဆာဗေးကြီးနဲ့။
မျက်စိ မျက်နာပျက် အမှတ်ပေးစည်းမျဉ်းတွေနဲ့၊
ငါဟာ ငါ့ကို ကွင်းစွပ် ကိုင်းထောင်။
အဲဒီကြိုးထဲ ငါဟာ ငါလို ကြိုးစားရင်း ကျိုးပဲ့ရ။
ဘ၀အခြေခံ ငါ့မူအရ ငါဟာ လိင်မကွဲပြားရ။
တစ်လိမ်နှစ်လိမ် သူုံးပင်လိမ် သုံးလွန်းတင်ကြိုးတွေနဲ့။
ခင်ဗျားကိုမလိမ်ချင်လို့။ငါ့ကို မလိမ်ကြပါနဲ့။
ညှစ်တာဖြစ်ဖြစ် ၊ညာတာဆိုဆို သူ့ကို မလိမ်ဖို့၊ ငါ့ကိုမလိမ်ဖို့။
ကြိုးကြီးချိတ် အလိမ်အဆင်ကြီးနဲ့ ခင်ဗျားကို ခင်ဗျားက ဖိုးတွမ်တီး လို့။
ဟုတ်ကဲ့ပါ (၄၁၇)၊သူ့ပါးစပ်မှာ ငါဟာလမ်းဆုံးပါသလားတွေကအစ၊
အပေး အကမ်း ထုံးစံ ထုံမွှမ်းတွေ အလယ်၊ နောက်ဆုံး-
မူကြိုကအစ ဘ၀ဟာ ကန့်ကူလက်လှဲ့မှာ လက်ကနဲ လက်ကနဲ။
အမှန်ခြစ်တွေ တလက်လက်ရေး ၊အလင်းဟာ ပန်းတလိမ် နန်းတလိမ်။
ကိုယ့်ကိုယ်ကို အလိမ္မာဟန် စာရိတ္တနဲ့ ခိုးယူပေါင်းသင်း။
ရှေ့ပြေးဆိုက်ရောက်လာတာ အထူး (၄၉၇)ကြီးပါခင်ဗျာ----
ဒါဆို ယူသူထက် ပေးချင် ကမ်းချင်သူတွေ များလှချည့်၊
ချည့်ချည့်နဲ့နဲ့ ဟာ ကမ်းကုန်ပေါ့၊ ပိပိရိရိဟာ ကန်းကုန်။
အခြေအနေအရ -ကိုယ်ကျင့် ဟာ ကိုယ့်ကိုယ်ကို ကျင့်ကြံခဲ့။
ငါ့ကို ငါက (၃၇၆)ရာက ငါ့အား အလုပ်ကြမ်းနဲ့ ထောင်ဒဏ်နဲ့။
ငါ့မှာ လူသားဖြစ်ခြင်းတွေနဲ့။တန်းတူရပိုင်ခွင့်တွေနဲ့။
ငါ့ကို လွတ်ငြိမ်းချမ်းသာပါ။ ငါ့အား အူမတောင့်ခွင့်ပေးပါ။
ငါ့အပေါ် သင်ပုန်းချေပါ။ ငါ့အား အများအကျိုးဆောင်ပါ။
ငါဟာ သူကောင်းဖြစ်ချင်လို့။ငါလည်း ခြေရာလည်းကြီးချင်လို့။
ကိုယ်စီ ကိုယ်စီမှာ တင်ပြအပ်ပါသည် ဒဏ်ရာတွေ ဗရပွနဲ့၊
တစ်ယောက်ကို တစ်ယောက်က ဇာတ်လမ်းမဲ့
တစ်ဦးကိုတစ်ဦးက ဗဟိုခွါ၊ အချင်းချင်း အပြန်အလှန် ဖျင်နွှာ၊
ကိုယ်တိုင်သာ လင်စိတ်သားစိတ် ကုန်ပါလေမှ
ပြစ်မှုထင်ရှားပါသဖြင့် ကွင်းလုံးကျွတ် စေ -----။ ။
လူလန်း(၁၉-၂-၂၀၁၃)
အဆောက်အအုံလွန် ကမ္ဘာကြည့် သာဂိ သီအိုရီ
ရေကုန်သွား ပြီလား။ဂျာအေးသားအမိ လယ်ယာ။လက်တွေ လေထဲမှာ။
(မိသားစုဝင်တစ်ဦးဦး အိမ်မှ ထွက်ခွါ)
မင်္ဂလာဦးခန်းဝင် နွားမသားအမိနှစ်ကောင်ကို ရောင်းချလို့
ဘုတ်ဆုံမဟာ သာဂိကို မလေးပို့ခဲ့။
(ဇာတ်လိုက်က သူ့အပေါ်တားမြစ်ချက်တွေကို ချိုးဖေါက်)
ညနေ ၆နာရီတိတိမှာ သာဂိဖုန်းဆက်မည်ဖြစ်ပါ၍ ဘုတ်ဆုံမ အမြန်လာပါ။
(ဗီလိန်ဟာ ဇာတ်လိုက်ရဲ့ ပတ်ဝန်းကျင်သို့ ရောက်အောင်ကြိုးစား)
အရစ်ကျသွင်း ၂သိန်းတန် ဖုန်းဝယ်ပြီးကြောင်း သာဂိကို ဘုတ်ဆုံမ သတင်းပေးတယ်။
(ဇာတ်လိုက်ဟာ လှည့်ဖြားခံရတော့မဲ့ အခြေအနေဆီ ရောက်)
ည ၉နာရီနောက်ပိုင်း ဖုန်းခေါ်တိုင်း စက်ပိတ်ထားတတ်တဲ့ ဘုတ်ဆုံမကို သာဂိမကျေနပ်ဘူးတဲ့။
(လူဆိုးဟာ မိသားစု အဖွဲ့ဝင်တစ်ဦးဦးကို အန္တရာယ်ပေး-သို့မဟုတ်-
မိသားစု ၀င်တစ်ဦးဦးဟာ တစ်ခုခုကိုလိုအပ်နေ)
အချိန်ပို ဆင်းဆင်းနေလို့သာ တစ်လ တစ်သိန်းနှစ်သိန်းပို့နိုင်တာဆိုပဲ။
(ဇာတ်လိုက်ဟာ အပြောင်းအရွေ့လုပ်ရ-သို့မဟုတ်-သူရှာဖွေမဲ့အရာဆီ ဦးတည်သွား)
သားနဲ့လည်း စကားပြောရအောင် ညနေ၆နာရီပဲဖုန်းဆက်ပါ ကိုသာဂိ တဲ့။
(ဇာတ်လိုက်ဆီ ခက်ခဲတဲ့ အလုပ်ရောက်လာ)
နောက်ထပ်နှစ်တိုးနေမှ သားလေး အောင်ဘု ကို ရှင်ပြုနိုင်မှာ ကွ။
(အတုအယောင် ဇာတ်လိုက်ဟာ ဇာတ်လိုက်မဟုတ်ကြောင်း ထင်ရှားသွား)
ခုဆို အောင်ဘုမှာ ညီလေး တစ်ယောက်ရနေပြီ။
(ဇာတ်လိုက်နောက်ကို တစ်ခုခုဟာလိုက်နေ)
မကြာမီပြန်လာတော့မဲ့ သာဂိကို ကုန်းဖေါ်ရုန်းဖက်တွေက စုတ်တသတ်သတ်နဲ့။
(ဥပမာ- ဗီလိန်မကျဆုံးဘဲ ဗီလိန်ဟာ အပြစ်ပေးခံရ ဖို့ဆိုတာ မဖြစ်နိုင်ဘူး)
လူလန်း(၁၃-၂-၂၀၁၃)
(--------)အတွင်းမှ စာသားများသည် ဆရာမင်းခက်ရဲ၏ ခေတ်ပြိုင်စာပေဝေဖန်ရေးနှင့်
သီအိုရီ-လက်တွေ့စာအုပ်-စာ-၃၉ပါ-ဇာတ်လမ်းအဆောက်အအုံစိစစ်မှုပညာဆောင်းပါးမှ စာသားများဖြစ်ပါသည်
·ပွင့်ဖူးတွေ တဝေေ၀နဲ့ မိုးမမြင် လေမမြင်။
-မြင့်နေသူတွေမှာ အနိမ့်ကြောက်ရောဂါဝင်နေသလို။
ကျန်းခန့်သာလို့ မာ ပါစ ကုတင်ရွှေနန်းကြီးခင်ဗျာ-။
ကိုယ့်ကိုယ်ကို ကာကွယ်ခြင်းရဲ့ အဓိပ္ပါယ်ဟာ ထွေပြား-။
ထင်ရာမြင်ရာ-ကိုယ်ရေးအရာရှိ စိတ်တော်သိတွေနဲ့။
ညာ လက်ညှိုးလေးတကွေးကွေး သီချင်းလေး တအေးအေးအေးနဲ့။
မှိန်တလှဲ့ ဖျော့တခါ ကျွန်တော်ကျွန်မတို့မှာ
အဖအမည်နဲ့ နိုင်ငံသားမှတ်ပုံတင်အမှတ်သာ ကိုယ်စီ ပိုင်ခွင့် ဥစ္စာ။
ရုပ်မပျက်ဘူးပေါ့ ။ အနံ့မထွက်ဘူးပေါ့ ။ လျှော့ တွက် လို့မရဘူးပေါ့။
ဆိုတော့  တဟုတ်ဟုတ် တကဲ့ကဲ့နဲ့ ဟုတ်ကဲ့တွေကပဲ မသေ မဆုံး သတ္တ၀ါလိုလို။
တဆင့်ပြီးတဆင့် ၀ံ့စား ဟုတ်ကဲ့။တက်ကြွ ဟုတ်ကဲ့။ သွေးဆူ ဟုတ်ကဲ့။
ငါ့သူငယ်ချင်းတွေကိုယ်စား လက်စားချေကြရပါသတဲ့ ဟုတ်ကဲ့။
သားသူငယ်ချင်းရဲ့ အဖေဟာ တစစီပြန်ကောက်ယူရတယ်ဆိုသလိုမျိုး
ခြေတစ်ချောင်း နဲ့ ။ချိုင်းထောက်နဲ့။ တစ်ဖက်လပ်မျက်စိတွေနဲ့။
မိဘမဲ့နဲ့ ။ သားထောက်သမီးခံ မဲ့နဲ့။ လေနှင်ရာ လွင့်ဝဲပျောက်ကွယ် အနာဂတ်မီးခိုးမှိုင်းတွေနဲ့။
အမာရွတ်ပေါ် အနာဆင့် အထပ်မြင့်ချုပ်ရိုး ဒဏ်ရာ မကျက်တကျက်တွေနဲ့။။
ရာဇ ၀င် ချင်ချင် အဖြူဟန်ဆောင်အညစ်အခတ်တွေနဲ့။
ကိုယ့်အကွဲအပြဲ ကို ပဲ ကိုယ်တိုင် ကိုယ့်လျှာနဲ့လျက်လို့--ပိုးမွှားသန့်စင်နေရသလိုမျိုး။
ဟိုဘက် သည်ဘက် ကိုယ်စီ ပဲ့တင် ဘာသာစကားတွေ က
အဖေရေ--အဲ့ရန်သူတွေကို သတ်ပြီးမှ ပြန်လာခဲ့ပါ ဆိုသလိုမျိုးး
တံတားတစ်စင်းအောက်မှာ နှစ်ခါစီးတဲ့ မြစ် မရှိပါ ဆိုသလိုမျိုးးးး
ညီအကိုတွေပါ။မောင်နှမတွေပါ။တူအရီးတွေပါ။ခမည်းခမက်တွေပါ။သမီးသမက်တွေပါ။
တစ်ကမ္ဘာထဲနေ တစ်ဝမ်းကွဲ ပြိတ္တာ ဘုံသားတွေအချင်းချင်း
သမိုင်းကို ပဲ ရန်သူတော်စာရင်းလို အလွတ်ကျက်မှတ် သရဇ္ဈာယ်နေကြ။
တစ်အိမ်ထောင်ထဲမှာတောင် အမေနဲ့သား။အဖေနဲ့ သမီးအပြင် ။ အတွဲအလွဲ အကွဲအပြဲ အခြေခံ ကြ ။
တိုက်ကြက်တွေဟာ သူတို့အရိပ်ကို သူတို့မှန်း မသိလို့ ကြည့်မှန်ကို ခြေစုံ ကန် ခွပ်နေရကြ။
ကိုယ်စီဘောလုံးတွေနဲ့ ကိုယ့်ဂိုးကိုပြန်သွင်းနေတဲ့ လေ့ကျင့် ကွင်းကြီးနဲ့ အတူသာ
အို -----ငါတို့များးးးးးးး
မှတပါး အခြားမရှိတော့ဘူးလား
ငြိမ်းချမ်းရေးဆိုသည်ကား
စင်္ကြာဝတေး မင်းကြီးတစ်ပါးလိုလို ။ ။
လူလန်းးးးး
ကိုင်းကျွန်းမီ ကျွန်းကိုင်းမီ စကားစမြည် စိုက်ခင်း
ဟုတ်ပါ့မလား………..ဟုတ်ပါ့မလား
တစ်လှေထဲစီးမယ် သီချင်းနဲ့
ပျော်ပွဲစားခရီး မဟုတ်ဘူးလည်း ပြောလို့
ရှိသမျှ မသိတသိတွေကို ညမနက်စာ စားလို့
သိသမျှ မရှိတရှိတွေကို အလုံအခြုံဝတ်လို့
အကောင်းအမွန်တွေကို လက်ရဲဇက်ရဲ ပွဲတော်တည်လို့
အပုတ်အသိုးတွေကို ရက်ရက်ရောရော ပေးကမ်းစွန့်ကြဲလို့
ခုလို တခရီးထဲ သွားနေသူတွေထဲ
ကိုယ့်ကိုယ်ကို တောင်ယာခုတ်လို့ ရွေ့ပြောင်းထူထ
ကိုယ့်ကိုယ်ကို ကမ်းဖြိုလို့ ရွာဖျောက်
လမိုက်တယ်ဆိုပေမဲ့ ကြယ်တွေအဲဒီ လောက်ကြီးပေါက်နေတာတောင်မှ
ငကန်းသေရင် ငစွေပေါ်လိမ့် မဟဲ့ဆိုသူတွေ
သံချေးတက် ဓားတစ်ချောင်းနဲ့ ကျောက်စီ ရွှေဓားအိမ်အတွင်းကလူတွေ
ထမင်းရည်ပူလာ လျှာလွှဲလို့ မြွေပူရာ ကင်းမှောင့်ကြသူတွေ
ဖွတ်မိကျောင်းဖြစ် မြစ်ကြီးကို ပေယျာလကံပြုကြသူတွေ
BOTTOM TO UP ပါလို့ ရှင်းသူတွေ
မိဘပြည်သူများ ပါလို့ လင်းသူတွေ
အစရှိသဖြင့် နယ်စည်းမခြားစတမ်းဆိုသူတွေ
---------------ဆေးလိပ်လည်းတို ------------- နေလည်းညိုပြီ
ဒါကြောင့် ဖြစ်မှ ဖြစ်ပါ့မလား
ဖြစ်ပါတယ် ဖြစ်ပါတယ်
ဒီနေ့ခရီးဟာ
လေဖိအားနည်း နူရာဝဲစွဲရပ်ဝန်းအပေါ် ဖြတ် ကျော်နေတယ်
တိမ်လုကောလု တွေ့ဆုံဆွေးနွေးပွဲကြီးအနီး ဖြတ်စီးနေတယ်
အရိပ်ခို အရွက်ချိုး လူကြိုက်များကြီးတွေအနား ဖြတ်သွားနေတယ်
ဖျက်ရာပြင်ရာ ဗရပွနဲ့ နေ့စဉ်မှတ်တမ်းလွင်ပြင် ဖြတ်ဝင်နေတယ်
သွင်းအားစုတွေ အားကိုးနဲ့ ထွက်နှုန်းမြင့် အရှုံးအဆုံးတွေထဲ ဖြတ်ဆွဲနေတယ်
ထောင်မြင်ရာစွန့် ခေါင်းတငြိမ့်ငြိမ့်တွေ အငိုက် ဖြတ်ရိုက်နေတယ်
အများပြောနေသလို ကမ္ဘာဟာ ပြားရတဲ့အထဲ
လမ်းညွှန်မြေပုံဟာ မြေစမ်း ခရမ်းပျိုးနေလေသမျှ
မိုးမျှော် ကောက်ပင်ထွား။ဗိုက်ပူနံကားး လယ်ယာများ။ကြေွးမြီ သုံးသီးစား---ဆိုသလို
ရွာဦးကန်ကိုယ်တိုင် က ရွာကိုပြန်လည်သောက်သုံးနေပါပြီ ---ဆိုသလို
ဒါကြောင့် စိတ် မှ စိတ်ချရပါ့မလား
စိတ်မချဘူး စိတ်မချဘူး
ကျော်ခဲ့ ဖြတ်ခဲ့ အလင်းတန်းတိုင်းဟာ လမ်းပြကြယ် မဟုတ်ခဲ့သလို
ပြန်လည်သုံးသပ်ရန်လိုအပ်နေတာ မနက်ဖြန်တွေ လား။
အရွဲ့နဲ့ အစောင်းဟာ စရွေးကိုက်လေ့ရှိသလို
ဥာဏ်ပညာလမ်းကျဉ်းဟာ ပိတ်ဆို့ သွားပြီလား။
အပြီးလိုလို အပိုင်လိုလို ပြန်မလျှောက်ချင်ဘူးလိုလိုနဲ့
ယခင်လိုလို ယခုဟာလည်း အရုဏ်တက်ပြီဆို
မမှန်မကန် တစ်ခွန်းနဲ့ ကိုယ်လက်သန့်စင်၊
နေ့ခင်းနေ့လည်ဆို အာရုံခံ မြားအစင်းစင်းနဲ့ သားကောင်ရှာ လူလူသူသူ ၊
လက်ကြားမမြင်ရချိန်မှာ တခွင့်တလမ်း အထူးထူးတွေကိုပဲ
ညီအကိုမသိတသိတွေနဲ့ အလဲလဲအကွဲကွဲ မူးယစ်၊
ထိုကဲ့သို့ ကိုယ်တိုင်ထုတ်လုပ်လို့ ကိုယ်တိုင်တင်ပို့  အတ္တများ၊
ကိုယ်တိုင် ကြေးဖွင့်လို့ ကိုယ်တိုင် ဈေးရ အဟောသိကံများ၊
တစ်ကိုယ်တော် စားဝတ်နေအခမ်းအနားများကိုသာ ဖွင့်လစ်သြ၀ါဒ နိစ္စဓူဝ၊
ထိုမှတဆင့်ရင့်ကျက်ပြီးစီးအောင်မြင်ဟန် ရှင်းလင်းနှောင်းတများ၊
အဲဒီလို ဒေါင့်မကျိုးခြင်းများ ဟာ အချိုးမပြေခြင်းများနှင့် သောက်ဖေါ်စားဖက်ခဲ့။
တကွဲ တပြား အလွဲအမှားများကိုသာ စနစ်တကျ တည်းဖြတ်တင်ဆက်ခဲ့။
အစမရှိ အမှာစကားတွေမှာ အဆုံးမရှိ အမှား ဇကာ ကျခဲ့။
ဒီလိုနဲ့ပဲ အစဉ်အလာ မိုးမျှော်တေးတွေကို ထွန်ယက်၊
သမရိုးကျ မျိုးစေ့တွေနဲ့ နည်းစနစ်များကို ပက်ကြဲ၊
ဒါကြောင့် မယုံဘူး မရဲဘူး မယုံနိုင်ဘူး မရဲနိုင်ဘူး
ယုံပါ ရဲပါ ယုံလိုက်ပါ ရဲလိုက်ပါ
အတိတ်ရွက်စိမ်းတွေ တဖားဖားနဲ့
ဓါတုဆေးအကူ ရာသီစာစိုက်ခင်းတွေကို အသာထား
တိမ်တောင်ပြိုးပြိုးပြက်ပြက်တွေ တလိပ်လိပ်နဲ့
မိုးမပါရေမပါ သွေးဆောင်ဖြားယောင်းခြင်းတွေကို အသာထား
သဲဖုန် မှုန်မှိုင်းတွေ အလူးလူးနဲ့ လေနီမုန်တိုင်းစိမ်း အရူးအမူးတွေကို အသာထား
ပိုင်ပါတယ် နိုင်ပါတယ် ပီပါတယ် မြည်ပါမယ်
ရောက်သမျှ ပေါက်မယ် လျှောက်သမျှ ဖေါက်မယ်
တတ်သမျှ ရေးမယ် မှတ်သမျှ ဖွဲ့မယ်
ရွေ့သမျှ လေ့မယ် ပြေးသမျှ ရွေးမယ်
မိုးဦးကျ တောင်ကျချောင်းလို ရှုပ်ထွေးနောက်ကျိ
သမရိုးကျ အမြင်အသိတွေကို ရှင်းမယ် လင်းမယ်
ရာသီ အကူအပြောင်းရဲ့ လေနှင် ရွက်ခြောက်တွေလို
ကမောက်က ဖရိုဖရဲများ ဆွဲမယ် လှဲမယ်
နေလာနှင်းပျောက်သဘောတရားမှာ စောင့်မယ် ဆိုင်းမ ယ်
ပစ်မှတ်ကိုဟန့်တားခြင်းအပြင် အခြားအစွမ်းတွေကိုပါ ဖျက်သိမ်းပစ်နိုင်တဲ့
ဒုံးခွင်းဒုံးလိမ္မာတစ်စင်းလို ကြုံးမယ် ရုန်းမယ်
လူပြောသူပြောများများနေတဲ့
အူမတောင့်မှ သီလစောင့်ကို ဖာမယ် ထေးမယ် ရှာမယ် ကျွေးမယ်
အစရှိသဖြင့် ကုန်ကြမ်းတွေ မှိုရိပ်မသန်းစေဖို့
ကုန်ချောတွေ ပိုးမွှားကင်းစေဖို့
ဆည်ဖို့ တားဆီးခံချောင်းတွေ ထပ်မံ မျိုးဆက်မပွားစေဖို့
စိတ်သွားတိုင်း စေတနာပါဖို့
ငါတို့နေ့ရက်တွေဟာ အသိသတိတွေနဲ့ ပေါ့ပေါ့ပါးပါး
မငဲ့မစောင်း၊ ကိုယ့်လမ်းကြောင်းကို၊ စိတ်ကောင်းနဲ့ ယှဉ်လို့ ပေါ့ပေါ့ပါးပါး
ကိုယ်တည်းတစ်ယောက်၊ချမ်းသာရောက်ဖို့၊ခုလောက်ကြိုးကု တ်၊အားမထုတ်ဘူးလို့ ပေါ့ပေါ့ပါးပါး
အစစအရာရာ မပေါ့မပါးလွန်းပေမဲ့
ခုလို ပေါ့ပေါ့ပါးပါး ရုန်းကန်
ကိုင်း
ပြောစရာ
ဘာကျန်သေးသလဲ---------
ဆိုတော့
ကျန်နေတာက
အလုပ်
လူလန်း(၁၄-၁-၂၀၁၃)
ပျိုးထောင်ရေကစလို့ လက်သာကိုယ်ကျွတ်
သုံးစားခဲ့ရလေသမျှ အလေနတော အကြွင်းအကျန်
သီးကြပွင့်ကြပြန်တော့ နငယ် နပင်းပိတ်
အတိတ်ခြေရာလက်ရာဆိုလို့ ဟောဒီ ပြာကြွင်းပြာကျန်တွေပဲ ရှိတော့သလို
အငုံ အဖူးတွေဟာ ကောင်ကင်းကြီးထဲ အိပ်မက်ခါးလို အစအဆုံးမရှိ
အဆင့်ဆင့်ဖေါက်ခွဲ cluster ပန်းဗုံးများအကြား ရှင်သန်ကုတ်ကပ်လို့
ထမင်းလွတ်ဟင်းလွတ် စွတ်စွတ်ရွတ်ရွတ် ကမ္ဘာကြီးသာ ၊
ဟိုစမ်းသည်ရမ်း မသန်မစွမ်းမြစ်ကြီးကိုသယ်ဆောင်လို့
ဒဏ်ရာ အနာတရတွေက အစိုရေ မ၀ တဝ
ဘ၀တွေကလည်း မျိုးစေ့တောင်ပြန်လည် မရရှိတော့သလို
အားလုံးဟာ တအုပ်တမ အလဲအကွဲ အလူးအလိမ့်တွေနဲ့
ဘာဆိုဘာမှ နားပါးမလည် ယိမ်းအလှတွေကလို့
ပွင့်ရသီးရမှာကိုပဲ အနာဂတ်မေ့သလို အကွေ့လို
ချို့တဲ့နွမ်းပါးကြီးကြီးကျယ်ကျယ်တွေသာ နယ်စည်းတွေမခြားကြ
ဟိုးးးးးးးးးးးးရှေ့မှာ ရုန်းရင်းဆန်ခပ် လှိုင်းတွေ
ခေါင်းမော့ရင်ကော့ တိမ်တောင်ပြိုးပြက်တွေ
ငါတို့မှာသာ ညစ်ညမ်းလေထုကို စက္ကန့်နဲ့အမျှ
တချို့တေးနဲ့၊ တချို့ကဗျာနဲ့ စာနဲ့၊ အဲဒီတချို့နဲ့
အခြားသောတချို့တွေ ဆက်စပ်စာစီလို့ လက်သီးလက်မောင်းတမ်းကြ
မီးခိုးများ။ လေဟာနယ်မျာ။ ဘ၀များ။အချိန်များ။တွေးသိတတ်ရှင်များ။
အနှောင်အဖွဲ့တွေကို စနစ်တကျ ဖျက်ခြွေ လွတ်လပ် ထုံကူးကြ။
ကောင်းကင်တွေကအစ အိပ်မက်ပန်းချီနဲ့ နှင်းမှုန်ချမ်းမြတွေအဆုံး အားလုံးဟာ
ငါတို့ကို ငါးစာ တေးတွေနဲ့ ချော့ ခြောက် သွေးဆောင်ဖြားယောင်း
တိုးတက်ပါတယ်။ ကွဲအက်ပါတယ်။ ဖွံ့ဖြိုးပါတယ်။ကြေကျိုးပါတယ်။
အဲလို တစစီ တစစီထဲမှာ တကိုယ်တော်တွေဟာ တပိုင်တနိုင်
တချိန်ချိန် တနေရာရာ တယောက်ယောက်
အားလုံးနဲ့ အားလုံး ပြည့်နှက် ပဲ့တင် လွှမ်းခြုံကြ
လိုအပ်ရင် အမှောင်ရင်ခွင်ကိုလည်း လင်းပွင့် လက်တွဲ
ဟောဒီ အမှောင်ညရဲ့ ဗဟိုချက် တည့်တည့် ကြီးထဲ မိုးကြိုးအလင်းလို ထိုးဖေါက်
စက်ကွင်းလွတ်ရာ ပြိုးပြိုးပြက်နေသူ ကိုယ့်အရေးအမြော်အမြင်
သူတလူတို့ နားပါးကြီးတွေ လိုင်းဆွဲအားကောင်းလှချည့်
ဖူးခဲ့ပါပြီ။သီးခဲ့ပါပြီ။မှည့်ခဲ့ပါပြီ။ခုလို အမှည့်လွန်ကာလထိ ကသမ်းကရမ်း
အပုတ်နံ့ ကူးစက်ရောဂါတွေ ဖြန့်ဝေ လက်သရမ်းလို့
နောက်မှာ တငုံ့ငုံ့ အငုံလေးတွေ ခေါင်းလေး မရဲတရဲ ဖေါ်လို့ ကျီးလန့်စာစား
သီးကင်းလေးတွေနဲ့ပဲ အသီးတွေကင်းရတော့မှာလား
မြင်သာမြင် မကြင်ရသလို ရူးသွပ်ရပါပြီ ဒီဥယျာဉ်ကြီးထဲ
သန့်ရှင်းလတ်ဆတ်အရသာတွေ လျှာမထိရတော့ဘူးလား။
အကောင်းတွေ အမွန်တွေ လမ်းဆုံးခဲ့ပြီလား။
ဆင်ကြံကြံ ချိုထောင်ကားယားထိပ်ကွက်ကြီးသာ ငါတို့ အနာဂတ်လား။
အငုံအဖူးတွေနဲ့ တစ်ပင်လုံး ညွတ် ကိုင်း ပင်ပျိုတို့ ရေ………….
လင်းချင်းမျက်ဝန်းတွေနဲ့ အပြိုင် မြစ်ဟာ စွန့်ဦး အရိုး ထွင်လို့
တွန့်ခေါက်တောင်စဉ် ဒီလှိုင်း ဆို့ဆို့ ဆိုင်းဆိုင်းကြီးထဲ
အတောင်ပံတွေ ကိုယ်စီ မြင်သတိ စားသတိ သွားသတိ ရွက်လွှင့်ရင်း
အခြေကခံတို့ရေ…..ငါတို့ရေ……….ကျွန်တော်ကျွန်မတို့ရေ…..
စိုက်သလောက်ရိတ်သိမ်းရမယ်လို လန်းဆတ် ရုန်းကြွ
မိုးတိုးမတ်တပ် ကြီး တင်ဆက်ခဲ့ကြ ယမန်နေ့တွေအပေါ်
ငါတို့ဒီနေ့ကို ဆင်အို ဆင်ကန်း တစ်ကောင်နောက်မှာ တောတိုးနေ စေဦးမလားး
မ ဖြစ်ဘူး--မနက်ဖန်မှာ လှိုင်းတို လှိုင်းရှည် မြန်နှုန်းမြင့် အော်သံခေါ်သံတွေရှိနေလို့
ဟုတ်တယ်-ရှေ့ရောက်နေသူမှာ စောင့်ရကြိုရမဲ့ တာဝန်ကွန်ယက်ကြီးရှိနေလို့
မဖြစ်ဘူး-အိပ်မက်ဆိုတာ ပန်းရောင်စုံပေမဲ့ ကိုယ်တိုင်စိုက်ချင်ပျိုးချင်သူတွေနည်းလွန်းလို့
ဟုတ်တယ်-ငါတို့က သမိုင်းကို ရေးနေလို့
မဖြစ်ဘူး-သမိုင်းဟာ ငါတို့ကို သူ့သဘောသူဆောင်နေစေလို့
အဲဒီလို-ငါတို့ဟာ ခင်ဗျားတို့မဟုတ်သေးသမျှ
ငါနဲ့ သူနဲ့ သူမနဲ့ ခင်ဗျားဟာ ငါတို့ဖြစ်ကြပါမှ
အိုကေ….အိုကေ…အိုကေ.
ငါတို့ကို စားလိုက စားစေ
ကောက်သစ်ပွဲကြီးဖြစ်မြောက်သွားရင်…….အိုကေ.။
လူလန်း