ဆိုခဲ့ ငိုခဲ့ ဖူးသမျှ ပြည့်လို့ စုံလို့ နားပြီ ရပ်ပြီလား
ဒါမှမဟုတ် Stable ဆိုလား Smartဆိုလား နို့ဝလို့ အငိုတိတ်နေတာလား။
ခပ်တောင့်တောင့်ကြီး မလှုပ်မယှက်နဲ့ခုတလော ကဗျာတွေကအစ ကဗျာကိစ္စပြီးသွားလို့ပဲ
တည်သွား ငြိမ်သွားတာလား။ဝေ့ကာ ၀ဲကာ ပြောစရာ နိမိတ်ပုံတွေ ကုန်လို့လား၊ ဂယက်အနက်တွေနဲ့
စောင်းပါး ရိပ်ခြည်နေ့ရက်များ ပန်းတိုင်ဆိုတာ တွေ့သွားတာလား။ခေတ်ပေါ်ကိုလွန်ခဲ့တဲ့
ခေတ်ပေါ်လွန်ကပဲ ခေတ်တွေထဲ ကျွံလွန်သွားလို့လား။ဒါမှမဟုတ် ဘ၀ရှင် မင်းတြားကြီး
သိကောင်းစရာ ကဗျာအရေးအသားတွေနဲ့ ဦးပုညလို ခေတ်မဟုတ်လို့လား။
မဟာမှိုင်းလို ဆုပေးဒဏ်ပေး တခမ်တနားအရေးအဖွဲ့တွေကို ခေတ်ကမတောင်းဆိုလို့လား။
ရေးသားတင်ဆက်စရာ မလိုအပ်တာလား။ခေတ်စမ်းကဗျာလို ခေတ်ကိုစမ်းသလိုလိုနဲ့ အတွေး
အမြင်သစ်တွေကိုဆွဲဖွင့်စရာ တံခါးတွေ ပွင့်နေပြီးလို့လား။ ဒါမှမဟုတ် ငါတို့ရှိသေးတယ်လို့
ရင်ဘတ်ကို တဘုတ်ဘုတ် ပုတ်လို့ ဖွင့်ထုတ်ရေးဖွဲ့စရာ ငါတွေ မရှိတော့လို့လား။
ပလေယာ-ငါ-တွေကိုပဲ ဝေဒနာ-ငါ-တွေက ပြောရေးဆိုခွင့် အပ်လိုက်လို့လား။
တန်းတူညီမျှ လှူုအခွင့်ရေး ဆာတီဖီကိတ်တွေနဲ့ ပဲ ကဗျာဟာ အိမ်ဦးခန်းမှာ နေရာ ရသွားလို့လား။
ဗဟိုခွါရွေ့အားတွေကြောင့်ပဲ ဖြန့်ထွက်ခဲ့ အဓိပ္ပါယ်တွေဟာ ထိမ်းမနိုင်သိမ်းမရတော့တာလား။
ထင်တိုင်းမပေါက် ဘာသားစကားတွေကိုပဲ အလိုမပြည့်စွာ ရှာဖွေ တူးဆွနေရလို့လား။ဒါမှမဟုတ်-
ဖတ်သူကိုယ်တိုင် ပါဝင်နည်းနာကြီးထဲ တစ်ယောက်တစ်ပေါက်တွေနဲ့ ခြေချင်းလိမ်နေလို့များလား။
လွတ်လပ်စွာတွေကိုပဲ လွတ်တွေ လပ်တွေ စွာတွေနဲ့ ခွဲထွက် ပွဲစည် တည်ထောင်ပြီးလို့လား။
ဒါမှမဟုတ်- ခွင့်ပြုချက်မပေးဘဲ ဆန္ဒထုတ်ဖေါ် စီတန်းလျှောက်လို့ အမှုပေါင်း ၂၀ ကျော်နဲ့ နေထွက်
နေ၀င် ရင်ဆိုင်နေရလို့လား။လုပ်ခလစာတွေပဲ လယ်ဘယ်တူ အာဆီယံဆိုတာနဲ့ တန်းဝင်မယ်မှာ ငေးမော
မင်သက်မိနေလေသလား။ဒါမှမဟုတ် အိမ်ရှိလူကုန် အူမချေးခါးမကျန်တစ်နေ့လုပ်တစ်နေ့စား နေရသလား။
ယခင့်ယခင်အောင်မြင်စွာ ရင်းနှီး မြှုပ်နှံခံလှူုစွမ်းအားတွေ ထဲ အလုပ်အကိုင်အခွင့်အလမ်းတွေနဲ့ လူလူ
သူသူဖြစ်သွားလို့လား။ဒါမှ မဟုတ် အတည်ပြုပြီးဥပဒေတွေလိုပဲ လိုအပ်တဲ့ နည်းဥပဒေညွှန်ကြားချက်တွေ
ပြည့်စုံ ခန့်ခိုင်ဖို့ ရှာဖွေ တွက်ချက်နေရလို့လား။
ဒါမှမဟုတ်- ဘာမှမဟုတ်တော့ဘူးလို့ ခံယူတိမ်းရှောင်ပစ်ချင်တာလား။
ထားပါတော့-
-ခုတလော-ကျွန်တော့်ကို ကျွန်တော် ပြန်ပြန်မြင်နေရပုံက ၊
ကဗျာဆရာလိုလို ၊
ရေခဲတိုက်ထဲက ပိုင်ရှင်မဲ့ အလောင်းကောင်ကြီးလိုလို။
ဒါမှမဟုတ် -
ဘာမှ မဟုတ် ------တဲ့ -----
လူလန်း (၁၆-၁၁-၂၀၁၂)