ခုတလော စိတ်ဟာ တပိန်ပိန်တလိမ်လိမ်နဲ့ ကြောင်လိမ်လှေကားပေါ်မှာ
ဆင်းမယောင် တက်မယောင်နဲ့ တာထွက်မှာ တက်မကိုထောင်လို့
ပန်းဝင်တော့ မယောင်ယောင်။ ၀င်လေထွက်လေမှာ သမာဓိခိုင်ဖူး သယောင်ယောင်။
နဖူးက အမာရွတ်ကိုပဲ ရုပ်နာမ် ခွဲနေသယောင်ယောင်။မရှူနိုင်မရှိုက်နိုင် အပုတ်နံ့ကိုပဲ
နံရင် နံတယ် မှတ်နေသယောင်ယောင်။ကိုယ့်ဂုတ်ပေါ် သွေးတက်စုပ်နေတာ
သမုဒယ ပါလားလို့ တရားကျနေသယောင်ယောင်။ပုဂ္ဂိုလ်ခင်ရာက မင်နေတဲ့တရားဟာ
မမှားတော့သယောင်ယောင်။ပြုသူအသစ် ဖြစ်သူအဟောင်းလို့ပဲ နှလု့းသွင်းထားသယောင်ယောင်။
ဟိုယောင် ဒီယောင် တွေးလိုက်ပြေးလိုက်နဲ့ ခလုတ်တိုက် တိုက်နေတဲ့စိတ်။
စိတ်လောင်ရာ လေပင့်လို့ စိတ်နစ်ရာ ၀ါးကူထိုးတဲ့စိတ်။
လှေမရှိ စိတ်နဲ့ လှော်လို့ ဖိတ်ချင်းဖိတ် ကိုယ့်စိတ်ထဲ ဖိတ်တဲ့ စိတ်။
သူ့စိတ်ပေါ် တုတ်ကျတော့ အနာရှိတယ်တဲ့။ရုပ်မကွဲ နာမ်မကွဲနဲ့
ဝေဒနာတွေကို မပြတ်မှီဝဲနေရသလောက် အာဟာရ ပြတ်နေတဲ့ စိတ်။
စိတ်အချင်းချင်း စိတ်သင်းကွဲနေတာက တစ်ကြောင်း၊စိတ်တစ်ယောက်ကို
စိတ်လိုက်မာန်ပါ ချေမှုန်းပစ်လိုက်မိတာကတစ်မျိုး၊ စိတ်ဟာ
ပိုးမျိုးတစ်ထောင်နဲ့ မီးကို ထပ်ထပ်တိုးတယ်။မြေမှန်မျိုးမှန် စိုက်နည်းမှန်ပေမဲ့
စိတ်ဟာ ရာသီကို မသိလို့ပဲ စိုက်သလောက် မရိတ်မသိမ်းရသလိုလို။
စိတ်အချင်းချင်း တစ်မူးသာသာနေလို့ပဲ စိတ်ဟာ အ၀တ်မကပ် ဖြစ်နေရသလိုလို။
သူကို သူလည်းမမြင် ၊ဘေးဘီဝဲယာ အသာထား၊ မျက်နှာမူရာကိုပဲ မသဲမကွဲနဲ့စိတ်ဟာ
လမ်းကျဉ်းထဲကို ဆူးလှည်းကြီးမောင်းလို့ဝင်ပြန်တယ်။မထိမညိဘူးတဲ့ အရာ မရှိသလို
ကိုယ်တိုင်ကလည်း မကျိုးမပဲ့ဘူးတဲ့ အရိုးမကျန်တော့ဘူးဆိုတော့
စိတ်ဟာ မီးများ မီးနိုင် သမားဆို အိုတယ်။(သတိမေ့မေ့ပြီး-
လူနာဗိုက်ထဲ ကတ်ကျေးတစ်လက်စီ ချန်ထားတတ်တာကလွဲလို့-)
သူ့ကိုယ်သူလည်း ခွဲလိုက် စိပ်လိုက်နဲ့ ဒဏ်ရာပေါင်း သောင်းခြောက်ထောင်ကို
ပလတ်စတစ် ဆာဂျရီ(အတူနေ စိတ်တွေကတော့ ကြွပ်ကြွပ်အိတ် ဆာ ဂျရီပါတဲ့)
အဲဒီလို ဟိုတစ်စိပ်ဒီတစ်စိပ်နဲ့ အစိပ်စိပ် အမွှာမွှာ။ဒီစိတ်ထဲမှာတောင်
ကိုယ့်မင်း ကိုယ်ချင်း သူနိုင်ကိုယ်နိုင်၊ ဟိုစိတ်ကို ဒီစိတ်က ပြိုင်လို့။
သွားသတိ လာသတိနဲ့ စားလည်း ဒီစိတ်
သတိ (၁၀၈)လုံးပုတီးကြီးကို တစ်စိပ်စိပ်။
ကမ္မဌာန်းလိုလို ကျီးကန်းတောင်းမှောက်လိုလိုနဲ့
ခုတလော ပျောက်နေတဲ့ စိတ်ကို
ဆိတ်သိုးတစ်ကောင်ရဲ့ ပေါင်ကြားမှာတွေ့လိုက်တယ်။
လူလန်း (၅-၁၀-၂၀၁၂ )