အံတိုနီယို
(၁)
အနောက်နိုင်ငံသားတစ်ယောက်လိုလိုနာမည်က အသံထွက်နေပေမဲ့ လူပုံကတော့
တကယ့်မြန်မာ။မဖြစ်မနေ ရင်းနှီးပြနေရသူတွေကတော့ အန်တိုနီယိုလို့ခေါ်ပေးကြပါတယ်။
တကယ်တော့အံတိုမှ အံတို ။သံတူကြောင်းကွဲလောက မှာ အံတိုနေလို့ပဲ အံတိုခေါ်လေသလား။
ဗီဇကိုယ်တိုင်ကအံတို မျိုးရိုးဖြစ်နေလို့ပဲ ဆက်လက် အံတိုနေတော်မူလေသလား။
ခေတ်ကိုက ဝေေ၀၀ါးဝါးတွေဖြစ်နေလို့ပဲ အန်တိုအမှန်ကပဲ အံတို ဖြစ်ရလေသလား။
သူ့ဥပဓိ ၀ဏ္ဏနဲ့ သူ့အမည် ဗျုပ္ပတ်ကလည်း မိန့်မိန့် စုန့်စုန့်ကြီးဆိုတော့ဒီအမည်ကပဲ
အလိုက်ဖက်ဆုံးပါဆိုပြီး အံတို လို့ သမုတ်ကြလေသလား။ဘယ်သူတွေဘာပြောပြော
အံတိုဆိုတဲ့ အံတို ကို ဦးအံတို ခေါ်ရတော့မယ်။ပူပူနွေးနွေး ပင်စင်စား တော့မယ်ပေါ့။
(၂)
အောက်တန်းစာရေးလေးမှသည် လုပ်သက်ရင့် အရာရှိကြီးဘ၀အထိ နိုင်ငံတော်ကြီးကို
အလုပ်အကျွေးပြုဘိခဲ့တဲ့ အံတိုဟာ လုပ်သက်ပေါင်း ၄၅နှစ်တောင်ရှိခဲ့သတဲ့။အခါအခွင့်သင့်ရင်
သင့်သလို သူ့ဆရာ အံတိုကြီးတွေ အကူအညီနဲ့ သက္ကရာဇ်တွေကို ဖြိုခဲ့သူ အံတိုဟာ တကယ်လည်း
ပင်စင်စားချိန်မှာ အသက်က ၆၅နှစ်တောင်ကျော်နေပြီ ။အဲလို နှစ်ပေါင်းများစွာ အံတိုဟာ
နတ်ထွင်းတဲ့ ခံတွင်းဝမှာ မိန့်မိန့်ကြီး လခစားလို့ ။ဖိဝါးကြိတ်ချေခံရန် ရောက်လာကြပါကုန်သော
မနုဿအနွယ်ဝင် များကို ဘယ်သူမပြု မိမိပြု မူနဲ့ မှန်မှန်ကြီးကြိတ်ဝါးလို့။ မိမိမ၀ါးလည်း
အခြားသွားတွေအကြားမှာ အရိုးအသားကွဲပြားသွားမှာပဲဆိုသလို အံတိုဟာ အစိုးရ၀န်ထမ်းခဲ့သတဲ့။
သွားသွားလာလာ စားစားသောက်သောက်တွေ အကြား ၊ အံတိုလို အံတိုတွေကလည်း များလှဆိုပဲ။
ထိုင်ခုံ စားပွဲတစ်လုံးကိုယ်စီနဲ့ မင်နီမင်ပြာဘောပင်တွေကအစ အိပ်ကပ်ထဲမှာ အံတိုကို စတိုင် စမတ်
ကျစေလို့။ အံတိုရှိရာ အံတိုလာပြောရမလား။ အံတိုချင်းခြေမြင်တယ်ဆိုရမလား။စီနီယာ အံတိုဟာ
မနက် ၁၀နာရီခွဲမှ ရုံးလာတယ်ဆိုတော့ ဂျူနီယာအံတိုတွေရဲ့ အစောဆုံးရုံးတက်ချိန်က မနက် ၁၀နာရီ။
၁၁နာရီမှာ မနက်စာ ထမင်းစားနားတယ်။အံတိုနဲ့ အဟာရဖြစ်အောင်ဝါးရတာဆိုတော့ နည်းနည်းကြာတယ်။
နေ့ခင်း၂နာရီမှာတရုန်းရုန်းနဲ့ သူတို့ အလုပ်မလုပ်ရင်ပဲ နိုင်ငံတော်ကြီးအုံးကနဲ ထကွဲတော့မှာလိုလိုနဲ့
တစ်နေကုန်စောင့်စားနေကြတဲ့အကြိတ်အ၀ါးခံလေးတွေကို ပလုပ်ပလောင်း မြိုဝါး။တချို့အစေ့လိုက်၊
တချို မညက်တညက်၊တချို့ဆို နီးရာအရည်နဲ့တောင် မျက်စိမျက်ဆန် လန်ထွက်မတတ် ဂလုဂလုမျှော
ချယူရတဲ့အထိ။ပီဘိ အံတို။ အံတိုတွေမှာ လည်း ဘီးလူးစည်း လူ့စည်းရှိသလိုလို။ အံတိုချင်းချင်း
သတင်းလွေ့လွေ့လိုလို၊ အံတိုမှန်ရင် နွံမနစ်ပါဘူးကွလိုလိုနဲ့ ညနေရုံးဆင်းပြီဆို အံတိုချင်း ချီးယားစ်။ဒါမပါဘူး။ဟိုဟာလိုသေးတယ်ဆိုပြီးရခဲ့တာကိုအမြည်းထား။ ထောက်ခံစာဆိုတာ
ဒီလိုလွယ်လွယ်ရမှတ်နေသလား စကား အဆုံးမှာ ဖျတ်ကနဲကိုယ်ထင်ပြလာတဲ့ ဆင်တစ်ကောင်
နှစ်ကောင်ကို ကိုကြီးကျော်လက်ဦးထား။တဟီးဟီးတဟားဟား အိမ်အပြန်မှာ
အနည်းဆုံး ဆင်နှစ်ကောင် ကျုံးသွင်းလာနိုင်ခဲ့သေးသတဲ့။
(၃)
အဲဒီလို ကံကောင်းအကြောင်းလှခဲ့တဲ့ အံတိုဟာ ပြည်သူ့ဝန်ထမ်းဆိုတဲ့ အသုံးအနှုန်းကြီးနဲ့
ပွတ်ကာသီကာလွတ်မြောက်သွားတယ်။ဟိုတိုင် သည်တော အနူတောထဲက လက်မတင်လေးဆိုသလို၊
ခွင့်ကြီးမခံစားခင်တစ်ရက်အလိုကပဲ လဘက်ရည်ဖိုးရခဲ့တဲ့ဆိုင်ကယ်ကြီး တ၀ီဝီနဲ့ ပင်စင်ထုတ်
သွားတော့တယ်။ဝင်ဝင်ချင်းဆောက်နဲ့ ထွင်းဆိုရမလား၊သွားကြားထိုးတံကိုယ်စီနဲ့ ကိုယ်လို သူလို
အလျှိုအလျှို ထိုင်ခုံတွေပေါ်မှာ အံတိုများ။ အဲဒီမှာအံတိုဟာဘုရားတရားကိုသတိရသွား တော့တယ်။
ဟိုစားပွဲ ဒီစားပွဲ ယင်မဲကြီးတစ်ကောင်လို ချွေးတဒီးဒီးနဲ့ ပျံဝဲနေရတဲ့ အံတိုဟာ ဘယ်တော့မှ
ပင်စင်လာမထုတ်တော့ဘူးလို့အသံထွက်မိသွားသလိုလို။ အံတွေနစ်ဝင်နေတဲ့ သွားဖုံးကြားက
သွေးတွေယိုဆင်းလာတဲ့ အထိ မေးရိုးတွေတင်းတင်းရင်းရင်းကြီး ထောင်ထနေတဲ့ အံတိုဟာ ပြောင်နေတဲ့
မဟာနဖူးကို တဖျင်းဖျင်း ပွတ်လိုက်၊ဘယ်ညာမေးရိုးနှစ်ဘက်ကို လက်အစုံနဲ့ ရိုက်လိုက်ပုတ်လိုက်။တိုနေတဲ့
သူ့အံတိုတွေကပဲ မခံမရပ်နိုင်အောင်သူ့ကိုကိုက်ခဲနှိပ်စက်နေပုံ။
(၄)
အဲဒီနေ့ညနေအိမ်အပြန်မှာအံတိုဟာ ခေါင်းထဲသိပ်မကြည် လို့ ခဏ နားဦးမယ်ကွာ ဆိုပြီး
အိပ်ယာထဲဝင်သွားတာ ပြန်နိုးမလာတော့ဘူး။ဖြစ်ရိုးဖြစ်စဉ်ပဲပြောရမလား။ ယုံချင်ယုံ မယုံချင်နေပဲ ဆိုရမလား။
အံတိုကို မီးသင်္ဂြဟ်တော့ ၀ါညစ်နေတာကလွဲလို့ ပြောင်ချောနေတဲ့ အံသွားတွေဟာ ပြာမကျဘူးတဲ့။
ဒါကိုပဲ နီယို အံတိုတွေ က သဘောကျလို့ မပြီးနိုင် မစီးနိုင်။
လူလန်း( ၂၅-၁၂-၂၀၁၂)