ပျိုးထောင်ရေကစလို့ လက်သာကိုယ်ကျွတ်
သုံးစားခဲ့ရလေသမျှ အလေနတော အကြွင်းအကျန်
သီးကြပွင့်ကြပြန်တော့ နငယ် နပင်းပိတ်
အတိတ်ခြေရာလက်ရာဆိုလို့ ဟောဒီ ပြာကြွင်းပြာကျန်တွေပဲ ရှိတော့သလို
အငုံ အဖူးတွေဟာ ကောင်ကင်းကြီးထဲ အိပ်မက်ခါးလို အစအဆုံးမရှိ
အဆင့်ဆင့်ဖေါက်ခွဲ cluster ပန်းဗုံးများအကြား ရှင်သန်ကုတ်ကပ်လို့
ထမင်းလွတ်ဟင်းလွတ် စွတ်စွတ်ရွတ်ရွတ် ကမ္ဘာကြီးသာ ၊
ဟိုစမ်းသည်ရမ်း မသန်မစွမ်းမြစ်ကြီးကိုသယ်ဆောင်လို့
ဒဏ်ရာ အနာတရတွေက အစိုရေ မ၀ တဝ
ဘ၀တွေကလည်း မျိုးစေ့တောင်ပြန်လည် မရရှိတော့သလို
အားလုံးဟာ တအုပ်တမ အလဲအကွဲ အလူးအလိမ့်တွေနဲ့
ဘာဆိုဘာမှ နားပါးမလည် ယိမ်းအလှတွေကလို့
ပွင့်ရသီးရမှာကိုပဲ အနာဂတ်မေ့သလို အကွေ့လို
ချို့တဲ့နွမ်းပါးကြီးကြီးကျယ်ကျယ်တွေသာ နယ်စည်းတွေမခြားကြ
ဟိုးးးးးးးးးးးးရှေ့မှာ ရုန်းရင်းဆန်ခပ် လှိုင်းတွေ
ခေါင်းမော့ရင်ကော့ တိမ်တောင်ပြိုးပြက်တွေ
ငါတို့မှာသာ ညစ်ညမ်းလေထုကို စက္ကန့်နဲ့အမျှ
တချို့တေးနဲ့၊ တချို့ကဗျာနဲ့ စာနဲ့၊ အဲဒီတချို့နဲ့
အခြားသောတချို့တွေ ဆက်စပ်စာစီလို့ လက်သီးလက်မောင်းတမ်းကြ
မီးခိုးများ။ လေဟာနယ်မျာ။ ဘ၀များ။အချိန်များ။တွေးသိတတ်ရှင်များ။
အနှောင်အဖွဲ့တွေကို စနစ်တကျ ဖျက်ခြွေ လွတ်လပ် ထုံကူးကြ။
ကောင်းကင်တွေကအစ အိပ်မက်ပန်းချီနဲ့ နှင်းမှုန်ချမ်းမြတွေအဆုံး အားလုံးဟာ
ငါတို့ကို ငါးစာ တေးတွေနဲ့ ချော့ ခြောက် သွေးဆောင်ဖြားယောင်း
တိုးတက်ပါတယ်။ ကွဲအက်ပါတယ်။ ဖွံ့ဖြိုးပါတယ်။ကြေကျိုးပါတယ်။
အဲလို တစစီ တစစီထဲမှာ တကိုယ်တော်တွေဟာ တပိုင်တနိုင်
တချိန်ချိန် တနေရာရာ တယောက်ယောက်
အားလုံးနဲ့ အားလုံး ပြည့်နှက် ပဲ့တင် လွှမ်းခြုံကြ
လိုအပ်ရင် အမှောင်ရင်ခွင်ကိုလည်း လင်းပွင့် လက်တွဲ
ဟောဒီ အမှောင်ညရဲ့ ဗဟိုချက် တည့်တည့် ကြီးထဲ မိုးကြိုးအလင်းလို ထိုးဖေါက်
စက်ကွင်းလွတ်ရာ ပြိုးပြိုးပြက်နေသူ ကိုယ့်အရေးအမြော်အမြင်
သူတလူတို့ နားပါးကြီးတွေ လိုင်းဆွဲအားကောင်းလှချည့်
ဖူးခဲ့ပါပြီ။သီးခဲ့ပါပြီ။မှည့်ခဲ့ပါပြီ။ခုလို အမှည့်လွန်ကာလထိ ကသမ်းကရမ်း
အပုတ်နံ့ ကူးစက်ရောဂါတွေ ဖြန့်ဝေ လက်သရမ်းလို့
နောက်မှာ တငုံ့ငုံ့ အငုံလေးတွေ ခေါင်းလေး မရဲတရဲ ဖေါ်လို့ ကျီးလန့်စာစား
သီးကင်းလေးတွေနဲ့ပဲ အသီးတွေကင်းရတော့မှာလား
မြင်သာမြင် မကြင်ရသလို ရူးသွပ်ရပါပြီ ဒီဥယျာဉ်ကြီးထဲ
သန့်ရှင်းလတ်ဆတ်အရသာတွေ လျှာမထိရတော့ဘူးလား။
အကောင်းတွေ အမွန်တွေ လမ်းဆုံးခဲ့ပြီလား။
ဆင်ကြံကြံ ချိုထောင်ကားယားထိပ်ကွက်ကြီးသာ ငါတို့ အနာဂတ်လား။
အငုံအဖူးတွေနဲ့ တစ်ပင်လုံး ညွတ် ကိုင်း ပင်ပျိုတို့ ရေ………….
လင်းချင်းမျက်ဝန်းတွေနဲ့ အပြိုင် မြစ်ဟာ စွန့်ဦး အရိုး ထွင်လို့
တွန့်ခေါက်တောင်စဉ် ဒီလှိုင်း ဆို့ဆို့ ဆိုင်းဆိုင်းကြီးထဲ
အတောင်ပံတွေ ကိုယ်စီ မြင်သတိ စားသတိ သွားသတိ ရွက်လွှင့်ရင်း
အခြေကခံတို့ရေ…..ငါတို့ရေ……….ကျွန်တော်ကျွန်မတို့ရေ…..
စိုက်သလောက်ရိတ်သိမ်းရမယ်လို လန်းဆတ် ရုန်းကြွ
မိုးတိုးမတ်တပ် ကြီး တင်ဆက်ခဲ့ကြ ယမန်နေ့တွေအပေါ်
ငါတို့ဒီနေ့ကို ဆင်အို ဆင်ကန်း တစ်ကောင်နောက်မှာ တောတိုးနေ စေဦးမလားး
မ ဖြစ်ဘူး--မနက်ဖန်မှာ လှိုင်းတို လှိုင်းရှည် မြန်နှုန်းမြင့် အော်သံခေါ်သံတွေရှိနေလို့
ဟုတ်တယ်-ရှေ့ရောက်နေသူမှာ စောင့်ရကြိုရမဲ့ တာဝန်ကွန်ယက်ကြီးရှိနေလို့
မဖြစ်ဘူး-အိပ်မက်ဆိုတာ ပန်းရောင်စုံပေမဲ့ ကိုယ်တိုင်စိုက်ချင်ပျိုးချင်သူတွေနည်းလွန်းလို့
ဟုတ်တယ်-ငါတို့က သမိုင်းကို ရေးနေလို့
မဖြစ်ဘူး-သမိုင်းဟာ ငါတို့ကို သူ့သဘောသူဆောင်နေစေလို့
အဲဒီလို-ငါတို့ဟာ ခင်ဗျားတို့မဟုတ်သေးသမျှ
ငါနဲ့ သူနဲ့ သူမနဲ့ ခင်ဗျားဟာ ငါတို့ဖြစ်ကြပါမှ
အိုကေ….အိုကေ…အိုကေ.
ငါတို့ကို စားလိုက စားစေ
ကောက်သစ်ပွဲကြီးဖြစ်မြောက်သွားရင်…….အိုကေ.။
လူလန်း