ကိုင်းကျွန်းမီ   ကျွန်းကိုင်းမီ    စကားစမြည်  စိုက်ခင်း

ဟုတ်ပါ့မလား………..ဟုတ်ပါ့မလား

တစ်လှေထဲစီးမယ် သီချင်းနဲ့

ပျော်ပွဲစားခရီး မဟုတ်ဘူးလည်း ပြောလို့

ရှိသမျှ မသိတသိတွေကို ညမနက်စာ စားလို့

သိသမျှ မရှိတရှိတွေကို အလုံအခြုံဝတ်လို့

အကောင်းအမွန်တွေကို လက်ရဲဇက်ရဲ ပွဲတော်တည်လို့

အပုတ်အသိုးတွေကို ရက်ရက်ရောရော ပေးကမ်းစွန့်ကြဲလို့

ခုလို တခရီးထဲ သွားနေသူတွေထဲ

ကိုယ့်ကိုယ်ကို တောင်ယာခုတ်လို့ ရွေ့ပြောင်းထူထ

ကိုယ့်ကိုယ်ကို ကမ်းဖြိုလို့ ရွာဖျောက်

လမိုက်တယ်ဆိုပေမဲ့ ကြယ်တွေအဲဒီ လောက်ကြီးပေါက်နေတာတောင်မှ

ငကန်းသေရင် ငစွေပေါ်လိမ့် မဟဲ့ဆိုသူတွေ

သံချေးတက် ဓားတစ်ချောင်းနဲ့ ကျောက်စီ ရွှေဓားအိမ်အတွင်းကလူတွေ

ထမင်းရည်ပူလာ လျှာလွှဲလို့ မြွေပူရာ ကင်းမှောင့်ကြသူတွေ

ဖွတ်မိကျောင်းဖြစ် မြစ်ကြီးကို ပေယျာလကံပြုကြသူတွေ

BOTTOM TO UP ပါလို့ ရှင်းသူတွေ

မိဘပြည်သူများ ပါလို့ လင်းသူတွေ

အစရှိသဖြင့် နယ်စည်းမခြားစတမ်းဆိုသူတွေ

---------------ဆေးလိပ်လည်းတို -------------  နေလည်းညိုပြီ

ဒါကြောင့်        ဖြစ်မှ        ဖြစ်ပါ့မလား

ဖြစ်ပါတယ် ဖြစ်ပါတယ်

ဒီနေ့ခရီးဟာ

လေဖိအားနည်း နူရာဝဲစွဲရပ်ဝန်းအပေါ် ဖြတ် ကျော်နေတယ်

တိမ်လုကောလု တွေ့ဆုံဆွေးနွေးပွဲကြီးအနီး      ဖြတ်စီးနေတယ်

အရိပ်ခို အရွက်ချိုး လူကြိုက်များကြီးတွေအနား    ဖြတ်သွားနေတယ်

ဖျက်ရာပြင်ရာ ဗရပွနဲ့ နေ့စဉ်မှတ်တမ်းလွင်ပြင်               ဖြတ်ဝင်နေတယ်

သွင်းအားစုတွေ အားကိုးနဲ့ ထွက်နှုန်းမြင့် အရှုံးအဆုံးတွေထဲ           ဖြတ်ဆွဲနေတယ်

ထောင်မြင်ရာစွန့် ခေါင်းတငြိမ့်ငြိမ့်တွေ အငိုက်                 ဖြတ်ရိုက်နေတယ်

အများပြောနေသလို ကမ္ဘာဟာ   ပြားရတဲ့အထဲ

လမ်းညွှန်မြေပုံဟာ မြေစမ်း ခရမ်းပျိုးနေလေသမျှ

မိုးမျှော် ကောက်ပင်ထွား။ဗိုက်ပူနံကားး  လယ်ယာများ။ကြေွးမြီ သုံးသီးစား---ဆိုသလို

ရွာဦးကန်ကိုယ်တိုင် က ရွာကိုပြန်လည်သောက်သုံးနေပါပြီ ---ဆိုသလို

ဒါကြောင့်   စိတ် မှ               စိတ်ချရပါ့မလား

စိတ်မချဘူး                စိတ်မချဘူး

ကျော်ခဲ့ ဖြတ်ခဲ့ အလင်းတန်းတိုင်းဟာ  လမ်းပြကြယ် မဟုတ်ခဲ့သလို

ပြန်လည်သုံးသပ်ရန်လိုအပ်နေတာ မနက်ဖြန်တွေ လား။

အရွဲ့နဲ့ အစောင်းဟာ စရွေးကိုက်လေ့ရှိသလို

 ဥာဏ်ပညာလမ်းကျဉ်းဟာ   ပိတ်ဆို့ သွားပြီလား။

အပြီးလိုလို အပိုင်လိုလို  ပြန်မလျှောက်ချင်ဘူးလိုလိုနဲ့

 ယခင်လိုလို ယခုဟာလည်း အရုဏ်တက်ပြီဆို

မမှန်မကန် တစ်ခွန်းနဲ့ ကိုယ်လက်သန့်စင်၊

နေ့ခင်းနေ့လည်ဆို အာရုံခံ မြားအစင်းစင်းနဲ့ သားကောင်ရှာ လူလူသူသူ ၊

လက်ကြားမမြင်ရချိန်မှာ တခွင့်တလမ်း အထူးထူးတွေကိုပဲ

ညီအကိုမသိတသိတွေနဲ့ အလဲလဲအကွဲကွဲ မူးယစ်၊

ထိုကဲ့သို့ ကိုယ်တိုင်ထုတ်လုပ်လို့ ကိုယ်တိုင်တင်ပို့  အတ္တများ၊

ကိုယ်တိုင် ကြေးဖွင့်လို့ ကိုယ်တိုင် ဈေးရ အဟောသိကံများ၊

တစ်ကိုယ်တော် စားဝတ်နေအခမ်းအနားများကိုသာ ဖွင့်လစ်သြ၀ါဒ နိစ္စဓူဝ၊

ထိုမှတဆင့်ရင့်ကျက်ပြီးစီးအောင်မြင်ဟန် ရှင်းလင်းနှောင်းတများ၊

အဲဒီလို ဒေါင့်မကျိုးခြင်းများ ဟာ အချိုးမပြေခြင်းများနှင့် သောက်ဖေါ်စားဖက်ခဲ့။

တကွဲ တပြား အလွဲအမှားများကိုသာ စနစ်တကျ တည်းဖြတ်တင်ဆက်ခဲ့။

အစမရှိ အမှာစကားတွေမှာ   အဆုံးမရှိ အမှား ဇကာ ကျခဲ့။

ဒီလိုနဲ့ပဲ အစဉ်အလာ မိုးမျှော်တေးတွေကို ထွန်ယက်၊

သမရိုးကျ မျိုးစေ့တွေနဲ့ နည်းစနစ်များကို ပက်ကြဲ၊

ဒါကြောင့် မယုံဘူး  မရဲဘူး          မယုံနိုင်ဘူး               မရဲနိုင်ဘူး

ယုံပါ    ရဲပါ     ယုံလိုက်ပါ       ရဲလိုက်ပါ

အတိတ်ရွက်စိမ်းတွေ တဖားဖားနဲ့

ဓါတုဆေးအကူ ရာသီစာစိုက်ခင်းတွေကို  အသာထား

တိမ်တောင်ပြိုးပြိုးပြက်ပြက်တွေ တလိပ်လိပ်နဲ့

မိုးမပါရေမပါ သွေးဆောင်ဖြားယောင်းခြင်းတွေကို အသာထား

သဲဖုန် မှုန်မှိုင်းတွေ အလူးလူးနဲ့ လေနီမုန်တိုင်းစိမ်း အရူးအမူးတွေကို  အသာထား

ပိုင်ပါတယ်  နိုင်ပါတယ်   ပီပါတယ်    မြည်ပါမယ် 

ရောက်သမျှ   ပေါက်မယ် လျှောက်သမျှ  ဖေါက်မယ် 

တတ်သမျှ ရေးမယ်       မှတ်သမျှ   ဖွဲ့မယ်

ရွေ့သမျှ         လေ့မယ်  ပြေးသမျှ    ရွေးမယ်

မိုးဦးကျ တောင်ကျချောင်းလို ရှုပ်ထွေးနောက်ကျိ

သမရိုးကျ  အမြင်အသိတွေကို  ရှင်းမယ်   လင်းမယ်

ရာသီ အကူအပြောင်းရဲ့ လေနှင် ရွက်ခြောက်တွေလို

ကမောက်က ဖရိုဖရဲများ             ဆွဲမယ် လှဲမယ်

နေလာနှင်းပျောက်သဘောတရားမှာ       စောင့်မယ်  ဆိုင်းမ ယ်

ပစ်မှတ်ကိုဟန့်တားခြင်းအပြင်    အခြားအစွမ်းတွေကိုပါ ဖျက်သိမ်းပစ်နိုင်တဲ့

ဒုံးခွင်းဒုံးလိမ္မာတစ်စင်းလို            ကြုံးမယ်     ရုန်းမယ်

လူပြောသူပြောများများနေတဲ့

အူမတောင့်မှ သီလစောင့်ကို        ဖာမယ် ထေးမယ်  ရှာမယ်  ကျွေးမယ်

အစရှိသဖြင့်   ကုန်ကြမ်းတွေ  မှိုရိပ်မသန်းစေဖို့

ကုန်ချောတွေ  ပိုးမွှားကင်းစေဖို့

ဆည်ဖို့ တားဆီးခံချောင်းတွေ ထပ်မံ မျိုးဆက်မပွားစေဖို့

စိတ်သွားတိုင်း  စေတနာပါဖို့

ငါတို့နေ့ရက်တွေဟာ  အသိသတိတွေနဲ့          ပေါ့ပေါ့ပါးပါး

မငဲ့မစောင်း၊ ကိုယ့်လမ်းကြောင်းကို၊ စိတ်ကောင်းနဲ့ ယှဉ်လို့        ပေါ့ပေါ့ပါးပါး

ကိုယ်တည်းတစ်ယောက်၊ချမ်းသာရောက်ဖို့၊ခုလောက်ကြိုးကု တ်၊အားမထုတ်ဘူးလို့          ပေါ့ပေါ့ပါးပါး

အစစအရာရာ   မပေါ့မပါးလွန်းပေမဲ့

ခုလို ပေါ့ပေါ့ပါးပါး ရုန်းကန်

ကိုင်း

ပြောစရာ

ဘာကျန်သေးသလဲ---------

ဆိုတော့

ကျန်နေတာက

အလုပ်



လူလန်း(၁၄-၁-၂၀၁၃)




Leave a Reply.

    Author

    ကျနော့်ကဗျာတွေကိုပဲ
    ခင်ဗျားတို့ကဗျာတွေဖြစ်စေအောင် ကျနော့်အသိအတတ်တွေနဲ့ ကျနော်စွမ်းသမျှ တင်ဆက်နေခြင်းဖြစ်ပါတယ်။

    Archives

    November 2012

    Categories

    All