(၁)   
                                 ခွေးရူးပြန်နေသော လူတစ်ယောက်ကို မြင်ဖူးပါသလား  ဟုပင် မေးရပါတော့မည်။မချိမဆန့်ဝေဒနာခံစားရင်း ပါးစပ်မှ တံထွေးတဖီဖီထွေးလျက် ၀ူးဝူးဝါးဝါးအော်ဟစ်ကာ မျက်စိမျက်ဆံပြူးပြူးဖြင့် တွေ့ရာမြင်ရာ ကုတ်ဖဲ့နေသော ဝေဒနာသည်တစ်ယောက်၏   အခြေအနေကို   ကျွန်တော်မည်သို့စာဖွဲ့နိုင်ပါမည်နည်း။    
                   ဝေဒနာခံစားနေရပါသော(၁၅)နှစ်အရွယ်မိန်းကလေး၏ဖခင် ကျွန်တော့်မိတ်ဆွေ သည်ကျွန်တော့်ကို တိုင်တည်လျက်   ဆရာ့စကားကိုနားမထောင်ခဲ့လို့ ခုတော့ ကျွန်တော့သမီးလေး ရေတိမ်နစ်ရပါပြီဗျာ ဟု တတွတ်တွတ်မြည်တမ်းငိုကြွေးနေပါသည်။ သမီးရဲ့ အသက်ကို ဘာမဟုတ်တဲ့ ငွေလေးငါး ခြောက်သောင်းနဲ့ လဲလိုက်ရသလိုပါပဲလားဗျာ  တဲ့။   ကျွန်တော့ရင်ကို ၀ုန်းကနဲ့ ထိမှန်ဖဲ့ခြွေသွားသော စကားတစ်ခွန်း  ။   
                   လွန်ခဲ့သော (၃)လခန့်ကတစ်ဘက်ရွာမှအပြန်   ကျွန်တောတို့ရွာထိပ်တွင်ရှိသော ထိုမိတ်ဆွေ၏အိမ်တွင် နေခိုရင်းကျွန်တော် ခဏနားခဲ့ဖူးသည်။ ထိုစဉ် မိန်းကလေးက မစားနီုင်မသောက်နိုင်တမှိုင်မှိုင်ဖြစ်နေသော သူမ၏ခွေးလေးကို    တိရစ္ဆာန်ဆေးကုဆရာဝန်ဖြစ်သော ကျွန်တော့အားပြသခဲ့သည်။ ခွေးလေး၏ရောဂါ လက္ခဏာများကိုစိစစ်လိုက်သောအခါ ခွေးရူးရောဂါဟု ကျွန်တော်ဆုံးဖြတ်ခဲ့ပါသည်။ ထို့ကြောင့် ထိုခွေးကို ချက်ချင်း ချုပ်နှောင် ထိမ်းသိမ်းထားရန်နှင့် ခွေးအား အိမ်ရှိလူများက လုံးဝထိတွေ့ ကိုင်ခြင်းမပြုလုပ်ရန် ကျွန်တော် တားမြစ်ညွှန်ကြားခဲ့သည်။ ထိုအခါ မိတ်ဆွေ၏သမီးဖြစ်သူမိန်းကလေးက မနေ့က ကျမလက်ကို တစ်ချက်ကိုက်လိုက်သေးတယ် ဆရာ  တဲ့။ကျွန်တော် အလွန်အမင်းစိုးရိမ်ပူပန်စွာဖြင့် မိန်းကလေးအား ခွေးရူးရောဂါ ကာကွယ်ဆေးအမြန်ဆုံး ထိုးနှံပေးရန်နှင့် ခွေးရူးကိုက်မိပြီး ခွေးရူးရောဂါ ကူးစက်ဖြစ်ပွားလာပါကမည်သည့်ဆေးဝါးနှင့်မျှ ကုသမရတော့ပဲ အသက်သေဆုံးတတ်သည်အထိ ရှင်းလင်းပြရင်း ဖြစ်နိုင်ပါက နံနက်လင်းလင်းချင်းဆေးခန်းသို့သွားရောက်ဆေးထိုးရန်တိုက်တွန်းသတိပေးခဲ့ပါသည်။ကျွန်တော်လည်းထိုနောက်ပိုင်း မိတ်ဆွေ၏အိမ်သို့မရောက်ဖြစ်ခဲ့။ ယခုတော့ မိန်းကလေးမှာ (၂၄)နာရီအတွင်း ဝေဒနာကိုမချိမဆန့်ခံစားပြီးသေဆုံးရတော့မည်။ကျွန်တော်အတန်တန် အထပ်ထပ်သတိပေးခဲ့ပါလျက် ယခုလိုဖြစ်သွားသောအခါ ဖခင်ဖြစ်သူ၏ပေါ့လျော့မှု၊ကျွန်တော်၏ရောဂါဆုံးဖြတ်ချက်ပေါ် မယုံကြည်ကြမှုကြောင့်သာဖြစ်ရသည်ဟု တွေးထင်လျက် ဖခင်လုပ်သူမိတ်ဆွေကို ကရုဏာဒေါသောဖြင့် ပြစ်တင်ဆိုဆဲရနအထိပင် ကျွန်တော်စိတ်ကူးလာခဲ့သည်။
                   သို့သော် မိတ်ဆွေ၏ရင်ဖွင့်သံ သမီးရဲ့ အသက်ကို ဘာမဟုတ်တဲ့ ငွေလေးငါး ခြောက်သောင်းနဲ့ လဲလိုက်ရသလိုပါပဲလားဗျာ  ဆိုသည့်စကားကိုကြားလိုက်ရပါမှ သူတို့မိသားစု၏ ဘ၀ရပ်တည်မှုအခြေအနေသည်တစ်နေ့လုပ်တစ်နေ့စားဖြစ်နေခြင်း၊ ခွေးရူးရောဂါကာကွယ်ဆေးအတွက် သုံးရမည့် ငွေ လေးငါးခြောက်သောင်းမှာ  သူတို့အတွက် ကြီးမားသောအခက်အခဲဖြစ်ခဲ့ခြင်းကို ကျွန်တော်နားလည်မိပါတော့သည်။ထိုကဲ့သို့ ဘ၀ကို ခက်ခဲပင်ပန်းကြီးစွာဖြတ်သန်းရုန်းကန်ရင်း မိမိ၏အသက်အိုးအိမ်လောက်မျှပင် မကာကွယ်နိုင်ပဲ ပျက်စီးဆုံးရှုံးမှုဒဏ်ကို ခါးစည်းခံနေရသူတွေသည် ဒီမိသားစုတင်မကနိုင်ပါ ဟုလည်းကျွန်တော်တွေးချင့်နေမိပါသည်။
                   ညနေ(၅)နာရီထိုးနေပြီဖြစ်သဖြင့် မိတ်ဆွေကို နှုတ်ဆက်ပြန်ခဲ့ရသည်။ ညနေ(၅)နာရီခွဲ တွင်နိုင်ငံခြားတစ်နေရျာမှသူငယ်ချင်းနှင့် ဖုန်းပြောရန်ချိန်းဆိုထား၍အိမ်ကိုကျွန်တော်အမြန်ပြန်ခဲ့ရပါသည်။ သူငယ်ချင်းနှင့် ကျွန်တော်သည် ၁၉၉၆ခုနှစ် မွေး/ဆေး တက္ကသိုလ်မှ ကျောင်းပြီးကတည်းက ကွဲကွာနေခဲ့သူများဖြစ်သည်။ မနေ့ညကမှ ကျွန်တော်၏ဖုန်းနံပတ်ကို ရန်ကုန်နေ သူငယ်ချင်းတစ်ယောက်ထံမှ သူရသွားပြီး ကျွန်တော့်ထံ ၀မ်းသာ အားရဆက်သွယ်ခဲ့ခြင်းဖြစ်သည်။ကျွန်တော်ကလည်း ၀မ်းသာ အားရဖြင့် မိမိဇာတိရွာတွင်ပင် မိမိတတ်သော တိရစ္ဆာန်ဆေးပညာဖြင့် အသက်မွေးလျက်ရှိကြောင်း ရွာမှာပင်အိမ်ထောင်ကျလျက် သားသမီးနှစ်ယောက်ရှိကြောင်းပြော၊ သူကလည်း ကျောင်းပြီးကတည်းက ယခုနိုင်ငံ ရှိ အလက်ထရောနစ်ကုမ္ပဏီတစ်ခုတွင်အလုပ်ဝင်ခဲ့သည်မှာ ယနေ့ထိ ဖြစ်ကြောင်း၊ အတူလုပ်ဖေါ် မြန်မာအမျိုးသမီးတစ်ယောက်နှင့်အိမ်ထောင်ပြုခဲ့ရာ သားသမီးနှစ်ယာက်ရှိကြောင်း၊တစ်လ၀င်ငွေ ဆယ့်လေးငါးသိန်းခန့်ဝင်သော်လည်း လူနေမှု စရိတ်ကြီးမြင့်မှုကြောင့် ထင်သလောက်မစုမဆောင်းနိုင်သေးကြောင်း စသည်ပြောဖြစ်ခဲ့ပါသည်။ ထိုစဉ် နွားမတစ်ကောင် မမွေးဖွားနိုင်ကြောင်းအရေးတကြီးအလုပ်ပေါ်လာသဖြင့် သူငယ်ချင်းကို ပြန်ချိန်းရာ ယနေ့ ညနေ(၅)နာရီခွဲတွင် သူကပြန်ခေါ်မည်ဖြစ်သည်။
(၂)
                   သူငယ်ချင်းကိုစကားဖြတ်ပြီးကျွန်တော်လိုက်ပါကုသခဲ့ရပါသောနွားတစ်ကောင်၏အကြောင်းကိုလည်း ပြန်လည်ပြောရပါဦးမည်။နေ့လစေ့နေသော်လည်း သဘာအတိုင်းမွေးဖွားနိုင်သောအခြေအနေမရှိ၍ ကျွန်တော်သွားရောက်ခဲ့ရခြင်းဖြစ်ပါသည်။        
          ထိုနွားမသည် ကိုယ်ဝန်လရင့်တိုင်း သားအိမ်လည်တံမှာ ပြင်ပသို့ ရေအိုးလုံးပမာဏခန့် ကျွံထွက်တတ်လေ့ရှိ၍ မွေးဖွားချိန်တွင်အခက်အခဲတစ်ခုခုဖြစ်လေ့ရှိသည်ဟု လွန်ခဲ့သော တစ်လခန့်က ထိုနွားမ နေမကောင်းစဉ်ဆေးထိုသောအခါ ပိုင်ရှင်ပြောခဲ့ဖူးသည်။ မျိုးရင့်ချိန်တွင် သန္ဓေသား၏ကြီးထွားမှုနှင့် ဗိုက်ပြည့်အောင်စားသုံးခြင်းတို့ကြောင့် ၀ပ်သည့်အခါ ညှစ်ထုပ်သလိုဖြစ်ပြီး သားအိမ်ကျွံထွက်သွားခြင်းဖြစ်ကြောင်း ကျွန်တောရှင်းပြပါသည်။ထို့ကြောင့်ယခု ကိုယ်ဝန်တွင် ထိုသို့ မဖြစ်စေရေးအတွက် အစာကို နွားစားချင်သလောက်စိတ်ကြိုက်မကျွေးရန်၊ တစ်ကြိမ်လျင် (၂)ပြည်သားခန့်သာကျွေးပြီးအစာစားပြီးပါကလည်းနွားမကိုမ၀ပ်စေဘဲ ကြိုးတိုတိုဖြင့်ထိမ်းချည်ထားရန် နှင့် အကယ်၍ သားအိမ်ကျွံထွက်လာပါကလည်း ချက်ချင်းလာရောက်ခေါ်ပါရန်စသည်ဖြင့်စိတ်ရှည်လက်ရှည်  ကျွန်တော် ရှင်းလင်းညွှန်ကြားခဲ့ပါသည်။ သို့သော် သားအိမ်ထွက်ပြီး (၃)ရက်အကြာ နွားမ မမွေးနိုင်ဘဲ လဲကျနေခါမှ ယခုလိုကျွန်တော်ကို လာရောက်ခေါ်ယူခြင်းဖြစ်နေသောအခါ ကျွန်တော့်မှာ ပိုင်ရှင်ကို စိတ်ရှိလက်ရှိသာ ပြောဆိုဆူငေါက်လိုက်ချင်တော့သည်။ကျွန်တော်ရောက်သောအခါ နွားမမှာ အသက်ရှူနှုန်းလည်းမမှန်တော့။သွေးခုန်နှုန်းနှင့်သွေးဖိအားမှာလည်းစိုးရိမ်ရသောအခြေအနေရောက်နေပြီ။အဆိုးဆုံးမှာ ထွက်ကျွံနေသောသားအိမ်မှာ ပိုးလောက်တွေ တဖွေးဖွေးတက်နေခြင်းပင်။ထို့အပြင် နှုတ်ခမ်းသားများကိုလည်း(ခွေးဆွဲစားသွားသည်ဟုဆိုကာ) သွေးစိမ်းတို့ဖြင့်မြင်ရာမကောင်းတော့။ အတွင်းမှကလေးကိုစစ်းနှိုက်ကြည့်သောအခါတွင်လည်းသေဆုံးလျက်ဖူးယောင်ပုတ်ပွနေပေပြီ။ဤအခြေအနေရောက်မှ
ဗိုက်ခွဲမွေးဖွားပေးရန်မှာလည်းမဖြစ်နိုင်တော့ပါ။ထို့ကြောင့်သွေးဖိအားအမြန်တက်စေမည့်လိုအပ်သောဆေးရည်များကိုလည်းသွင်းရင်း၊
ပုတ်ပွနေသောနွားကလေးကိုလည်းတစ်စစီဖြတ်တောက်ဆွဲထုတ်ရင်း   (၁)နာရီခန့်အကြာတွင် နွားမကြီးမှာ သေဆုံးသွားပါတော့သည်။
                   ကျွန်တော်အတန်တန်ပြောခဲ့မှာခဲ့တဲ့အတိုင်းခင်ဗျားတို့ဘာလို့မလုပ်ကြတာလဲဗျာ၊ကျွန်တော့်ကို မယုံကြည်တဲ့သဘောလား ဟုကျွန်တော် ဒေါသသံဖြင့်မေးသောအခါ  ကျုပ်တို့မိသားစုက မနက်လင်းကတည်းကတောထွက်အလုပ်လုပ်ရတာပါ။နွားမတွေကိုလည်းရှာဖွေရိတ်သိမ်းမကျွေးနိုင်ပါဘူး။စာကျက်မှာပဲလွှတ်ထားပြီး နေ၀င်နေထွက် ကိုယ့်အလုပ်ကို ကျုပ်တို့လုပ်ရပါတယ်။တစ်နေကုန်လုပ်မှ တစ်နေ့စာ ချက်ပြုတ်စားရတာမို့ ဆရာမှာခဲ့သလို နွားကို အချိန်ပေးပြီးဂရုမစိုက်မိခဲ့တာပါဗျာ  တဲ့။ဟုတ်လည်းဟုတ်ပါသည်။ ကျွန်တော့်ပတ်ဝန်းကျင်ရှိလူတော်တော်များများ၏ဘ၀တွေမှာ လက်တွေ့မျက်မြင်ရင်ဆိုင်နေရပါသော အခက်အခဲကိုသာပင်ပန်းတကြီးရင်ဆိုင်ဖြေရှင်းလျက် ဘ၀ကို ကြုံသလို သင့်သလို ဖြတ်သန်းနေကြသည်။လတ်တလောချင်းဖြေရှင်းရမည့်အရေးပါကိစ္စများအတွက် ယောင်တောင်ဝါးတာဖြင့်ပင်
ဖြေရှင်းရန်မေ့လျော့နေဟန် ပေါ့ပေါ့သဘောထားကြသည်။ မဆုံးရှုံးသင့်ပါပဲ ဆုံးရှုံးသွားခဲ့ရရှာသောနွားမကြီးကိုသာစိတ်မချမ်းမြေ့စွာ နှုတ်ဆက်ကြည့်ပြီးကျွန်တော်စိတ်လျှော့ ပြန်ခဲ့ရပါသည်။
(၃)
                   လူတို့သည်မိမိမှန်သည်ကောင်းသည်ထင်ရာမြင်ရာကိုသာရွေချယ်လုပ်ဆောင်နေသူများဖြစ်သည်ဟု  ကျွန်တော်ဆိုခဲ့ပါလျင် လွန်ရာ ရဲရာကျလေမည်လား။အများက ဒုစရိုက်မကောင်းမှုဟု ယုံကြည်သတ်မှတ်ထားသည့်တိုင်  အသေအချာ ရွေးချယ် လုပ်ဆောင်နေသူသည် သူ့အတွက် တော့ အကောင်းဆုံးယူဆထား၍သာဖြစ်ပါမည်။အခြားအခြားသောရွေးချယ်စရာများကိုပင်မမြင်နိုင်လောက်အောင် သူ၏ရွေးချယ်မှုကို အကောင်းအမှန်ဆုံးဟု ယူဆထား၍သာ ကျင့်ကြံ လုပ်ဆောင်နေခြင်းဖြစ်ပါမည်။ မိမိထက် အသိအတတ် ပိုမိုပြည့်စုံသူက  ကျိုးကြောင်းခိုင်ခိုင်ဖြင့် အကောင်းအမွန်ကို တင်ပြ အကြံကောင်းပေးစေကာမူ လူတို့သည် မိမိဆုပ်ကိုင်ထားသော မိမိ၏အကောင်းကို အလွယ်တကူ လက်မလွှတ်ချင်ကြပါ။အသိခေါက်ခက် အ၀င်နက်ဟုပင် လူသားတွေကို ဆိုရပါလေမည်လား။သို့မဟုတ် သိလျက်နှင့်ပင်၊၀ိပက်ကြမ္မာငင်သူတွေဟုယိုးစွပ်ရပါလေမည်လား။သိယောင်တတ်ယောင်ထင်မြင် လက်ခံထားကြခြင်းကသည်ပင် လူသားတွေကို အစိမ်းခြွေနေလေသည်လား။ မတူမမျှကြပါသော ဘ၀ဘ၀များ၏ကွာဟချက်ကြီးများကြောင့်ပင်လျင် လူအချင်းချင်း အသိအမြင်ကွဲပြားလျက် ဒဏ်ရာ ဒဏ်ချက်ချင်း အတိမ်အနက် ခြားနားနေကြခြင်းပေလား။ဆိုးသောဘ၀များသည် အဆိုးထက် အဆတိုး၍သာ ဆိုးရွားသွားကြလေ့ရှိမှုများခြင်းသည် နူရာဝဲစွဲ လဲရာ သူခိုးထောင်းဆိုသလို မြေနိမ့်ရာစိုက်သော လှံကိုပင်အပြစ်တင်ရမည်လား။နိမ့်သောမြေကပင်လျင် အပြစ်လား။အတိတ်ဆိုသော ဘ၀/ အလုပ်အကြံ ကိုပင်လျင် ရမ်းရော်မှန်းချင့် အပြစ်တင် တရားခံယိုးရလေမည်လား။တောင်မရောက် မြောက်မရောက်တွေးဆအဖြေရှာရင်းနှင့်ပင် (၅)နာရီခွဲသွားပါတော့သည်။
(၄)
          ညနေ(၅)နာရီခွဲတွင်သူငယ်ချင်းထံမှ ဖုန်းပြန်လာပါသည်။သူငယ်ချင်းက စကားစစချင်းပင် မင်းဘ၀ကိုတော့ငါအားလည်းကျ ဂုဏ်လည်းယူတယ်ကွာ ဟု အားပါးတရကြီးနှုတ်ဆက်ပါသည်။ထို့နောက် ကိုယ်ကျွမ်းကျင်တတ်မြောက်သည့်ပညာဖြင့်အသက်မွေးဝမ်းကျောင်လုပ်ရတာသာကိုယ်စိတ်နှစ်ပါးချမ်းမြေ့စရာ အကောင်းဆုံးဖြစ်ကြောင်း၊ မိမိတိုင်းပြည် မိမိဇာတိရပ်ရွာကို အကျိုးဖြစ် အလုပ်လုပ်နေသော ကျွန်တော့အတွက်ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊သူလည်း ပြန်လာနိုင်အောင်ကြိုးစားစုဆောင်းနေကြောင်း၊ ရန်ကုန် မန္တလေးလိုတစ်နေရာရာတွင် အိုးပိုငအိမ်ပိုင် ၀ယ်ယူနိုင်ရန် ငွေကြေးမပြည့်စုံသေး၍သာ စိတ်ဆင်းရဲကိုယ်ဆင်းရဲဖြင့်သူတပါးနိုင်ငံတွင်ဆက်လက်နေခြင်းဖြစ်ကြောင်းစသည်ဖြင့်ကျွန်တော်ကြားဝင်မရလောက်အောင်ပင် မနားတမ်းပြောဆိုသွားခဲ့ပါသည်။ တကယ်လည်း ကျွန်တော်သူက်ု ပြောချင်နေသော စကားတစ်ခွန်းကိုပြောခွင့်မသာလိုက်ပါ။ပြောခွင့်မသာ၍မပြောလိုက်ခြင်းလား။မပြောချင်တော့သဖြင့်၊ဒါမှမဟုတ်ပြောရန်လိုအပ်သော
အကြောင်းအရာမဟုတ်ဟုဆုံးဖြတ်လိုက်ခြင်းကြောင့်လားတော့ကျွန်တော်ခုထိမကွဲပြားသေးပါ။သူငယ်ချင်းကိုကျွန်တောပြန်ပြောရန်စဉ်းစားစီစဉ်ထားသော
စကားမှာသူ၏သားသမီးလေးများကဲ့သို့ကျွန်တော်၏သားသမီးများကိုလည်းအဆင့်အတန်းမီသောပညာရေး၊
လူမှုကျန်းမာရေးမျာရှိသည့်သူငယ်ချင်းရောက်နေသောနိုင်ငံသို့လာနိုင်ရန်လိုအပ်သောအကူအညီတောင်းရန်ဖြစ်ပါသည်။
(၅)
          လူတို့သည်အသိအတတ်ပညာချိုတဲ့မပြည့်ဝမှုအကြောင်းကြောင့်သာမိမိကောင်းသည်မှန်သည်ထင်ရာကို ကုန်းရင်းရုန်းရင်း အှဆုံးအရှုံးများဖြင့် တစ်ဘ၀ပြီးတစ်ဘ၀ ကုန်ဆုံးနေကြသည်ဟု ကျွန်တော်နားလည်လက်ခံထားခဲ့ပါသည်။နောက်အကြောင်းတစ်ခုရှိသေးသည်ကို ကျွန်တော်ခပ်ရေးရေး သဘောပေါက်လိုက်ပါပြီ။ ထိုအကြောင်းမှာ  ဘ၀။ မိမိ တို့ လက်ခံရရှိထားသော ဘ၀ ဟုဆိုလျင် ပိုမိုတိကျပါလိမ့်မည်။
လူလန်း (၁၇-၁၀-၂၀၁၂ )
          (၁)
                   နှစ်ပေါင်းအတော်ကြာကြာ မတွေ့ဖြစ်ခဲ့သော ဆရာဟောင်းတစ်ယောက်ကို မန္တလေးမြီု့ရှိ စာအုပ်အရောင်းဆိုင်တစ်ဆိုင်ရှေ့တွင်ကျွန်တော်ပြန်တွေ့ခဲ့ရသည်။ လွန်ခဲ့သည့်
(၂၆)နှစ်ခန့် ကျွန်တော် (၁၀)တန်းကျောင်းသားဘ၀က အင်္ဂလိပ်စာကို ကျောင်းသင်ရိုးအပြင်
အတတ်ပညာ တစ်ခုအဖြစ် ထဲထဲဝင်ဝင်အသုံးချနိုင်သည်အထိ သင်ကြားပေးခဲ့ပါသော ဆရာ့ကို
ကျွန်တော် မည်သို့မေ့နိုင်ပါမည်နည်း။ ဆရာ့ကို ပြန်လည်တွေ့ချင် ကန်တော့ချင်နေသည့် ကျွန်
တော့်ဆန္ဒသည် ကျွန်တော့်စိတ်ကို မကြာခဏ နှိုးတိုးလှုံ့တုံ့လုပ်နေခဲ့ပါသည်။ယခုလို မထင်မှတ်သောနေရာတွင် မမျှော်လင့်ဘဲ နဖူးတွေ့ ဒူးတွေ့ဆုံလိုက်ရသည့်အခါ ကျွန်တော့်
လောက်ပျော်ရွှင်ဝမ်းမြောက်သူ မရှိဟုပင် ဆိုလိုက်ချင်ပါသည်။ဆရာသည် ယခင်က စလင်းမြို့
သား၊ယခု မန္တလေးမှာ။ကျွန်တော်ကမူ ယခုလည်း စလင်းမြို့နှင့် မိုင် (၂၀)ကျော် ဝေးသော ရွာ
လေးမှာ။
                   ကျွန်တော်၏နှုတ်ဆက်သံကိုကြားသည်နှင့် ဆရာသည် ကျွန်တော့်ကို နံမည်နှင့်
တကွချက်ချင်းတုံ့ပြန်နှုတ်ဆက်ပါသည်။ကျွန်တော် ဆရာ့ကို မမေ့သလို ဆရာသည်လည်း
ကျွန်တော့်ကိုအမှတ်တရရှိနေသေးဟန်။တစ်ယောက်ကို တစ်ယောက် ၀မ်းသာအားရ ဖက်လဲ
တကင်းပြုကြရင်းမှ ဆရာသည် ကျွန်တော့်လက်ထဲရှိ ၀ယ်ရန် ကျွန်တော်ရွေးချယ်ထားသော
အက်ဆေးပေါင်းချုပ် စာအုပ်ကို ကြည့်ရင်း --မင်း၊ဒါတွေ ဖတ်တုန်းလား၊ကဗျာတွေ စာတွေ ရေးနေတုန်းပဲလားကွာ----တဲ့။
                   ကျွန်တော့်ကို ဆရာ ကောင်းကောင်းကြီးမှတ်မိနေသေးသည်မှာ သေချာပါတော့
သည်။(၁၀)တန်းကျောင်းသားဘ၀ကတည်းက ကျွန်တော်သည် ကျောင်းစာတွင် အများထက်
ပိုမို ကြိုးစားခဲ့သည့်နည်းတူ ကဗျာတို စာတိုလေးများကိုလည်း တခုတ်တရ ရေးဖွဲ့လေ့ရှိသူဖြစ်
ကြောင်းဆရာ အသိဆုံးဖြစ်ပါသည်။ထိုစဉ်က ကျွန်တော် ရေးဖွဲ့လေ့ ရှိသော ကဗျာလေးများကို
ဆရာသင်ပေးသော အင်္ဂလိပ်စာဖြင့် ကိုယ်တိုင် ဘာသာပြန်ဆို၍ဆရာ့အားကျွန်တော်ပြသခဲ့လေ့
ရှိပါသည်။
                   ကျွန်တော်နှင့်ဆရာသည် ဘ၀အခြေအနေခြင်းတူခဲ့ကြသည်ကိုလည်း ကျွန်တော်
သတိရနေမိပါသည်။ကျွန်တော်သည် လက်လုပ်လက်စား ပန်းဘဲသမားတစ်ယောက်၏ သားသမီး
ငါးယောက်ထဲမှ အကြီးဆုံးသား၊ဆရာက အငယ်တန်းစာရေးဖခင်၏သားသမီး(၅)ယောက်ထဲမှ
အကြီးဆုံးသား။ထိုအချိန်က ဆရာသည် ဘွဲ့ရရပြီးချင်း ကျွန်တော်တို့ရွာ တွဲဘက် အထက်တန်းကျောင်းသို့ အငှားပြဆရာအဖြစ် လုပ်ကိုင်ရင်း မိသားစု ၀န်ကို မျှ ငင် ရုန်းကန်နေရသူ
တစ်ဦး။ ဆရာသည် ထိုစဉ်ကတည်းက ကျွန်တော်၏ စာပေ၀ါသနာကို အားပေးအားမြှောက်မပြုခဲ့။
ဘာ့အတွက်ကြောင့်ဟု ရေရေရာရာ မရှင်းမပြောခဲ့သော်လည်း ဒါတွေက အရေးမကြီးလို့ပါကွာ-
ဟုသာ ပိတ်ပင်တားမြစ်ခဲ့သူဖြစ်သည်။
                   ယခုထိ ဆရာသည် ကျွန်တော့်ကို အားမလို အားမရ ဖြစ်နေဟန်ရှိသည်။ထိုနေ့က-
-ဒါတွေနဲ့ပဲ အချိန်ကုန်နေတာ ဆိုရင်တော့- မင်း ရှေ့ရေးအတွက် ငါ ပူတယ်ကွာ-ဟုနှုတ်ဆက်
စကားဆိုကာ မှန်လုံကားလေးကို ကိုယ်တိုင်မောင်းရင်း လက်ပြ ခေါင်းငဲ့ကြည့်သွားခဲ့ပါသည်။
                   (၂)
                   တွေးလက်စ ၀န်ထုပ်ဝန်ပိုးကြီးနှင့် မနိုင်မနင်းဖြစ်နေသော ကျွန်တော်သည် ဆရာ့
ကိုပင် ပြန်လည်နှုတ်ဆက်ရန် တွေတွေဝေေ၀ဖြစ်ကျန်ခဲ့ပါသည်။ဆရာသည် ယခုအချိန်အထိ ကျွန်တော့်အပေါ် အမြင် မပြောင်းလဲသေးသည်လား။ဆရာ၏  ဘ၀ ယုံကြည်ချက်က ပင်လျင်
ခိုင်မာနေလေသည်လား။ကျွန်တော်ကိုယ်တိုင်က ဆရာမြင်သလို မပြောင်းမလဲ ဖြစ်နေသည်လား။
လူတစ်ယောက်၏ အသိ အတတ်ပညာတို့သည် အချိန်နှင့်နေရာကို မူတည်လျက် အပြောင်းအလဲ
ရှိနေရမည်လား။ရှိနေရန်လည်း မဖြစ်မနေ လိုအပ်ပါသလား။လူတို့သည် မပြည့်မစုံရာမှ ပြည့်စုံမည်ထင်သောအရာဆီသို့ပြောင်းလဲနေကြခြင်းလား။အသစ်အသစ်ကိုလိုလားတောင့်တ၍
ပြောင်းလဲနေကြခြင်းလားး။
                   ကျွန်တော်၏စိတ်သည် တငုံ့ငုံ့ တနုံ့နုံ့။ရုန်းရင်းဆန်ခပ် မေးခွန်းများနှင့်အပြိုင်
စိတ်နှင့်လူနှင့်ပင် မကပ်ချင်သလိုလို။-နက်ဖန်ကျ ဒီလိပ်စာအတိုင်းလာခဲ့ဦး-ဆိုကာ ဆရာပေးသွားခဲ့ပါသော လိပ်စာကဒ်လေးကို ကြည့်ငေးရင်း ကျွန်တော်၏ငယ်ဘ၀များဆီ
သို့ငေးတရီရီ။ကျွန်တော်နှင့်ဆရာ့ကို ပိုမိုရင်းနှီးကျွမ်းဝင်စေခဲ့သည်မှာ ကျွန်တော်၏ ကဗျာကလေးများကြောင့်ဖြစ်၍ ထိုကဗျာများအကြောင်းကို ပြန်လည်စဉ်းစားနေခြင်းဖြစ်သည်။
                   (၃)
                   ကျွန်တော်ရေးဖြစ်ခဲ့ပါသော ကဗျာတိုင်းကို ဆရာအား မပြပါ။ အင်္ဂလိပ်ဘာသာသို့
စမ်းသပ်ပြန်ဆိုကြည့်သော ကဗျာတချို့ကိုသာ ဆရာ့ထံ အမှန်အမှားပြသသင်ယူရင်းပြလေ့ရှိ
ပါသည်။ ဆရာကကြိုက်တယ်ဟု ဖွင့်ဟမပြောခဲ့သော်လည်း နှစ်သက်သည့်အမူအရာပြခဲ့သော ကဗျာလေး(၃)ပုဒ်အကြောင်းကို ကျွန်တော်ပြန်စဉ်းစားနေမိပါသည်။ ကဗျာတိုနံ့နံ့လေးများဖြစ်၍
ယခုထိ ကျွန်တော်ရနေပါသေးသည်။ပထမကဗျာတိုလေးမှာ-
                             မုဆိုး
                   ရှဉ့်လည်းလျှောက်    ပျားစွဲသာ
                   အဘိ ဓမ္မာ သူ့မှာ မရှိ ။
                   သူ့လက် သူ ယုံ
                   စက်ဝိုင်းပုံ   ဗဟို စက်
                   ပစ်ချက်  ကွက် တိ ။                           ။
                   ဆရာသည် ထိုကဗျာကိုဖတ်ပြီးကျွန်တော့ပခုံးကို သူ့လက်ဖြင့် ညင်သာစွာ တဖတ်ဖတ် ပုတ်ခပ်ရင်း----ဘ၀ကို ဖြတ်သန်းတဲ့ အခါ၊ အဲလို တိကျ ပြတ်သားပါမှ ၊လိုချင်တဲ့ သားကောင်ကို ရမှာကွ------ဟု ပြုံးပြုံးကြီးပြောခဲ့ဖူးပါသည်။
                   ဒုတိယတစ်ပုဒ်မှာ-
                   မဟာဗျူဟာ
                   ထိုအမဲကို
                   သဲနဲ့လည်း  ငါမပက် ။
                   ငါကူညီ ပြုတ်ကျော်ချက်လို့
                   စား တယ် ည မ နက် ။              ။
                   -မီးစင်ကြည့် ကတယ် ဆိုတာထက် လေးနက်တဲ့ သဘော ပါတယ်ကွ။
ကိုယ်လည်း အကျိုးရှိ။သူ့အကျိုးလည်း မပျက်မစီးတဲ့ အပြင်၊အပိုဆုအဖြစ် အမဲသားဟင်း
တောင် မြိန်မြိန်ကြီးစားရဦးမဲ့ သဘောပဲ--ဟု အားပါးတရ ၇ယ်မောရင်း ဆရာပြောခဲဖူးသည်။
                   တတိယ ကဗျာကိုတော့ ဆရာက ဖတ်ပြီးပြီးချင်းတုံ့ပြန်မပြောခဲ့။ဒီဇင်ဘာကျောင်း
ပိတ်ရက် အိမ်မှပြန်လာသည့်တစ်ရက်တွင်- မင်းရဲ့ ဖျာသည် ကဗျာလေးကို ပြန်ရွတ်ပြပါဦး-ဟုဆိုလာခဲ့ပါသည်။ ကျွန်တော်ပြန်ရွတ်ပြခဲ့သော ထိုကဗျာမှာ-
                   ဖျာရောင်းတဲ့ ကမ္ဘာ
                   လာ   လေ
                   လာ   ထိုင်
                   ဖေါ် ရွေ လှိုင်နေ
ဖျာ ဆိုင် ဖွင့် တဲ့ မိတ်ဆွေများ ။    ။
ကျွန်တော်ရွတ်ဆိုနေသည်ကို ခေါင်းတငြိမ့်ငြိမ့်ဖြင့်နားထောင်ပြီးမှ ---------
လူပျော့ သူညံ့တွေဟာ ကိုယ်မှာ လိုအပ် မလိုအပ် ကို မစဉ်းစားပဲ ဆိုင်ရှင်ရဲ့ အကျိုးလိုလို့ ညောင်ရေလောင်းမှုအောက်မှာ  ဖျာတစ်ချပ် ၀ယ်ပြန်ကြရသလို-
    လူပါးဝတဲ့ဒဏ် မခံကြရအောင်၊ငါတို့ဟာ လိမ္မာပါးနပ်နေရမဲ့သဘောပေါ့     -ဟုဆိုခဲ့ပါသော ဆရာသည် စာပေအနုပညာကိုခံစားနားလည်တတ်သူဖြစ်သည်ကတော့ သေချာခဲ့ပါသည်။ သို့သော်-             
        ထိုနေ့မှစ၍ ကျွန်တော်ကဗျာရေးခြင်းအလုပ်ကို ဆရာခွင့်မပြုတော့ပါ။ စာမေးပွဲကြီးမပြီးမချင်း မရေးရဟု ချော့သလို ခြောက်သလို တားမြစ်ခဲ့ပါသည်။
                   (၄)
                   ဆရာ  လုံးလုံးကြီးကိုပြောင်းလဲသွားပြီဟု ကျွန်တော်ယူဆရတော့မည်လား။
ယခင်က ကျောင်းဆရာသာဖြစ်သော ဆရာသည် ယခုအခါ စီးပွားရေးလုပ်ငန်းတစ်ခုတွင် အောင်မြင်မှုရနေပြီတဲ့။အချိန်နှင့်နေရာ  ပြောင်းလဲရုံမျှဖြင့် လူသားတစ်ယောက်အတွက် အပြောင်းအလဲသည်  ပြီးမြောက်သွားပါသလား။မဖြစ်မြောက်နီုင်ဟုကျွန်တော်ထင်ပါသည်။ အတွေ့အကြုံသာ ပြောင်းလဲရင့်ကျက်လာနိုင်ပါမည်။   ထိုမှတဆင့် အတွေးအကြံ မြင့်တက်လာရမည်။ထိုအခါမှသာ ဘ၀ရပ်တည်မှုဟန်သည် ပြောင်းလဲ တိုးတက်သွားမည်ဟု
ဆိုလျင်မူ ရတန်ကောင်းပါသည်။ယခုလိုကျွန်တော်တွေးဆနေခြင်းသည် မှန်ကန်ပါသည်ဟု
ဆိုနိုင်ပါသလား။တကယ်တော့ ကျွန်တော်တို့သည် အကောင်းအမှန်ကိုမဆိုက်မရောက်ကြသေး၍ သာလျင် အရွေ့အပြောင်းတွေလုပ်နေကြခြင်းဟု ကျွန်တော်မြင်ပါသည်။
အကောင်ဆုံးအမှန်ဆုံးသို့သာ ဆိုက်ရောက်သွားပါလျင်   ကျွန်တော်တို့၏ပြောင်းခြင်းရွေ့ခြင်း စိတ်ပိုင်း ရုပ်ပိုင်းဆိုင်ရာ အမှုကိစ္စတို့သည်ရပ်တန့်သွားပါလိမ့်မည်။လူတို့ထုပ္ပတ်၊လောကီဇာတ်၌    အကောင်းအမှန်ဆုံးဆိုသောအရာသည် ရှိပါမည်လား။လောကီဇာတ်ဖြစ်သည်နှင့်အညီ လောကဓံ တရားများအကြား စားဝတ်နေရေး ရန်သူကြီးကိုသာ တွန်းလှန် ရုန်းကန်ရင်း ပို၍ပို၍ကောင်းရာ မှန်ရာဆီ မျှော်ရင်း မှန်းရင်းရွေ့နေပြောင်းနေကြဦးမည်ဟုကျွန်တော်ဖြေဆိုကြည့်လိုက် ချင်ပါသည်။
                   (၅)
                   မြန်မာအက်ဆေး ၁၀၁ ဆိုသော စာအုပ်၏ရှေ့စာမျက်နှာ ညာအပေါ်ထောင့်တွင် ဆရာနိုင်၏အမှတ်တရ လက်ဆောင်ဆိုသောစာသားလေးကို ဆိုင်ထဲ၌ပင်ကျွန်တော်ရေးမှတ်ထား လိုက်ပါသည်။ထိုနေ့ကကျွန်တော့်အတွက်စာအုပ်ဖိုးကိုပါပေးရှင်းလျက်ဆရာဝယ်ယူသွားခဲ့ပါသော စာအုပ်၏  အမည်မှာ -မိုးကုတ်ဝိပဿနာ-ဒုက္ခမြင်မှ နိဗ္ဗာန်ရ-ဟူ၍ဖြစ်သည်။
                   (၆)
                   မနက်ဖြန်တွင်ဆရာနှင့်တွေ့ဆုံရန်ကျွန်တော့်မှာအားအင်မကျန်တော့သလိုခံစားနေ  ရသည်။  ဆရာချိန်းခဲ့သော မနက်ဖြန်မနက်(၉)နာရီသည် ကျွန်တော့်လိုနယ်မြို့အသီးသီးမှ ကဗျာရေးသူများအချင်းချင်း မန္တလေးတွင်လာရောက်စုစည်းတွေ့ဆုံရန် ချိန်းဆိုထားသော အချိန်ဖြစ်နေပါသည်။  ကျွန်တော်မည်သို့စီစဉ်ဆုံးဖြတ်ရပါမည်နည်း။ဆိုင်းဆိုင်းဆို့ဆို့ဖြစ်နေသော မိမိကိုယ်ကိုလည်း  အားမလိုအားမရ။
လူလန်း (၇-၁၀-၂၀၁၂ )
(၁)
                   အပြောင်းအလဲဟာ ရှိသမျှ မသိတသိတွေကို ညမနက်စာ စားလို့၊
                   မရှိတရှိတွေနဲ့ မော်ကြ ကြွားကြ၊
                   အချိန်အခါကလည်း စပ်ကူးမပ်ကူးကာလ ဆိုတော့-------
          လက်စမသတ်နိုင်သေးသော ရေးလက်စ ကဗျာစာသားလေးများကို တစိမ့်စိမ့်ပြန်ဖတ်ရင်း အတွေးခြေရာ ကောက်နေမိသည်။ အထူးသဖြင့် စပ်ကူး မပ်ကူးဆိုသော အသုံးအနှုံးကို  တစ်လုံး 
ချင်း ဆ၀ါးနေမိခြင်းဖြစ်ပါသည်။ စပ် -သည် ပေါင်းစပ်ခြင်း၊ကူး- သည် တစ်နေရာမှ တစ်နေရာ သို့
ရွေ့ပြောင်းခြင်း၊မပ်- သည် တည့်မတ်ပေးခြင်း   ။ အချင်းချင်း ပေါင်းစပ်ညှိနှိုင်း၍ တစ်ဦးကိုတစ်ဦး
ထိမ်းမပ်ကြပါသော မှန်မှန်ကန်ကန်အကူးအပြောင်းသဘောကို စပ်ကူး မပ်ကူး ဟု    သုံးစွဲခဲ့ခြင်း
လား။စပ်ကူးမတ်ကူးဟု ဘာကြောင့်ရေးထုံးသတ်ပုံ မပြုခဲ့ပါသလဲ။
          မတ်၏အဓိပ္ပါယ်သည်ဖြောင့်မတ်တည့်မှန်ခြင်းသဘောဖြစ်၍ ကိုယ်တိုင် တည့်မတ်ပြီး
အခြေအနေဟုဆိုနိုင်ပါသည်။ မပ် ကား ထိုသို့မဟုတ်။မတည့်မမတ်သေးသူကို တည့်အောင်မတ်
အောင်ထိမ်းပေး မပ်ပေးခြင်းဖြစ်ပါသည်။ စပ်ပြီးမပ်ပြီးမှ ကူးကြပြောင်းကြဆိုလေသလား။ တည့်ပြီးမတ်ပြီးသူများသည် အချင်းချင်းပေါင်းစပ်ကူးပြောင်းရန်မလိုသည့် အဓိပ္ပါယ်တော့မဟုတ
တန်ရာ။ဖြစ်ခြင်းဖြစ၊် တည့်ပြီးမတ်ပြီးသူ အရေအတွက်သည် စုရန်စပ်ရန်ဦးရေအထိ  မရှိနိုင်ခြင်း ဖြစ်ပါမည်။  သို့မဟုတ် လက်ချိုးရေနိုင်လောက်သည့် ထိုတည့်ပြီးမတ်ပြီးသူက ဦးဆောင်ဦးရွက်
ပြု၍ စပ်ပေး မပ်ပေးခြင်းဖြင့် ကူးစေပြောင်းစေချင်သည့် အဓိပ္ပါယ်လား။
(၂)
          အပြောင်းအလဲ၏ သဘောသဘာဝသည် ဆိုးရာမှ သင့်မည် ကောင်းမည်ထင်သောအရာ
သို့ရွေ့ခြင်း၊တနည်းအားဖြင့် လက်ရှိအနေအထားမှ ပိုမို ကျေနပ်မှု ရရှိစေမည့်အနေအထားသို့  ရွေ့ခြင်း ဟု ကျွန်တော် ကောက်ယူနားလည်ထားပါသည်။အပြောင်းအလဲမှန်လျင် ရမ်းတတ်ကြမ်းတတ်သည့်သဘာဝရှိသည်။အင်အားချိန်ခွင်သဘောတွေလည်း သက်ရောက်တတ်
သည်။အကျိုးထက် အပြစ်အနာလည်းများချင်များတတ်သည်။
          နီုင်ငံရေး၊စီးပွားရေးရာတွင် တည်ငြိမ်မှုရှိနေပါပြီဆိုသော အမေရိကန်လိုနိုင်ငံမျိုးမှာပင်
အပြောင်းအလဲတွေကို ပြည်သူက အငမ်းမရ ဆာလောင်လိုအပ်ဆဲ။ခေါင်းဆောင်သူကလည်း ကြံစည်ဦးဆောင် ပြောင်းလဲစမြဲ။မညီမမျှတွေပေါ်လာကြသည်။ အကြမ်းအရမ်းတွေလည်း ဖြစ်ခဲ့ကြသည်။လူထုကလည်း လူမျိုး၊ဘာသာ၊ပညာ၊ကျန်းမာ ထောင့်ပေါင်းစုံမှ လိုအပ်ချက်
ပြုပြင်ပြောင်းလဲမှုတွေက်ုတောင်းဆိုမြဲ။ပြည့်နိုင၊်ဝနိုင်သည်ကိုမရှိ။ ပို၍ပို၍ ကောင်းမွန်ပြည့်စုံမည်        ထင်ရာဆီသို့ ရွေ့နေပြောင်းနေကြ   သည်ဟုဆိုရပါမည်။ထိုသို့ အပြောင်းအလဲတွေရှိနေလေသ
ပလေယာများအပေါ်မူတည်၍  စပ်ကူးမပ်ကူးကာလသည် တိုက်ပွဲတစ်ခုလည်းဖြစ်သွားတတ် သည်။ထိုသို့ဆိုလျင် ဘေးထွက်ဆိုးကျိုးများသာ အလျံပယ်ပိုင်ဆိုင်ကြရပါတော့မည်။
(၃)
          Gameဆန်သောအပြောင်းအလဲ အစီအမံများတွင် ပါဝင်ဆင်နွှဲရပါသော ပလေယာများ 
အတွက် သရေပွဲဆိုသည်မှာ လက်ခံရယူလိုသော ရလဒ်တစ်ခုမဟုတ်ပါ။အနိုင်ဆိုသော ရလဒ်တစ်ခုအတွက် နည်းနာပေါင်းစုံသုံ၍ စပ်ကူးမပ်ကူး ကာလကိုဖြတ်သန်းကြမည်။စူပါပါဝါ
သဘောတွေကျင့်သုံးလာကြမည်။ဓနနှင့် ဂုဏ်သိက္ခာအတွက် အဓမ္မနည်းလမ်းတွေ အသုံးပြုလာ
ကြမည်။သို့ဆိုလျင် သူမသာ ကိုယ်အသုဘဆိုသော ရှုံး-ရှုံးရလဒ်သာ အသားတင်ကျန်ခဲ့မည်။
နစ်နာကြေပြုန်းကြရသည်မှာ ကွင်းပြင်က ပလေယာပြည်သူများသာ။  ထို့ကြောင့် ကျွန်တော်တို့အားလုံးသည် ပလေယာများသာဖြစ်ကြသည်နှင့်အညီ အပြောင်းအလဲလိုအပ်နေ ပါသော     စပ်ကူးမပ်ကူးကာလများတွင် အချင်းချင်းပေါင်းစပ်၍ တစ်ဦးကိုတစ်ဦး ထိမ်းမပ်ပေး
ကြခြင်းဖြင့်သာ ပန်းတိုင်ရလဒ်ကောင်းကို ရကြလိမ့်မည် ဟု ကျွန်တော် တွေးဆနေမိခြင်းဖြစ်ပါသည်။
          ကွင်းလယ်ပလေယာများသည် သာ တည့်မတ်သောအရည်အသွေးရှိရမည်မဟုတ်ဘဲ
ကွင်းပြင်ပလေယာများဖြစ်သော ကျွန်တော်တို့ အားလုံးသည်လည်း မိမိကိုယ်ကို ပြုပြင်ထိမ်းမပ်
လျက် အချင်းချင်းလည်း အပြန်အလှန်ထိမ်းမပ်ပေးနေကြရပါမည်။ကိုယ်တိုင်ကလည်း သူတပါး၏ အမပ်ခံနိုင်ကြရပါမည်။ချိန်သီးတစ်လုံးလို အင်အားနှင့် လွှဲရမ်းလှုပ်ခါစေကာမူ ၉၀ဒီကရီအနေ
အထားသို့ပြန်လည်ရောက်ရှိလာသည့် တည့်မတ်ခြင်းမျိုး ကျွန်တော်တို့ ရယူ ပိုင်ဆိုင်သင့်ပါသည်။    အမှန်တကယ် မတ်ပြီးဖြစ်သော ကွင်းလယ် ပလေယာများက ဦးစီးဦးဆောင်ပြု၍ တည့်မတ်ရန်လိုအပ်နေသူများကိုပါ စုစပ်ထိမ်းမပ်ပြီး အပြောင်းအလဲ၏ရလဒ်
ကောင်းကို ကျွန်တော်တို့ ၇ယူကြရန်အချိန်တန်ပြီဖြစ်သည်ဟု ကျွန်တော် အရဲစွန့် အဆိုပြုချင်ပါသည်။
(၄)
          ကျွန်တော်သည် မိမိကိုယ်ကို တည့်မတ်အောင် ကြိုးစားနေသည့်နည်းတူ မိမိအား
တည့်မတ်ပေးနိုင်သူများကိုလည်း လက်ခံကြိုဆိုနေသူတစ်ဦးဖြစ်ပါသည်။ထို့အတူ မိမိနှင့် အလိုဆန္ဒ မည်မျှပင်ကွဲပြားနေစေကာမူ ကောင်းမွန်သောပန်းတိုင်တစ်ခုအတွက်  ပေါင်းစပ်
ဆောင်ရွက်နိုင်ရန်လည်း အသင့်အနေအထား ပြင်ဆင်ထားသူတစ်ဦးဖြစ်ပါသည်။
             ထို့အပြင်-ကျွန်တော်တို့ကို ဦးစီးဦးဆောင်လျက် ပေါင်းစပ်ထိမ်းမပ်ပေးမည့်သူ၏ ကိုယ်ရည်စိတ်သွေးကိုအကဲဖြတ်ချဥ်းကပ်တတ်ရန်လည်း ကျွန်တော် လေ့ကျင့် ထားရပါသေးသည်။
(၅)
           ကျွန်တော်သည် မိမိကိုယ်တိုင် တည့်မတ်မှုရှိ/မရှိကို ကျွန်တော့်နည်းကျွန်တော့်ဟန်ဖြစ်
သော အောက်ဖေါ်ပြပါအချက်(၃)ချက်ဖြင့် နေ့စဉ် ကိုယ့်ကိုယ်ကို တိုင်းတာ ကြည့်သူတစ်ယောက်ဖြစ်ပါသည်။ ကျွန်တော်၏နည်းနာကိုတင်ပြလိုခြင်းမဟုတ်ပါ။ ကျွန်တော် ကျင့်သုံးနေသော နည်းနာ ၏ကောင်း/ဆိုး လိုအပ်ချက်များကို အပြန်အလှန်ထိမ်းမပ်ပေးစေလို၍
တင်ပြခြင်းဖြစ်ပါသည်။၎င်းအချက်အလက်များမှာ-
(၁)ရိုးသားဖြောင့်မတ်သော ကိုယ်နှုတ်နှလုံးရှိခြင်း။
(၂)စိတ်ကောင်းစေတနာမှန်ဖြင့် အများအကျိုးကို ဆောင်ရွက်လိုခြင်း။
(၃)ဆိုင်ရာ အသိအတတ်ပညာကို မှား/မှန၊်ကောင်း/ဆိုး ခွဲခြားသုံးသပ်နိုင်ခြင်း။
          ထိုအချက်(၃)ချက်မှာ အဘွားကတစ်ဆင့်ပြောပြခဲ့ပါသော ကျွန်တော် ကြိုက်နှစ်သက်၍
လက်ခံကျင့်သုံးနေသည့် အဘိုး၏ အဘိဓမ္မာဖြစ်ပါသည်။
(၆)
          အဘိုး၏အကြောင်းကို အကျဉ်းမျှ ကျွန်တော်ပြောပြချင်ပါသေးသည်။အဘိုးသည်
၁၉၇၀ ၀န်းကျင် စပ်ကူးမပ်ကူးကာလတွင် လက်နက်ကိုင် တစ်စု၏ သတ်ဖြတ်မှုကိုခံခဲ့ရပါသော
သမာသမတ်ကျကျအုပ်ချုပ်နိုင်ခဲ့သူဆိုသည့် သက်တော်ရှည် ကျေးရွာသူကြီးတစ်ယောက် ဖြစ်ပါသည်။
လူလန်း (၂-၁၀-၂၀၁၂)
    Author
    ကျွန်တော် တွေးမိတဲ့အကြောင်းအရာလေးတွေကို ခပ်တိုတို
    Archives
    November 2012
    Categories
    All