၁။
ကျွန်တော်တို့အိမ်သို့ ယခု ရောက်ရှိနေသောကြောင်သည်
ယခင်အကျင့်စရိုက်ဟောင်းများကို သိမ်းဆည်းသိုဝှက်ထားခဲ့လေသည်လားမသိ။
၂။
ယခင်က ထိုကြောင်သည် ကြွက်ဆိုလျင် ဖြူသည်မဲသည်မရွေး
တစ်ချက်ခုပ် တစ်ကောင်မိ၊ ကွက်တိ ဆရာကြီးဖြစ်သည်။
၃။
ခြင် ယင် ပိုး မွှားမှအစ ဖားနှင့်မြွေအဆုံး မထင်လျင် မထင်သလို
သခင့်အကြိုက် လက်ရဲ ဇက်ရဲ ၊စိတ်ထင်တိုင်းကြဲခဲ့သူဖြစ်သည်။
၎။
ကျွန်တော်တို့အိမ်သို့ရောက်ရှိပြီး တစ်နှစ်ကျော်လာသောအခါ
ကျွန်တော်တို့ ကျွေးမွေးသော ကျန်းမာရေးနှင့်ညီညွတ်သည့်အစာများနှင့်
နေ့စဉ်ရေချိုးသန့်စင်ပေးခြင်းတို့ကိုငြီးငွေ့လာပြီး သည်းခံနိုင်စွမ်းရှိဟန်မတူတော့ပါ။
၅။
ထိုကြောင်သည် အသုံးမပြုရသည်မှာကြာပြီဖြစ်သော သူ၏
လက်သည်းခြေသည်းများကို လူမြင်သူမြင်ထုတ်ဖေါ်ကြည့်ရှုလာပြီး
သူ၏ ချွန်မြသော သွားများကိုလည်း တစမ်းစမ်းလုပ်လာပါသည်။
၆။
ယနေ့တွင်မူ မစောင့်မစည်းနိုင်ဖြစ်ဟန်ရှိနေသော ထိုကြောင်သည်
သူ၏လက်သည်းချွန်ချွန်ကြီးများကို တချွင်ချွင်အသံပေးလျက်
သူ၏အမြီးအား မမှီစမ်းစမ်း တဖြောင်းဖြောင်းလိုက်လံခုတ်ဖြတ်ရင်း
လေပွေရိုင်းတိုက်ခတ်နေသည့်ပမာ ဒလမန်းကြမ်း ချာချာလည်နေပါသည်။
၇။
သူ့ကို ထိန်းချုပ်တားဆီးရန် တိရစ္ဆာန်ဆေးကုဆရာဝန်အား ခေါ်ယူပြသကြည့်သောအခါ
ဆရာဝန်သည် ဖရိုဖရဲဖြစ်နေသော ဧည့်ခန်းထဲမှ ၀ုန်းဒိုင်းကြဲနေသည့်ထိုကြောင်ကြီးကိုကြည့်ရင်း
ကြောင် မှာလည်း ခွေးရူးရောဂါရှိတယ်ဆိုတာ သတိထားကြပါဟု ပြောလိုက်သည်။
၈။
ဤစကားကိုကြားသွားဟန်ရှိသော ထိုကြောင်သည်
သူ၏ စက်ဝိုင်းပုံလုပ်ငန်းကြီးကို ခေတ္တ ဆိုင်းငံ့လျက်
ကျွန်တော်တို့အားလုံးကို စူးစူးစိမ်းစိမ်း ကြည့်လာပါသည်။
၉။
ကျွန်တော်တို့လည်း ထိုကြောင်ကို မျက်ခြေမပြတ်စတမ်း တန်ပြန်စောင့်ကြည့်ရင်း
အသင့်အနေအထားဖြင့် ရရာလက်နက်ကို ကိုင်စွဲလိုက်ရပါသည်။
၁၀။
သို့သော် ကြောင်ဖားကြီးကား သူ၏ စက်ဝိုင်းပုံလုပ်ငန်းကြီးကိုသာ
ပြန်လည် အာရုံစူးစိုက်လျက် တခွီးခွီး တဖြောင်းဖြောင်း---
လူလန်း(၂၂-၁၀-၂၀၁၂)
ခုတလော စိတ်ဟာ တပိန်ပိန်တလိမ်လိမ်နဲ့ ကြောင်လိမ်လှေကားပေါ်မှာ
ဆင်းမယောင် တက်မယောင်နဲ့ တာထွက်မှာ တက်မကိုထောင်လို့
ပန်းဝင်တော့ မယောင်ယောင်။ ၀င်လေထွက်လေမှာ သမာဓိခိုင်ဖူး သယောင်ယောင်။
နဖူးက အမာရွတ်ကိုပဲ ရုပ်နာမ် ခွဲနေသယောင်ယောင်။မရှူနိုင်မရှိုက်နိုင် အပုတ်နံ့ကိုပဲ
နံရင် နံတယ် မှတ်နေသယောင်ယောင်။ကိုယ့်ဂုတ်ပေါ် သွေးတက်စုပ်နေတာ
သမုဒယ ပါလားလို့ တရားကျနေသယောင်ယောင်။ပုဂ္ဂိုလ်ခင်ရာက မင်နေတဲ့တရားဟာ
မမှားတော့သယောင်ယောင်။ပြုသူအသစ် ဖြစ်သူအဟောင်းလို့ပဲ နှလု့းသွင်းထားသယောင်ယောင်။
ဟိုယောင် ဒီယောင် တွေးလိုက်ပြေးလိုက်နဲ့ ခလုတ်တိုက် တိုက်နေတဲ့စိတ်။
စိတ်လောင်ရာ လေပင့်လို့ စိတ်နစ်ရာ ၀ါးကူထိုးတဲ့စိတ်။
လှေမရှိ စိတ်နဲ့ လှော်လို့ ဖိတ်ချင်းဖိတ် ကိုယ့်စိတ်ထဲ ဖိတ်တဲ့ စိတ်။
သူ့စိတ်ပေါ် တုတ်ကျတော့ အနာရှိတယ်တဲ့။ရုပ်မကွဲ နာမ်မကွဲနဲ့
ဝေဒနာတွေကို မပြတ်မှီဝဲနေရသလောက် အာဟာရ ပြတ်နေတဲ့ စိတ်။
စိတ်အချင်းချင်း စိတ်သင်းကွဲနေတာက တစ်ကြောင်း၊စိတ်တစ်ယောက်ကို
စိတ်လိုက်မာန်ပါ ချေမှုန်းပစ်လိုက်မိတာကတစ်မျိုး၊ စိတ်ဟာ
ပိုးမျိုးတစ်ထောင်နဲ့ မီးကို ထပ်ထပ်တိုးတယ်။မြေမှန်မျိုးမှန် စိုက်နည်းမှန်ပေမဲ့
စိတ်ဟာ ရာသီကို မသိလို့ပဲ စိုက်သလောက် မရိတ်မသိမ်းရသလိုလို။
စိတ်အချင်းချင်း တစ်မူးသာသာနေလို့ပဲ စိတ်ဟာ အ၀တ်မကပ် ဖြစ်နေရသလိုလို။
သူကို သူလည်းမမြင် ၊ဘေးဘီဝဲယာ အသာထား၊ မျက်နှာမူရာကိုပဲ မသဲမကွဲနဲ့စိတ်ဟာ
လမ်းကျဉ်းထဲကို ဆူးလှည်းကြီးမောင်းလို့ဝင်ပြန်တယ်။မထိမညိဘူးတဲ့ အရာ မရှိသလို
ကိုယ်တိုင်ကလည်း မကျိုးမပဲ့ဘူးတဲ့ အရိုးမကျန်တော့ဘူးဆိုတော့
စိတ်ဟာ မီးများ မီးနိုင် သမားဆို အိုတယ်။(သတိမေ့မေ့ပြီး-
လူနာဗိုက်ထဲ ကတ်ကျေးတစ်လက်စီ ချန်ထားတတ်တာကလွဲလို့-)
သူ့ကိုယ်သူလည်း ခွဲလိုက် စိပ်လိုက်နဲ့ ဒဏ်ရာပေါင်း သောင်းခြောက်ထောင်ကို
ပလတ်စတစ် ဆာဂျရီ(အတူနေ စိတ်တွေကတော့ ကြွပ်ကြွပ်အိတ် ဆာ ဂျရီပါတဲ့)
အဲဒီလို ဟိုတစ်စိပ်ဒီတစ်စိပ်နဲ့ အစိပ်စိပ် အမွှာမွှာ။ဒီစိတ်ထဲမှာတောင်
ကိုယ့်မင်း ကိုယ်ချင်း သူနိုင်ကိုယ်နိုင်၊ ဟိုစိတ်ကို ဒီစိတ်က ပြိုင်လို့။
သွားသတိ လာသတိနဲ့ စားလည်း ဒီစိတ်
သတိ (၁၀၈)လုံးပုတီးကြီးကို တစ်စိပ်စိပ်။
ကမ္မဌာန်းလိုလို ကျီးကန်းတောင်းမှောက်လိုလိုနဲ့
ခုတလော ပျောက်နေတဲ့ စိတ်ကို
ဆိတ်သိုးတစ်ကောင်ရဲ့ ပေါင်ကြားမှာတွေ့လိုက်တယ်။
လူလန်း (၅-၁၀-၂၀၁၂ )
ဖြစ်ခဲတယ်၊ဖြစ်ခဲ့တယ်၊ ဖြစ်နေတယ်၊ဖြစ်နိုင်တယ်၊ဖြစ်မှာလား၊
ရှင်းကြ လင်းကြ၊မရှင်းလို့ လင်းကြ၊မလင်းလို့ ရှင်းရ၊
ရှင်းရုံ လင်းရုံနဲ့  အမှိုက်ဟာ ပြယ်ပြီ ပျောက်ပြီလား။
အရေးထဲ ရွာသွန်းမြဲနဲ့ တွေ့နေသေး၊
ယခုရွာမြဲလား။ယခင်ရွာမြဲလား၊ အလားတူရွာမြဲလား။
မရှင်းမလင်းတွေဟာ တစ်ခုပြီး တစ်ခု။
ရေကြီးသူတွေ နစ်မြဲလား၊ မိုးခေါင်သူလည်း နစ်မြဲလား။
ဆိုင်ကလုံး ဒဏ်ရာတွေ မကျက်တကျက်ဟာ ပြည်တစိုစိုမြဲလား။
ပိုးလောက်တွေ တဖွေးဖွေး မြဲလား။ရှင်းပါ လင်းပါ။
ရှင်းကြ လင်းကြ။ မသန့်မရှင်းကို ရှင်းကြ လင်းကြ။
ရှင်းမှ လင်းမှ။ရှင်းလေ လင်းလေ။ ရှင်းတိုင်း လင်းတိုင်း
ရှင်းလင်းတယ်ဆိုတာ တကိုယ်ရည် သန့်ရှင်းခြင်းလား။
မိသားစုလိုက်လာ။ ဂိုဏ်းဂဏအလိုက်လား။
ရောဂါ ရှာဖွေနည်းလား။ကုထုံးလား။ဆေးမြီတိုလား။
တစ်ရက်ဆို တစ်ရက် ဆွဲဆန့်နေကြတာလား
ကိုယ့်ရင်ခွင် ကိုယ်ရှင်း။ကိုယ့်အိမ် ကိုယ်ရှင်း။
ကိုယ့်စားပွဲပေါ် ကိုယ်ရှင်း။ကိုယ့်ကုလားထိုင် ကိုယ်ရှင်း။
ရင်ပြင်ကြီးကိုရှင်း။ခန်းမကြီးကိုရှင်း။ဘက်ဂရောင်းကြီးကို ရှင်း။
ရှင်းလင်းပွဲဆိုင်ရာ အသင်းအဖွဲ့၊ကော်မတီ၊ပါတီ၊ရှင်းမည် လင်းမည်။
အရှေ့နည်းနဲ့ ရှင်း။အနောက်နည်းနဲ့ ရှင်း။ယူရိုနည်းနဲ့ ရှင်း။
အမှောင်ထဲမှာ ရှင်း။အရောင်ထဲမှာ ရှင်း။ ကျောသပ်ရင်သပ် ရှင်း။
ခေါင်းငိုက်စိုက်နဲ့ ရှင်း။ကောင်းကင်ကို ငေးမော့လို့ရှင်း။
တချို့ တပိုင်တနိုင် ဗော်လန်တီယာ။တချို့ စပွန်ဇာတွေ တအုပ်တမနဲ့။
တချို့ လစာရိက္ခာ အပြည့်နဲ့။မိုက်ကြီးနဲ့ ရှင်း။လော်ကြီးနဲ့ ရှင်း။
တချို့ မြေပုံကြီး တထောက်ထောက်နဲ့။
တချို့ ပရိုဂျက်တာကြီး တကားကားနဲ့။
အစိုကို အခြောက်။အမဲကို အဖြူ။ရည်ရွယ်ချက်အမျိုးမျိုးနဲ့ ရှင်း။
တစ်ယောက်ဆင်း တစ်ယောက်တက် ရှင်း။ ဆက်လက်ထွက်ခွါ ရှင်း။
ပြီးခဲ့တဲ့ အမှိုက်နှစ်တွေကို ပြန်လည်သုံးသပ်လို့ ရှင်း။
လာပါဦးမဲ့ အမှိုက်တွေကို ရည်ရွယ်လျာထားလို့ ကြိုတင် ရှင်း။
ဆင်က ရှင်း။ ကျားက ရှင်း။ရှဉ့်ကို ရှင်း။ ပျားကို ရှင်း။
ဆင်းပြီး ရှင်း။ တက်ပြီး ရှင်း။ ရှင်လည်း ရှင်း။ သေလည်းး ရှင်း။
ဟိုလို ဒီလိုရှင်း။ ဟိုလူ ဒီလူ ရှင်း။တောရောက်တောင်ရောက် ရှင်း။
မြေပေါ် မြေအောက်မကျန် ရှင်း။ စည်းမဲ့ ကမ်းမဲ့ အလုအယက် ရှင်း။
နည်းလမ်းမျိုးစုံနဲ့ ရှင်း။ ရှင်းရင်း ရှင်းရင်းးး
အမှိုက်တွေ နဲ့ လင်းနေတဲ့ ကမ္ဘာ--။
အမှောင်ထဲမှာ တံမြက်စည်းတွေ။
လူလန်း (၄-၉-၂၀၁၂ )
ဆိုခဲ့ ငိုခဲ့ ဖူးသမျှ ပြည့်လို့ စုံလို့ နားပြီ ရပ်ပြီလား
ဒါမှမဟုတ် Stable ဆိုလား Smartဆိုလား နို့ဝလို့ အငိုတိတ်နေတာလား။
ခပ်တောင့်တောင့်ကြီး မလှုပ်မယှက်နဲ့ခုတလော ကဗျာတွေကအစ ကဗျာကိစ္စပြီးသွားလို့ပဲ
တည်သွား ငြိမ်သွားတာလား။ဝေ့ကာ ၀ဲကာ ပြောစရာ နိမိတ်ပုံတွေ ကုန်လို့လား၊ ဂယက်အနက်တွေနဲ့
စောင်းပါး ရိပ်ခြည်နေ့ရက်များ ပန်းတိုင်ဆိုတာ တွေ့သွားတာလား။ခေတ်ပေါ်ကိုလွန်ခဲ့တဲ့
ခေတ်ပေါ်လွန်ကပဲ ခေတ်တွေထဲ ကျွံလွန်သွားလို့လား။ဒါမှမဟုတ် ဘ၀ရှင် မင်းတြားကြီး
သိကောင်းစရာ ကဗျာအရေးအသားတွေနဲ့ ဦးပုညလို ခေတ်မဟုတ်လို့လား။
မဟာမှိုင်းလို ဆုပေးဒဏ်ပေး တခမ်တနားအရေးအဖွဲ့တွေကို ခေတ်ကမတောင်းဆိုလို့လား။
ရေးသားတင်ဆက်စရာ မလိုအပ်တာလား။ခေတ်စမ်းကဗျာလို ခေတ်ကိုစမ်းသလိုလိုနဲ့ အတွေး
အမြင်သစ်တွေကိုဆွဲဖွင့်စရာ တံခါးတွေ ပွင့်နေပြီးလို့လား။ ဒါမှမဟုတ် ငါတို့ရှိသေးတယ်လို့
ရင်ဘတ်ကို တဘုတ်ဘုတ် ပုတ်လို့ ဖွင့်ထုတ်ရေးဖွဲ့စရာ ငါတွေ မရှိတော့လို့လား။
ပလေယာ-ငါ-တွေကိုပဲ ဝေဒနာ-ငါ-တွေက ပြောရေးဆိုခွင့် အပ်လိုက်လို့လား။
တန်းတူညီမျှ လှူုအခွင့်ရေး ဆာတီဖီကိတ်တွေနဲ့ ပဲ ကဗျာဟာ အိမ်ဦးခန်းမှာ နေရာ ရသွားလို့လား။
ဗဟိုခွါရွေ့အားတွေကြောင့်ပဲ ဖြန့်ထွက်ခဲ့ အဓိပ္ပါယ်တွေဟာ ထိမ်းမနိုင်သိမ်းမရတော့တာလား။
ထင်တိုင်းမပေါက် ဘာသားစကားတွေကိုပဲ အလိုမပြည့်စွာ ရှာဖွေ တူးဆွနေရလို့လား။ဒါမှမဟုတ်-
ဖတ်သူကိုယ်တိုင် ပါဝင်နည်းနာကြီးထဲ တစ်ယောက်တစ်ပေါက်တွေနဲ့ ခြေချင်းလိမ်နေလို့များလား။
လွတ်လပ်စွာတွေကိုပဲ လွတ်တွေ လပ်တွေ စွာတွေနဲ့ ခွဲထွက် ပွဲစည် တည်ထောင်ပြီးလို့လား။
ဒါမှမဟုတ်- ခွင့်ပြုချက်မပေးဘဲ ဆန္ဒထုတ်ဖေါ် စီတန်းလျှောက်လို့ အမှုပေါင်း ၂၀ ကျော်နဲ့ နေထွက်
နေ၀င် ရင်ဆိုင်နေရလို့လား။လုပ်ခလစာတွေပဲ လယ်ဘယ်တူ အာဆီယံဆိုတာနဲ့ တန်းဝင်မယ်မှာ ငေးမော
မင်သက်မိနေလေသလား။ဒါမှမဟုတ် အိမ်ရှိလူကုန် အူမချေးခါးမကျန်တစ်နေ့လုပ်တစ်နေ့စား နေရသလား။
ယခင့်ယခင်အောင်မြင်စွာ ရင်းနှီး မြှုပ်နှံခံလှူုစွမ်းအားတွေ ထဲ အလုပ်အကိုင်အခွင့်အလမ်းတွေနဲ့ လူလူ
သူသူဖြစ်သွားလို့လား။ဒါမှ မဟုတ် အတည်ပြုပြီးဥပဒေတွေလိုပဲ လိုအပ်တဲ့ နည်းဥပဒေညွှန်ကြားချက်တွေ
ပြည့်စုံ ခန့်ခိုင်ဖို့ ရှာဖွေ တွက်ချက်နေရလို့လား။
ဒါမှမဟုတ်- ဘာမှမဟုတ်တော့ဘူးလို့ ခံယူတိမ်းရှောင်ပစ်ချင်တာလား။
ထားပါတော့-
-ခုတလော-ကျွန်တော့်ကို ကျွန်တော် ပြန်ပြန်မြင်နေရပုံက ၊
ကဗျာဆရာလိုလို ၊
ရေခဲတိုက်ထဲက ပိုင်ရှင်မဲ့ အလောင်းကောင်ကြီးလိုလို။
ဒါမှမဟုတ် -
ဘာမှ မဟုတ် ------တဲ့ -----
လူလန်း (၁၆-၁၁-၂၀၁၂)
ဦးအောင်တိုးနဲ့ဒေါ်တိုးတိုးမြင့် အစ
မောင်တိုးကျော်နဲ့မနိုင်နိုင်တိုး အဆုံး
နောက်ထပ်တိုးလာတဲ့မောင်နောက်တိုး အပါအ၀င်၊
တပိုင်တနိုင်မွေးထားတဲ့ဝက်ကလေး(၂)ကောင်က တိုးမောင်နဲ့ မိတိုး၊
(စိုက်ခိုင်းထားတဲ့စပါးအမည်က
ရတနာတိုးအစား ပုလဲသွယ်-အထူးအထွက်တိုး-)
တိုးကို တိုးချင်နေကြတဲ့အခြေအနေဆိုတော့
ဥဒဟို တိုး၊ဇွတ်အတင်း တိုး၊
တကိုယ်တော် တိုး၊အစုအဖွဲ့နဲ့ တိုး၊
ပါတီထောင်လို့မှိုလို တိုး၊
ရေးရာကော်မတီတွေနဲ့တိုး၊
တွန်းရင်းတိုးရင်း အိုနင်းခွက်နင်း ကြက်ပျံမကျ တိုး၊
(စည်းကမ်းမဲ့တိုးပါက ကြိမ်ဒဏ် ၅၀ )
တွန်းရင်းကြေကြေ၊တိုးရင်းသေသေ၊
တိုးမယ်တက်မယ်ဆို သားကောင်ချ နင်းလို့ တိုး၊
ဖောင်ကိုဖျက်လို့ တိုး၊
ဘ၀တွေကို ပုံအောလို့ တိုး၊ဖုံးမရ ဖိမရ တိုး
၊ထိမ်းမနိုင် သိမ်းမနိုင် တိုး၊
စိတ်လွတ် ကိုယ်လွတ် တိုး၊
တိုး တိုး တိုး၊
တိုး ဖို့တိုး၊တက်ဖို့ တိုး၊ ပွားဖို့ တိုး၊
တိုက်ဖို့ တိုး၊တွန်းဖို့ တိုး၊ ဝှေ့ဖို့ တိုး
၊ရည်ရွယ်ချက်အမျိုးမျိုးနဲ့ တိုး၊
ကြော်ညာအားနဲ့ တိုး၊ ကံစမ်းမဲနဲ့ တိုး၊
အမိန့်ညွှန်ကြားချက်နဲ့ တိုး၊
ကြီးနိုင်ငယ်ညင်း တိုး၊
သူခိုးက လူ လူဟစ်လို့ တိုး၊
တန်းစီ တိုး၊ကြားဖြတ် တိုး၊
အရေးပေါ်အခြေအနေနဲ့ တိုး
၊(လာဘ်ပေးလာဘ်ယူ တိုးသူများ
တရုတ်နိုင်ငံတွင်သေဒဏ်)
ဒါကြောင့် တိုးတိုးတစ်မျိုး ကျယ်ကျယ်တစ်မျိုး တိုး၊
ငစွေလည်း တိုး၊
ငမာလည်း တိုး၊
မောင်မောင်လည်း တိုး၊
အောင်ကျော်လည်း တိုး၊
မောင်ပုလဲ လည်း တိုး၊
(တချို့ ကြက်ကန်း ဆန်အိုး တိုး၊
တချို့ ကံဆိုးမသွားရာ မိုးလိုက်လို့ တိုး၊)
ဟိုဘက် တိုး၊ဒီဘက် တိုး၊
အလယ် တိုး၊အရှေ့ တိုး၊အနောက် တိုး
၊အထက် တိုး၊အောက် တိုး၊
အရပ်ဆယ်မျက်နာ ဖြန့်ကျက်လို့ တိုး၊
မြေပေါ် မြေအောက်မကျန် တိုး၊တိုးပြီးရင်း တိုး၊
ခုလည်း တိုး၊ နောင်လည်း တိုး၊
သက်တမ်းကုန်ရင် တိုးဖို့ နှမ်းဖြူးလို့ တိုး၊ ဆားခပ်လို့ တိုး၊
ထောင်မြင် ရာကိုစွန့်လို့ တိုး၊
ဘာလုပ်ပေးမယ် ညာလုပ်ပေးမယ်
ပါးစပ်ထဲက ကတိက၀တ်တွေနဲ့ တိုး၊
တိုး တိုး တိုး ၊တိုးမဲ့ တိုး ကုတို့ရောက်အောင် တိုး၊
(တိုးမောင်နဲ့ မိတိုးကတော့
စွန့်ပစ် ထမင်းသိုး ဟင်းသိုးတွေကို မြိန်ရည်ရှက်ရည် တဗွမ်းဗွမ်း၊
ဦးတိုးနဲ့ဒေါ်တိုးဟာလည်း
အသားတိုးတော့မယ်ဆိုတော့ ပီတိတွေ တရွှမ်းရွမ်း၊)
ဆက်စပ်ပူးပေါင်း တိုးနေကြတယ်ဆိုတော့လည်း
ငွေတိုး ရွှေတိုး၊အိမ်ခြံမြေတွေတိုး၊
စက်ရုံ အလုပ်ရုံတွေ တိုး
(အလုပ်လက်မဲ့တွေလည်း တိုး)
သွေး တိုး၊ ဆီချို တိုး၊
အနာရောဂါ တိုး၊
(ကုရာနတ္ထိ ဆေးမရှိတွေလည်း တိုး၊)---
ဒီလောက်တောင် တိုး=တက်=တွန်း=တိုက်နေတဲ့အထဲ
စိတ်ကောင်း စေတနာကောင်းတွေ ဘယ် ကျန် နေ ခဲ့ သ လဲ----။
လူလန်း (၂၉-၈-၂၀၁၂ )
ဟောဒီ ရုံပွင့်/ရုံဖွင့် ရုံလျှံ အရှုံးခံ ဇာတ်လမ်းမှာ
ကျွန်တော့်အပြင် မ နိုင် နဲ့ မ နင်း ဆိုတဲ့ ညီအမနှစ်ဦး။
ပဏာမအဖြစ်အငုံအဖူးတွေနဲ့ ဖုတ်ပူမီးတိုက်များ ဆိုသီ
ခေတ်ပေါ် အငမ်းမရ အရှောင်အတိမ်းများနဲ့ယိမ်းအလှ အကများ
တမြည့်မြည့်ပြည်ဖုံးကားကြီးအကျမှာ
နောက်တစ်လှမ်းဆုတ်ဟာ တရွေ့ရွေ့အားယူရင်း
အဲသည် ကမ်းနဖူးယောင်္ကျားရဲ့ ကန်းနားသစ်ပင်
ဆိုတဲ့ခုထိပတ်တုတ်မရပါသောရေစီးကြမ်းတွေနဲ့ ဇာတ်ရုပ်စ
ထုံစံအတိုင်း ဇာတ်လိုက်ကောင်လေးက စရိုက်(၂)မျိုးနဲ့
ထင်းတွေကို ထမင်းလုပ် စားနေတဲ့ ရာဇ၀င်နောက်ခံမှာ
၁၄-၅မိုင်ခရီးပြင်း၊ ရေစည်လှည်းအိုတွေ ရေသောက်ဆင်း။
အဲဒီ ရောမဆန်ဆန် ခပ်ပြင်းပြင်းရှုခင်းထဲ
ကျတ်ကုန်းခေါင်ခေါင်ပေါ်မှတဆင့် ရွာကိုပြန်ကျောင်းနေပါသော
နှုတ်ကြမ်းအာကြမ်း ဆိတ်အုပ်များပါဝင်
(နောက်ခံ ကားလိပ်-ရွာဦးကန် ကိုယ်တိုင်က
ရွာကို ပြန်လည် သောက်သုံးနေဟန်-အဖြူအမဲ (၂)ရောင်သုံး )
-မခို့တရို့ ပတ်ကြားအက်နေကြသော တောင်သူယာခုတ်တချှို ဖြတ်လျှောက်ကြစေ-
ဖုန်တထောင်းထောင်း လမ်းခယောင်းတချို့လွယ်အိတ်ကိုယ်စီ
-တစ်ဦးစနှစ်ဦးစ မိုးတိုးမတ်တပ် မေ့နေဟန်ပြ-
ထိုစဉ်မျက်လုံးပြားပြား ထနောင်းပန်းဝါးဝါးနှင့်
ခေါင်းရွက်ဗျတ်ထိုး နေ့တဓူဝများသီချင်းသံဆူညံ။
နောက်တစ်ခန်း-မီးလုံးရဲ ရဲ အဖွင့်မှာတားဆေးထိုးချင်လို့ပါ
ဆရာ ဆိုပြီး ညီအမနှစ်ယောက် သဲသဲမဲမဲ ၀င်လာ။
၁။တစ်နွေပြီးတစ်နွေကို နို့ချိုမှန်မှန်တိုက်ပါ
၂။တစ်မိုးပြီးတစ်မိုးကို ကိုးလလွယ်ပါ
၃။တစ်ဆောင်းပြီးတစ်ဆောင်းကို ဆယ်လ ဖွားပါ
ဆေးပတ်လည်အောင် သံသရာလည်ပါဟု
ဆရာဝန်သံ ခပ်မှန်မှန်ဖြင့်ကျွန်တော်ပြော
(ရုတ်တရက် မီးမှောင်ကြီးချ။-ရုတ်တရက်ပဲ-
အဖြူခံ အစိမ်းရေး-၉၆ပါးနံပါတ်ပါ အိမ်တစ်လုံးကို ဆလိုက်နီ ထိုးပြ-
နောက်တဖန်ရုတ်တရက်ပဲ-ပြဇာတ်နာမည်ကိုကြေညာရန်-)
အချိန်နှင့် တပြေးညီစွာ အောက်ပါတစ်ပါးသွားသီချင်းကို
ိုတစ်ခွန်းဈေး ဆိုင်းဘုတ်သံဖြင့် မြိန်ရည်ရှက်ရည်-
ကမ္ဘာ မကြေ×××မြန်မာ××ပြည်×××××
လူလန်း(ပိတောက်ပွင့်သစ် -အောက်တိုဘာ/၂၀၀၈ )